၂၀၂၂၊ ဖေဖော်ဝါရီ ၇
မောလ်တာ
မော်လ်တာကျွန်းမှာ ယေဟောဝါသက်သေများ တရားဝင် မှတ်ပုံတင်ခွင့်ရ
မော်လ်တာမှာ ရှိတဲ့ ယေဟောဝါသက်သေ (JW–Malta) ဆိုပြီး တရားဝင်အဖွဲ့အဖြစ် မှတ်ပုံတင်ခွင့် ရသွားပါပြီ။ ၂၀၂၁၊ ဒီဇင်ဘာ ၂၈ ရက်မှာ JW–Malta က တရားဝင်ပုဂ္ဂိုလ် a မှတ်ပုံတင်ထားတဲ့ လက်မှတ်ကို ရရှိခဲ့တယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက မော်လ်တာမှာ ယေဟောဝါသက်သေ အဖွဲ့အစည်း ရှိခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အသင်းတော်တွေကို တရားဝင် အသိအမှတ်မပြုထားဘူး။ ဒါကြောင့် မြေပိုင်ဆိုင်ဖို့၊ ဘဏ်စာရင်း ဖွင့်ဖို့တောင် အခက်တွေ့ခဲ့ကြတယ်။ ၁၉၉၄ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားအဖွဲ့ (IBSA) က မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်း ဖြစ်လာတယ်။ IBSA မှာ အခွင့်အရေး အနည်းငယ်တော့ ရရှိပေမဲ့ အကန့်အသတ်ပဲ ဖြစ်တယ်။ အခု၊ JW-Malta အဖြစ် အသိအမှတ်ပြုခံရပြီ ဖြစ်လို့ မော်လ်တာမှာ ရှိတဲ့ ဒေသခံ ဌာနခွဲရုံးနဲ့ အသင်းတော်တွေ ပိုပြီး ထိထိရောက်ရောက် အမှုဆောင်ခွင့် ရပါပြီ။
မကြာသေးခင်က မှတ်ပုံတင်ခွင့် ရရှိတာနဲ့ပတ်သက်ပြီး မော်လ်တာ တိုင်းပြည် ကော်မတီဝင် ညီအစ်ကို ဂျိုး မာဂရီက “တရားဝင် အဖွဲ့အစည်း ဖြစ်လာနိုင်အောင် ယေဟောဝါ ကူညီပေးလို့ တကယ် အားရှိစရာပဲ။ မှတ်ပုံတင်နိုင်ဖို့ ဗြိတိန်နဲ့ ကမ္ဘာ့ဌာနချုပ်က တရားရေးဌာနတွေက ညီအစ်ကိုတွေ ကူညီခဲ့ကြတယ်။ ဘုရားနိုင်ငံတော်အတွက် ပိုအမှုဆောင်နိုင်လို့၊ တရားဝင် အဖွဲ့အစည်းနာမည်ထဲမှာ ယေဟောဝါနာမည် ပေါ်လွင်နေတဲ့အတွက် ဘုရားကို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေလို့ ကျေနပ်တယ်” လို့ ပြောတယ်။
လောလောဆယ် မော်လ်တာကျွန်းမှာ သက်သေခံ ၈၀၀ ကျော်ဟာ အသင်းတော် ၁၁ ခုမှာ အမှုဆောင်နေကြတယ်။ နှစ်ပေါင်း ၂,၀၀၀ ကျော်နီးပါးက မော်လ်တာကျွန်းမှာ တမန်တော် ပေါလု စတင်ခဲ့တဲ့ “ဘုရားသခင့် နိုင်ငံတော် . . . အကြောင်း ဟောပြော” ခြင်းကို အခုထိ “အတားအဆီး မရှိဘဲ” ဆက်လုပ်ဆောင်နိုင်လို့ ကျွန်တော်တို့ ဝမ်းသာတယ်။—တမန်တော် ၂၈:၁၊ ၃၀၊ ၃၁။
a ဥပဒေ ဝေါဟာရ ဖြစ်တဲ့ “တရားဝင်ပုဂ္ဂိုလ်” ထဲမှာ လူတစ်ဦးတစ်ယောက်၊ ကုမ္ပဏီ၊ အုပ်စု/အဖွဲ့အစည်းတွေ ပါဝင်တယ်။