မာတိကာဆီ ကျော်သွား

ဒုံးကျည်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့အိမ်ရှေ့မှာ တွေ့ရတဲ့ ညီအစ်မ အော်လီနား။ ညီအစ်ကို/မတွေ ချက်ချင်း ရောက်လာပြီး သူ့ကို ကူညီပေးကြ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်
ယူကရိန်း

နောက်ဆုံးအချက်အလက် #၁၀ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

“ရဲစွမ်းသတ္တိရှိပြီး ဂရုစိုက်စောင့်ရှောက်ပေးတဲ့၊ ယုံကြည်အားကိုးထိုက်တဲ့” ပုံသက်သေရှင်တွေ

နောက်ဆုံးအချက်အလက် #၁၀ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

ယူကရိန်းက ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေဟာ ဝတ်ပြုသူချင်းတွေကို မဆုတ်မနစ် ဆက်လက်ထောက်မပေးနေကြတယ်။ တစ်ယောက်ကိုတစ်ယောက် ကိုယ်ကျိုးစွန့်မေတ္တာ ပြသနေကြတယ်။

ညီအစ်မ အော်လီနားဟာ အသက် ၈၁ နှစ်ရှိနေပြီ။ ဇွန်လ ၆ ရက်နေ့က သူ့အိမ်နားလေးမှာတင် ဒုံးကျည် ပေါက်ကွဲသွားတယ်။ ဒုံးကျည်ကြောင့် အိမ်နီးချင်းရဲ့အိမ် ပျက်စီးသွားပြီး ၂၃ ပေနက်တဲ့ တွင်းကြီး ဖြစ်သွားတယ်။ ပေါက်ကွဲတာ ပြင်းထန်လွန်းလို့ အော်လီနားရဲ့အိမ် ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။

ညီအစ်မ အခုလိုပြောပြတယ်- “ကျွန်မ အိပ်ပျော်နေတုန်း ခေါင်းရင်းက နံရံ ပြိုကျလာတယ်။ ဖုန်လုံးအမည်းကြီးတွေ တလိမ့်လိမ့်တက်လာပြီး ဖန်စတွေ၊ ကျောက်ခဲတွေလည်း နေရာတကာမှာ ပြန့်ကြဲလို့။ ကျွန်မအသက်ရှင်နေတာကိုပဲ ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။” ပေါက်ကွဲမှုအပြီး မိနစ်ပိုင်းမှာပဲ ညီအစ်မ အော်လီနားကို နယ်ခံ ညီအစ်ကို/မတွေ လာကြည့်ကြတယ်။ လာကြည့်တဲ့အထဲက ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ ညီအစ်မ အော်လီနား အခုလိုဆက်ပြောပြတယ်- “ကျွန်မဆီရောက်တော့ ညီအစ်ကိုတွေ တုန်လှုပ်ဆွံ့အသွားကြတယ်။ ကျွန်မကတော့ သူတို့ကို မြင်ရတာနဲ့တင် အားရှိသွားတယ်။ ကျွန်မဘေးမှာ သူတို့ရှိနေလို့ ဝမ်းသာလိုက်တာ။”

ညီအစ်မ အော်လီနားဆီ အသင်းတော်က လူငယ်တွေနဲ့ ပုံမှန်လည်ပတ်တဲ့ အကြီးအကဲညီအစ်ကို ဆဲဟီး ဒီလိုပြောပြတယ်- “ညီအစ်မ အော်လီနားရဲ့အိမ်နားမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ကြားတော့ ကျွန်တော် အတော့်ကို ထိတ်လန့်စိုးရိမ်သွားတယ်။ သူ ကြီးကြီးကျယ်ကျယ် ထိခိုက်ဒဏ်ရာမရဘဲ ပွန်းပဲ့ရုံလောက်ပဲဆိုတာ တွေ့ရတော့မှ စိတ်သက်သာရာ ရသွားတယ်။ အံ့သြစရာက အိမ်ပျက်စီးသွားပြီးနောက် ညီအစ်မ အော်လီနား ဦးဆုံးရချင်တာက အစောပိုင်း ရက်အနည်းငယ်က သူရခဲ့တဲ့ ကျမ်းစာစာပေတွေတဲ့။”

ဆွေမျိုးတွေက သူ့အတွက် အိမ်အသစ် ရှာပေးခဲ့ကြတယ်။ အသင်းတော်ကလည်း သူ့ကို ဆက်ကူညီပေးနေကြပြီး အကြီးအကဲတွေလည်း နေ့တိုင်း ဆက်သွယ်ကြတယ်။ အသင်းတော် အစည်းအဝေးတွေကနေ အကျိုးအပြည့်အဝ ခံစားရဖို့ ညီအစ်ကို/မတွေက သူ့အတွက် နားကြားကိရိယာ စီစဉ်ပေးကြတယ်။ ညီအစ်မ အော်လီနား ဒီလိုပြောပြတယ်- “ကျွန်မ ဘာမှ မတတ်နိုင်ပါလားလို့ ခံစားရတဲ့အခါတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးတွေက ခွန်အားပေးတယ်။ ယုံကြည်သူချင်းတွေက ကျွန်မဆီ မကြာခဏ ဖုန်းဆက်ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။”

