မာတိကာဆီ ကျော်သွား

ယူကရိန်း​နိုင်ငံက ယေဟောဝါ​သက်သေတွေဟာ ငှားရမ်း​ထားတဲ့ အဆောက်အအုံတွေမှာ အနှောင့်အယှက်​ကင်း​ကင်း​နဲ့ စုဝေး​ဝတ်ပြု​နိုင်ကြပြီ

မတ် ၂၄၊ ၂၀၁၇
ယူကရိန်း

ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ပိုင်ခွင့်​ရှိကြောင်း ယူကရိန်း အထက်​တရားရုံး အတည်ပြု

ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ပိုင်ခွင့်​ရှိကြောင်း ယူကရိန်း အထက်​တရားရုံး အတည်ပြု

အစိုးရ​အရာရှိတွေ​ရဲ့ နှောင့်ယှက်မှု​မရှိဘဲ ငြိမ်း​သက်​အေးချမ်း​စွာ စုဝေး​ပိုင်ခွင့်​ရှိကြောင်း ယူကရိန်း​နိုင်ငံ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​က ၂၀၁၆၊ စက်တင်ဘာ ၈ ရက်​နေ့မှာ အတည်ပြု​လိုက်တယ်။ ဘာသာရေး​အဖွဲ့အစည်း​တွေဟာ ငှားရမ်း​ထားတဲ့ အဆောက်အဦ​တွေ​မှာ ဘာသာရေး အစည်းအဝေး​လုပ်ဖို့ အစိုးရရဲ့ “ခွင့်ပြုချက်” တောင်းခံဖို့ လိုတယ်လို့ ၁၉၉၁ ခုနှစ်မှာ ထုတ်ပြန်​ထားတဲ့ လွတ်လပ်​စွာ ယုံကြည်​သက်ဝင်​ခွင့်နဲ့ ဘာသာရေး​အဖွဲ့အစည်း​များ (ဘာသာရေး ဥပဒေ) မှာ ဖော်ပြ​ထားတယ်။ အဲဒီ​ဥပဒေ​ကိုလည်း တရားရုံး​က ပယ်ဖျက်​လိုက်တယ်။ အဲဒီလို ကန့်သတ်​ထားမယ်​ဆိုရင် နိုင်ငံရဲ့ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​မှာ အာမခံ​ထားတဲ့ ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ပိုင်ခွင့် ဥပဒေ​ကို ချိုးဖောက်ရာ​ရောက်​ကြောင်း ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​က စီရင်​ဆုံးဖြတ်ခဲ့တယ်။ ဘာသာရေး ဝတ်ပြု​အစည်းအဝေးတွေ​လုပ်ဖို့ အဆောက်အအုံ​တွေ ငှားရမ်း​တဲ့အခါ အခက်အခဲ ရင်ဆိုင်ခဲ့​ကြ​ရတဲ့ ယူကရိန်း​နိုင်ငံက ယေဟောဝါ​သက်သေတွေဟာ အဲဒီ​ဆုံးဖြတ်ချက်​ကြောင့် ဝမ်းမြောက်​ခဲ့​ကြတယ်။

ဘာသာရေး ဝတ်ပြု​အစည်းအဝေးတွေ​လုပ်ဖို့ ခွင့်ပြုချက်​တောင်းတာ​ကို အစိုးရ​အရာရှိတွေ ငြင်းပယ်

ဘာသာရေး ဥပဒေ​ကို အတည်ပြု​ပြီးနောက်ပိုင်း ဘက်လိုက်တဲ့ အစိုးရ​အရာရှိတွေ​ဟာ အဲဒီ​ဥပဒေ​ကို သုံးပြီး ဘာသာရေး ဝတ်ပြု​အစည်းအဝေးတွေ​လုပ်ဖို့ ယေဟောဝါသက်သေတွေ ငှားရမ်း​ထားတဲ့ အဆောက်အအုံ စာချုပ်​တွေကို ပယ်ဖျက်​ဖို့ တောင်းဆို​ခဲ့​ကြတယ်။ ၂၀၁၂ ခုနှစ် နွေရာသီမှာ အဖြစ်အပျက်​တစ်ခု ဖြစ်သွားတယ်။ ယူကရိန်း​နိုင်ငံ အရှေ့မြောက်ပိုင်း​က ထောင်နဲ့​ချီတဲ့ ယေဟောဝါ​သက်သေတွေဟာ ဆူ​မီ​မြို့မှာ သုံးရက်ကြာ ဘာသာရေး​အစည်းအဝေး ကျင်းပ​ဖို့ မျှော်လင့်​စောင့်စား​နေကြတယ်။ မြူ​နီ​စီ​ပယ် အားကစားရုံ​ကို စာချုပ်​လက်မှတ်ထိုး ငှားရမ်း​ထားပြီး အစီအစဉ်တွေ အသေအချာ ဆွဲ​ထား​ကြတယ်။ ဥပဒေ​တောင်းဆိုချက်​အရ ယေဟောဝါသက်သေတွေ​က စီစဉ်​ထားတဲ့ အစည်းအဝေး​အတွက် အာဏာပိုင်တွေ​ဆီ အကြောင်းကြားစာ တင်​ကြတယ်။ အစီအစဉ်ကို​မစ​ခင် တစ်လ​အလိုမှာ ဆူ​မီ​မြို့တော်​ကောင်စီ​က ဘာသာရေး ဥပဒေ​ပေါ် အခြေပြု​ပြီး အကြောင်းကြားစာ ပို့​ရုံ​နဲ့ မလုံလောက်​ဘူးလို့ ဆုံးဖြတ်ချက်​ချခဲ့တယ်။ မြို့တော်​ကောင်စီ​ဟာ အားကစားကွင်း​ကို ယေဟောဝါသက်သေတွေ အသုံးပြု​ဖို့ ခွင့်ပြုချက် လိုတယ်လို့ ပြောပြီး ခွင့်မပြု​ခဲ့​ဘူး။

အချိန်တို​အတွင်းမှာပဲ ယေဟောဝါ သက်သေတွေဟာ ဆူ​မီ​မြို့ကနေ ၁၂၅ မိုင်​ခန့် (၂၀၀ ကီလိုမီတာ​ခန့်) ဝေး​တဲ့ ကာ​ကိဗ်​မြို့မှာ အစည်းအဝေး ကျင်းပ​ဖို့ စီစဉ်​ကြရတယ်။ ဒီ​အပြောင်းအလဲ​ကြောင့် ယေဟောဝါ​သက်သေ ၃,၅၀၀ ခန့်​ဟာ အစီအစဉ်တွေကို အမြန်ဆုံး ပြုပြင်​ခဲ့​ကြရတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေး​ကြောင့် တချို့က ဒီ​အရေးကြီးတဲ့ အစီအစဉ်​တက်ဖို့ ကာ​ကိဗ်​မြို့ကို မသွား​နိုင်ခဲ့ကြ​ဘူး။ တခြားသူတွေ​ကျတော့ အလုပ်​ကနေ ခွင့်​မရလို့၊ ကာ​ကိဗ်​မြို့ကို​သွားဖို့ ငွေ​မလုံလောက်​လို့ မသွား​နိုင်ခဲ့ကြ​ဘူး။ နောက်​တစ်နှစ်မှာ​လည်း ဆူ​မီ​မြို့တော်​ကောင်စီ​က ဘာသာရေး ဥပဒေ​ကိုပဲ​သုံးပြီး ယေဟောဝါ​သက်သေတွေကို အားကစားကွင်း​မှာ အစည်းအဝေး ကျင်းပခွင့် မပေး​ပြန်​ဘူး။

လ​ဗီဖ်​မြို့ ယေဟောဝါသက်သေတွေရဲ့ ရုံး​က အီလီ​ယာ ကို​ဘယ် ဒီလို ရှင်းပြတယ်– “ဆူ​မီ​မြို့က အစည်းအဝေးတွေ​ပဲ ဖျက်သိမ်း​ခံရ​တာ မဟုတ်ဘူး။ တခြား​နေရာ အတော်များများမှာ​လည်း ဘာသာရေး ဝတ်ပြု​အစည်းအဝေး​လုပ်ဖို့ အဆောက်အအုံ​တွေ ငှားရမ်း​ရာ​မှာ အခက်တွေ့​ရတယ်။” ဥပမာ၊ ၂၀၁၂၊ မတ်လ​မှာ ဗင်​နစ်​ဆီ​ယာ​မြို့ အစိုးရ​အရာရှိတွေ​ဟာ ယေဟောဝါ​သက်သေတွေကို ငှား​ထားတဲ့​ခန်းမ​မှာ ဘာသာရေး အစည်းအဝေး​ကျင်းပ​ဖို့ ခွင့်မပြု​ဘဲ အချိန်​ကပ်​မှ တခြား​အစီအစဉ် ပြောင်း​ခိုင်း​ကြတယ်။ အဲဒီနောက် လအနည်းငယ်​အကြာမှာ မို​ဟေ​လ​စ် ပို​ဒယ်​စ​ကီ​မြို့​အသင်းတော် ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ပတ်စဉ် ဘာသာရေး ဝတ်ပြု​အစည်းအဝေးတွေ လုပ်တာကို ခွင့်ပြုချက် ပေးဖို့ ငြင်းဆို​ခဲ့​ကြတယ်။ တကယ်တော့ အဲဒီ​အဆောက်အအုံ​မှာ ပတ်စဉ် အစည်းအဝေးတွေ လုပ်​လာတာ သုံးနှစ်​ရှိနေပြီ။ သင့်တော်​တဲ့ တခြား​အဆောက်အအုံ မရ​နိုင်တဲ့​အတွက် အသင်းသားတွေ​ဟာ ကိုယ်ပိုင်​အိမ်တွေမှာ လူ​ကျပ်​ကျပ်​သိပ်​သိပ်​နဲ့ စည်းဝေး​ခဲ့​ကြရတယ်။

ယေဟောဝါ​သက်သေတွေဟာ အခြေအနေ တော်​တော်​များများ​မှာ ဥပဒေ​ကို ချိုးဖောက်​နေကြတယ်​လို့ ၂၀၁၅၊ ဖေဖော်ဝါရီ​လမှာ ဗင်​နစ်​ဆီ​ယာ​မြို့ ဒေသန္တရ ပြည်နယ်​အုပ်ချုပ်ရေး​ရုံး​က ပြော​လာတယ်။ ယေဟောဝါ​သက်သေတွေဟာ ဝတ်ပြုတဲ့ အိမ်တွေမှာ​မဟုတ်ဘဲ အဆောက်အအုံတွေမှာ ခွင့်ပြုချက် မ​တောင်း​ဘဲ ဘာသာရေး အစည်းအဝေးတွေ လုပ်​နေပြီး ဥပဒေ ချိုးဖောက်​နေကြတယ်၊ အကြောင်းကြား​ရုံ​နဲ့ မလုံလောက်​ဘူးလို့ အုပ်ချုပ်ရေး​ရုံး​က ဆုံးဖြတ်တယ်။

ဥပဒေ ကွဲလွဲ​နေတာကို ဖြေရှင်းဖို့ ယေဟောဝါသက်သေတွေ ကြိုးစား​ကြ

မကြာသေးမီ​နှစ်တွေမှာ ယေဟောဝါ​သက်သေတွေဟာ အစိုးရရဲ့ နှောင့်ယှက်မှု မရှိဘဲ အိမ်တွေမှာ လွတ်လပ်​စွာ စုဝေး​ခွင့် ရလာ​ကြတယ်။ ဒါပေမဲ့ အထူး​အစည်းအဝေးတွေ၊ ခရိုင်​အစည်းအဝေးတွေ​အတွက် နေရာ​ပိုကျယ်တဲ့ အဆောက်အအုံတွေကို ငှားရမ်း​ဖို့ လိုအပ်​နေတုန်းပဲ။ ဘာသာရေး​အဖွဲ့အစည်း​တစ်ခုဟာ အစိုးရ​အရာရှိတွေကို ကြိုတင်​အကြောင်းကြား​ထားမယ်​ဆိုရင် ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ခွင့်​ရှိတယ်လို့ ယူကရိန်း​နိုင်ငံ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​မှာ ပြဋ္ဌာန်း​ထားတယ်။ မစ္စတာ ကို​ဘယ် ဒီလို​ပြောတယ်– “ကျွန်တော်တို့ ကြုံတွေ့​နေရတဲ့ ပြဿနာ​ရင်းမြစ်​က ဘာသာရေး ဥပဒေ​မှာပါတဲ့ ကန့်သတ်​ထား​ချက်​ဖြစ်တယ်။ အဲဒါက ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​နဲ့ ကွဲလွဲ​နေတယ်။ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​အရ အာဏာပိုင်တွေ​ဆီကနေ ခွင့်ပြုချက်​တောင်း​ဖို့ မလိုအပ်ဘူး။ ဒီ​ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတဲ့​အနေနဲ့ ပြဿနာကို အွမ်​ဘ​တ်​စ​မ​န်​ရုံး​လို့​လည်း​ခေါ်တဲ့ ယူကရိန်း လူ့​အခွင့်အရေး​ဆိုင်ရာ ပါလီမန်​အဖွဲ့​ရုံး​ကို တင်​လိုက်တယ်။”

အွမ်​ဘ​တ်​စ​မ​န်​ရုံး​ရဲ့ တာဝန်​က ယူကရိန်း​နိုင်ငံသားတွေ နိုင်ငံတော် ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​နဲ့ တရား​ဥပဒေ စိုးမိုးမှု​ကို ခံစား​နေရ​ကြောင်း သေချာ​စေဖို့ ဖြစ်တယ်။ ယေဟောဝါသက်သေတွေ ရင်ဆိုင်​နေရတဲ့ ပြဿနာကို ဆန်းစစ်​ပြီးနောက်မှာ အွမ်​ဘ​တ်​စ​မ​န်​ရုံး​က ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​နဲ့ ဘာသာရေး ဥပဒေ​ကြားမှာ ကွဲလွဲမှု​ရှိကြောင်း သဘောတူခဲ့​တယ်။ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​အရ ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ဘာသာရေး ဝတ်ပြု​အစည်းအဝေး​လုပ်ဖို့ အစိုးရ​အရာရှိတွေကို ကြိုတင် အကြောင်းကြား​ရုံ​နဲ့ လွတ်လပ်​စွာ စုဝေး​ခွင့်​ရှိတယ်။ ဒါပေမဲ့ ဘာသာရေး ဥပဒေ​အရ ဘာသာရေး​အဖွဲ့​တစ်ခုဟာ အနည်းဆုံး ဆယ်ရက် ကြိုတင်ပြီး အစိုးရ​အရာရှိတွေ​ဆီကနေ ခွင့်ပြုချက် မရဘူး​ဆိုရင် ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ဘာသာရေး ဝတ်ပြု​အစည်းအဝေး လုပ်​ခွင့်​မရှိဘူး။

၂၀၁၅၊ အောက်တိုဘာ ၂၆ ရက်​နေ့မှာ အွမ်​ဘ​တ်​စ​မ​န်​ရုံး​က ဘာသာရေး ဥပဒေ​မှာပါတဲ့ အငြင်းပွားဖွယ်​အပိုင်း​ဟာ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​နဲ့ မညီ​ဘူးလို့ ဖော်ပြပြီး ယူကရိန်း ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​ထံ လျှောက်လွှာ တင်သွင်း​လိုက်တယ်။ ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ပိုင်ခွင့်​ဟာ နိုင်ငံသား​အားလုံးကို ပေးထားတဲ့ အခြေခံ​လွတ်လပ်ခွင့်​ဖြစ်ကြောင်း လျှောက်လွှာ​မှာ ဖော်ပြ​ထားတယ်။ အဲဒီ​လွတ်လပ်ခွင့်​နဲ့​ပတ်သက်ပြီး ဒီလို ဖြည့်စွက်​ဖော်ပြ​ထားတယ်– “လွတ်လပ်​စွာ စုရုံး​ပိုင်ခွင့်​ကို အစိုးရက နိုင်​လို​မင်း​ထက်​ပြု ၀င်​ရောက်​စွက်ဖက်ခြင်း​ကို ရှောင်ကြဉ်​ရမည်။” အွမ်​ဘ​တ်​စ​မ​န်​ရုံး​ရဲ့ ရပ်တည်ချက်ကို ထောက်ခံ​တဲ့​အနေနဲ့ ယူကရိန်း​နိုင်ငံက ယေဟောဝါ​သက်သေတွေဟာ ဘာသာရေး အစည်းအဝေးတွေ​လုပ်ဖို့ အဆောက်အအုံ ငှားရမ်း​ရာ​မှာ မိမိတို့​ကြုံတွေ့​နေရတဲ့ အခက်အခဲ​တွေ​အကြောင်း ရှင်းပြချက် အကျဉ်းချုပ်​ကို ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​ထံ တင်ပြခဲ့တယ်။

ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​က ကွဲလွဲ​နေတဲ့ ဥပဒေ​ကို ပယ်ဖျက်​ပေး

အစိုးရ​အရာရှိတွေကို အကြောင်းကြား​ပြီး ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ခွင့်​ပေးထားတဲ့ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​ဟာ ဘယ်​ဥပဒေ​နဲ့​မှ ကွဲလွဲမှု​မရှိစေဖို့ ၂၀၁၆၊ စက်တင်ဘာ ၈ ရက်​နေ့မှာ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​က အတည်ပြု​ပေး​လိုက်တယ်။ နိုင်ငံ​ဥပဒေ​ကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ ပဋိညာဉ်​စာတမ်း၊ အပိုဒ် ၉ မှာပါတဲ့ လွတ်လပ်​စွာ သက်ဝင်​ယုံကြည်​ခွင့်၊ အပိုဒ် ၁၁ မှာပါတဲ့ အစိုးရရဲ့ မတရား စွက်ဖက်​နှောင့်ယှက်ခြင်း​မရှိဘဲ လွတ်လပ်​စွာ စုဝေး​ခွင့်နဲ့​ပါ အသိအမှတ်ပြု​ပေးခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ထုတ်ပြန်​တဲ့ ဘာသာရေး ဥပဒေ အပိုဒ် ၂၁ အပိုင်း ၅ မှာ ဘာသာရေး​အဖွဲ့​တစ်ခုဟာ ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ဘာသာရေး​ဝတ်ပြု​အစည်းအဝေး မ​လုပ်​ခင် အစိုးရ​အရာရှိတွေ​ဆီက ခွင့်ပြုချက်​လိုတယ်လို့ ဖော်ပြ​ထားတဲ့​အချက်ဟာ ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​နဲ့ မညီ​ဘူးလို့ တရားရုံး​က ထုတ်ပြန်​ကြေညာခဲ့တယ်။

ဆုံးဖြတ်ချက်ကို ဝမ်းမြောက်​စွာ လက်ခံ

ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ဘာသာရေး ဝတ်ပြု​အစည်းအဝေး​ကျင်းပ​ဖို့ အစိုးရ​အရာရှိတွေ​ဆီက ခွင့်ပြုချက် တောင်းခံဖို့ မလို​တော့​ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​အရ ယေဟောဝါ​သက်သေတွေဟာ ငှားရမ်း​ထားတဲ့ အဆောက်အအုံ​မှာ ဘာသာရေး အစည်းအဝေး​လုပ်ဖို့ အစိုးရ​အရာရှိတွေကို ကြိုတင် အကြောင်းကြား​ထားတယ်​ဆိုရင် တောင်းဆိုချက်ကို အစိုးရ​အရာရှိတွေ​က ငြင်းဆို​ပိုင်ခွင့် မရှိတော့ဘူး။

ယူကရိန်း​နိုင်ငံက ယေဟောဝါ​သက်သေ ၁၄၀,၀၀၀ ကျော်​ရဲ့ ကိုယ်စား မစ္စတာ ကို​ဘယ် ဒီလို​ပြောတယ်– “ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ တရားရုံး​ရဲ့ ဒီ​ဆုံးဖြတ်ချက်​က ငြိမ်သက်​အေးချမ်း​စွာ စုဝေး​ခွင့်​ရှိကြောင်း အတည်ပြု​ပေးလိုက်ပါ​ပြီ။ ဘာသာရေး အစည်းအဝေးတွေ​လုပ်ဖို့ အဆောက်အအုံ​တွေ ငှားရမ်း​တဲ့အခါ အစိုးရ​အရာရှိတွေ နှောင့်ယှက်​တာ​ကို ရင်ဆိုင်​ရတော့​မှာ မဟုတ်ဘူး။”