မာတိကာဆီ ကျော်သွား

စစ်ကြောင့် စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရပေမဲ့ နာတာလီယာ (ဘယ်) နဲ့ သမီးဖြစ်သူ ဟက်ဘရီယာလာဟာ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ကြေညာသူတွေကို တည်းခိုခွင့်ပေးခဲ့ကြ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်
ယူကရိန်း

ချို့တဲ့ငြား လိုအပ်နေသူတွေကို ကူညီပေးနေ

ချို့တဲ့ငြား လိုအပ်နေသူတွေကို ကူညီပေးနေ

ယူကရိန်းမှာ စစ်ဖြစ်နေလို့ ယေဟောဝါသက်သေ ၄၇,၀၀၀ လောက်ဟာ အိုးပစ်အိမ်ပစ် ပြေးခဲ့ကြရတယ်။ အတော်များများက နိုင်ငံအတွင်း ပိုလုံခြုံတဲ့နေရာတွေဆီ ထွက်ပြေးခဲ့ကြတယ်။ ယုံကြည်သူချင်းတွေက သူတို့ကို အဝတ်အထည်၊ အစားအသောက်၊ နေစရာနဲ့ တခြားလိုအပ်ရာတွေ ပေးကြတယ်။ ဧည့်ဝတ်ကျေပွန်တဲ့ ညီအစ်ကို၊ ညီအစ်မတွေ ကိုယ်နှိုက်က စီးပွားရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရပေမဲ့ အကူအညီလိုအပ်နေတဲ့ ယုံကြည်သူချင်းတွေကို လိုလိုလားလား ကူညီပေးနေကြတယ်။

နေရပ်စွန့်ခွာထွက်ပြေးခဲ့တဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ အိုလာ (ညာစွန်)

ယူကရိန်းနိုင်ငံ၊ အူမန်မြို့က ညီအစ်မအိုလာနဲ့ သက်သေခံမဟုတ်တဲ့ ခင်ပွန်းက စစ်ဖြစ်ချိန် ပထမ နှစ်လအတွင်း ကြေညာသူ စုစုပေါင်း ၃၀၀ ကို အိမ်မှာ တည်းခိုခွင့်ပြုခဲ့တယ်။ နေရပ်စွန့်ခွာထွက်ပြေးလာသူအများစုက တစ်ညပဲ တည်းခိုပြီး ခရီးဆက်ကြတယ်။ ဧည့်သည်တွေ တည်းဖို့ လာနေပြီဆိုတာကို ညသန်းခေါင်လောက်မှပဲ ညီအစ်မအိုလာ သိရလေ့ရှိတယ်။ တစ်ခါကဆိုရင် ညီအစ်ကို၊ ညီအစ်မ ၂၂ ယောက်ကို တစ်ပြိုင်နက် ကြိုဆိုဧည့်ခံခဲ့တယ်။ အိုလာရဲ့ ၁၈ နှစ်အရွယ် သားဖြစ်သူ စတာနီစလေ့လည်း ရက်ရောမှုပြခွင့် ရခဲ့တယ်။ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေ သူ့အခန်းမှာ အိပ်နိုင်ဖို့ သူကတော့ ကြမ်းပြင်ပေါ်မှာ မကြာခဏ အိပ်ခဲ့ရတယ်။

“အခုလိုဒုက္ခရောက်ချိန်မှာ ယေဟောဝါရဲ့လူမျိုးကို ကျွန်မ ကူညီပေးနိုင်လို့ သိပ်ဝမ်းသာတယ်။ ကျွန်မ တကယ်ဝမ်းသာတယ်” လို့ ညီအစ်မအိုလာ ပြောပြတယ်။