နိုင်ငံတော်ခန်းမရဲ့ မြေအောက်ခန်းမှာ တခြားကြေညာသူအယောက် ၂၀၀ နဲ့အတူ ပုန်းခိုခဲ့ကြတဲ့ ဇနီးမောင်နှံက သူတို့ရဲ့အတွေ့အကြုံကို ပြောပြကြတယ်။ ဇနီးဖြစ်သူရဲ့စာမှာ အခုလို ရေးထားတယ်- “မေတ္တာရှိတဲ့ အကြီးအကဲတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှုကြောင့် ကျွန်မ ရင်ထဲ ထိမိသွားတယ်။ သူတို့လုပ်ရပ်က သိုးကို ကယ်ဖို့ ခြင်္သေ့နဲ့ ဝက်ဝံကို အသက်အန္တရာယ်ကြား တိုက်ခိုက်ခဲ့တဲ့ ဒါဝိဒ်ကို အမှတ်ရစေတယ်။ မြေအောက်ခန်းထဲက အကြီးအကဲတွေဟာ ကျွန်မတို့အတွက် အစာရေစာနဲ့ မီးထွန်းဖို့ ဓာတ်ဆီကို အသက်အန္တရာယ်ကြား သွားယူပေးခဲ့ကြတယ်။ ဒါကြောင့် အသင်းတော် အစည်းအဝေးတွေနဲ့ လယ်ကွင်းစုဆုံမှုတွေ ကျင်းပနိုင်ခဲ့တယ်။ ဗုံးတွေ တအားကြဲနေတဲ့ကြားက အကြီးအကဲတွေဟာ တခြားအိမ်က ညီအစ်ကို/မတွေဆီ ပုံမှန်လည်ပတ်ပြီး နှစ်သိမ့်အားပေးကြတယ်၊ သူတို့အတွက် အစာနဲ့ရေ ပို့ပေးကြတယ်။ အဲဒီအကြီးအကဲတွေကို ကျွန်မ သိပ်လေးစားတယ်။ ဒီအကျပ်အတည်းတွေ မဖြစ်ခင်တုန်းကတော့ သူတို့ကို သွန်သင်သူ၊ ဟောပြောသူတွေအဖြစ် သိခဲ့တာ။ အခုတော့ သူတို့ကို ယုံကြည်အားကိုးထိုက်တဲ့ သိုးထိန်းတွေအဖြစ် မြင်လာပြီ။ ရဲစွမ်းသတ္တိရှိပြီးဂရုစိုက်စောင့်ရှောက်ပေးတဲ့၊ ယုံကြည်အားကိုးထိုက်တဲ့ အကြီးအကဲတွေရဲ့ ပုံသက်သေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

ယူကရိန်း အသင်းတော်တစ်ခုက ကြေညာသူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းမှာ ဦးဆောင်နေကြသူတွေနဲ့ပတ်သက်ပြီး ယူကရိန်းဌာနခွဲကို ဒီလို စာရေးခဲ့တယ်- “ရင်ထဲအသည်းထဲကနေ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို ယုံကြည်သူချင်းတွေကတစ်ဆင့် ယေဟောဝါ စောင့်ရှောက်ပေးတာကို ကြည့်ပြီး အံ့ဩမှင်သက်မိတယ်။ ‘အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်’ ဆိုတဲ့ယေရှုရဲ့စကားတွေကို ကိုယ်တွေ့ ကြုံခဲ့ကြပါပြီ။”​—⁠ယောဟန် ၁၃:⁠၃၅

၂၀၂၂ ခုနှစ်၊ ဇွန် ၂၁ ရက်အထိ အောက်ပါအရေအတွက်တွေကို ယူကရိန်းကနေ ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် မြေပြင်မှာဖြစ်နေတဲ့ တကယ့်အရေအတွက်တွေက ဒီထက်မက ပိုများနိုင်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၄၂ ဦး သေဆုံး

  • ကြေညာသူ ၈၃ ဦး ဒဏ်ရာရ

  • ကြေညာသူ ၃၁,၁၈၅ ဦး အိုးအိမ်စွန့်ခွာ

  • အိမ် ၄၉၅ လုံး လုံးဝ ပျက်စီး

  • အိမ် ၅၅၇ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁,၄၂၉ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုခန်းမ ၅ လုံး လုံးဝ ပျက်စီး

  • ဝတ်ပြုခန်းမ ၈ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုခန်းမ ၃၄ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခု က ကူညီပေးနေ

  • ကြေညာသူ ၅၂,၃၄၈ ယောက်အတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်းစီစဉ်ပေး

  • ကြေညာသူ ၂၃,၄၃၃ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး