မာတိကာဆီ ကျော်သွား

မွန်ဂိုလီယားမြို့တော် ဦလန်ဘာတာမြို့၊ တရားရုံးရှေ့ ယေဟောဝါသက်သေတွေရဲ့ ရှေ့နေတွေနဲ့အတူ ဒေသခံ ညီအစ်ကို၊ ညီအစ်မများ

ဩဂုတ် ၂၄၊ ၂၀၁၈
မွန်ဂိုလီယား

မွန်ဂိုလီယားမှာ ဘာသာရေး လွတ်လပ်မှု အောင်ပွဲ– ယေဟောဝါသက်သေများ မှတ်ပုံတင် သက်တမ်းတိုး

မွန်ဂိုလီယားမှာ ဘာသာရေး လွတ်လပ်မှု အောင်ပွဲ– ယေဟောဝါသက်သေများ မှတ်ပုံတင် သက်တမ်းတိုး

မွန်ဂိုလီယားနိုင်ငံ၊ ဦလန်ဘာတာမြို့က ယေဟောဝါသက်သေများရဲ့ ဘာသာရေး အသင်းအဖွဲ့ မှတ်ပုံတင် သက်တမ်းတိုးမှုကို တရားဝင်ခွင့်ပြုကြောင်း မြို့တော်ကောင်စီက ၂၀၁၈၊ ဇွန် ၁၄ ရက်နေ့မှာ အကြောင်းကြားခဲ့တယ်။

ယေဟောဝါသက်သေတွေကို ဦလန်ဘာတာမြို့မှာ တရားဝင်လုပ်ဆောင်ခွင့်ပြုတဲ့ လက်မှတ်

မွန်ဂိုလီယားနိုင်ငံက ဘာသာရေး အဖွဲ့အစည်းတွေဟာ နှစ်တိုင်း မှတ်ပုံတင် သက်တမ်းတိုးဖို့ လိုအပ်တဲ့အတွက် ညီအစ်ကိုတွေဟာ ၁၉၉၉ ခုနှစ်ကစပြီး မှန်မှန် သက်တမ်းတိုးကြတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ မြို့တော်ကောင်စီက ဦလန်ဘာတာမြို့က ယေဟောဝါသက်သေ တရားဝင်အသင်းအဖွဲ့ကို သက်တမ်းတိုး မပေးတော့ဘူး။ ဒါကြောင့် ၂၀၁၇၊ ဇန်နဝါရီလမှာ မြို့တော်ကောင်စီက ယေဟောဝါသက်သေတွေ ဘာသာရေးလုပ်ဆောင်မှုကို ဖျက်သိမ်းကြောင်း တရားဝင် အမိန့်ထုတ်ပြန်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ရတဲ့အကြောင်းရင်း တင်ပြဖို့ တောင်းဆိုတဲ့အခါ ကောင်စီဝင်တွေ ငြင်းဆိုခဲ့ကြတယ်။ ညီအစ်ကိုတွေက မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

တရားရုံးအမှုကြားနာချိန်အတွင်း မြို့တော်ကောင်စီ ရှေ့နေက ရုရှားနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ တရားဝင်အသင်းအဖွဲ့ကို ပိတ်ပင်လိုက်တဲ့ ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အထောက်အထားအနေနဲ့ တင်ပြဖို့ ကြိုးစားခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ရှေ့နေတွေက အဲဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြောင်း၊ နိုင်ငံတကာ တရားရုံးတွေက တရားမဝင်ဘူးလို့ သတ်မှတ်ကြောင်း ချေပခဲ့ကြတယ်။ ဒီ့ပြင် မြို့တော်ကောင်စီက ဆုံးဖြတ်ပြီးမှ ရုရှားရဲ့ စီရင်ဆုံးဖြတ်ချက် ပေါ်လာတာဖြစ်လို့ အကြောင်းပြချက်အဖြစ် သုံးလို့မရကြောင်း ထောက်ပြခဲ့ကြတယ်။

တရားရုံးက မြို့တော်ကောင်စီဟာ တစ်ဆင့်ကြား သက်သေခံချက်ကို သုံးပြီး ဆုံးဖြတ်တာဖြစ်ကြောင်း၊ အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုကိုမှ အထောက်အထား မပြနိုင်ကြောင်း ကောက်ချက် ချပြီး မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးခဲ့တယ်။ ဒီ့ပြင် ဘာသာရေး ယုံကြည်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် အပါအဝင် ညီအစ်ကိုတွေရဲ့ အခြေခံ လူ့အခွင့်အရေးကို မြို့တော်ကောင်စီက ချိုးဖောက်ကြောင်းကိုလည်း တွေ့ရှိခဲ့တယ်။

ဒီအမှုမှာ ပါဝင်ခဲ့သူ ယေဟောဝါသက်သေတွေရဲ့ ရှေ့နေ ဂျေဆင် ဝိုက်စ် ဒီလိုပြောတယ်– “အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုဟာ နိုင်ငံတော်ရဲ့ တရားဝင် မှတ်ပုံတင်မှု မလိုအပ်ပေမဲ့ မှတ်ပုံတင် မရှိရင် လွတ်လပ်စွာ ဝတ်ပြုဖို့ ခက်တတ်တယ်။ တရားဝင် မှတ်ပုံတင်ထားတော့ တခြားအကျိုးကျေးဇူးတွေအပြင် ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို တင်သွင်းခွင့် ရစေတယ်။ ဝတ်ပြုတဲ့နေရာတွေ ပိုင်ဆိုင်ခွင့် ရစေတယ်။ အစည်းအဝေးကြီးတွေ ကျင်းပဖို့ အဆောက်အအုံတွေ ငှားရမ်းခွင့် ရစေတယ်။ တရားရုံးက ဦလန်ဘာတာမြို့၊ မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးခဲ့တဲ့အတွက်၊ မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မွန်ဂိုးလီးယားနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံခွင့်အပေါ် အပျက်သဘော သက်ရောက်နိုင်ကြောင်း အသိအမှတ်ပြုပေးတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကြပါတယ်။”