လုဒ်မီလာနဲ့ အန်ဒြာယာ

အန်ဒြာယာနဲ့ ဇနီးဖြစ်သူ လုဒ်မီလာဟာ ငါးပတ်အတွင်း သက်သေခံ ၂၀၀ ကို ဧည့်ဝတ်ပြုခဲ့တယ်။ တစ်ခါက တစ်ညတည်းမှာပဲ လူ ၁၈ ယောက်ကို ဧည့်ဝတ်ပြုခဲ့တယ်။ အန်ဒြာယာ အခုလို ပြောပြတယ်- “ဌာနခွဲရုံးက ညွှန်ကြားထားတဲ့အတိုင်း ကျွန်တော်တို့ အစားအသောက်တွေ စုထားတယ်။ ဒါကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေကို တစ်ပတ်ခွဲ ဧည့်ခံကျွေးမွေးနိုင်ခဲ့တယ်။ ညီအစ်ကိုတွေက ကျေးဇူးတင်စာနဲ့အတူ ပိုက်ဆံပါထည့်ခဲ့ကြတော့ အဲဒီငွေနဲ့ နောက်ဧည့်သည်တွေအတွက် ဝယ်လို့ရနိုင်သမျှ အစားအစာတွေ ဝယ်ခဲ့တယ်။ ကယ်ဆယ်ရေးကော်မတီကလည်း အစားအသောက်တွေ ပေးတယ်။ ကျွန်တော်တို့ ဘာတစ်ခုမှ မချို့ငဲ့ခဲ့ဘူး။”

မတ်လမှာ အီဗာနို–ဖရန်ကီးမြို့က ဗီတာဟာ နေအိမ်စွန့်ခွာထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေ သူ့တိုက်ခန်းမှာ နေလို့ရအောင် သူ့ညီမဆီမှာ သွားနေခဲ့တယ်။ ဗီတာ အခုလို ပြောပြတယ်- “ဒီလိုလုပ်တာကို အနစ်နာခံတယ်လို့ ကျွန်မ မယူဆပါဘူး။ ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြတာပါ။ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေအတွက် တစ်ခုခုလုပ်ပေးရလို့ ကျွန်မပျော်တယ်။ ကျွန်မတို့အားလုံးဟာ မိသားစုပါ။”

နာတာလီယာဟာ ခင်ပွန်း၊ သမီး ဟက်ဘရီယာလာတို့နဲ့အတူ တဲနိုပင်းမြို့မှာ နေထိုင်တယ်။ စစ်စဖြစ်တဲ့အခါ သူတို့အားလုံး အလုပ်လက်မဲ့ဖြစ်သွားတယ်။ ဒါကြောင့် လိုအပ်တာတွေဝယ်ဖို့ စုထားတဲ့ငွေအများစုကို သုံးခဲ့ကြရတယ်။ ဒါနဲ့တောင် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ညီအစ်မတစ်ယောက်နဲ့ အဲဒီညီအစ်မရဲ့မသန်မစွမ်းသမီးလေးကို ဝမ်းပန်းတသာ တည်းခိုခွင့်ပေးခဲ့တယ်။

ဆွေမျိုးတစ်ယောက်အိမ်မှာ သွားနေတဲ့ ဗီတာ (ညာစွန်) နဲ့ သူ့တိုက်ခန်းမှာ တည်းခိုကြတဲ့ နေရပ်စွန့်ခွာထွက်ပြေးသူ ညီအစ်ကို/မများ

တခြားသူတွေရဲ့ အကျိုးကို ဦးစားထားတတ်ဖို့ ဒီအတွေ့အကြုံကနေ သင်ခန်းစာရခဲ့တယ်လို့ နာတာလီယာ ပြောပြတယ်။ သူ အခုလို ဆက်ပြောတယ်- “အာဖရိကက ညီအစ်မတစ်ယောက်ဟာ ဥစ္စာပစ္စည်း နွမ်းပါးတာတောင် စည်းဝေးကြီးလာတဲ့ ညီအစ်ကို၊ ညီအစ်မ ၁၄ ယောက်ကို တည်းခိုဖို့နေရာ ပေးခဲ့တယ်။ သူတို့အားလုံး ဘာတစ်ခုမှ မချို့ငဲ့ခဲ့ဘူး။ အဲဒီတွေ့ကြုံမှုကို သတိရမိတယ်။”

ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရပေမဲ့ ယူကရိန်းက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်” ကြရင်း ယေဟောဝါကို ပညာရှိရှိ ယုံကြည်ကိုးစားနေကြတယ်။​—⁠ရောမ ၁၂:⁠၁၃