မာတိကာဆီ ကျော်သွား

ယူကရိန်းမှာ ကြေညာသူနှစ်ယောက် လူအများရှေ့သက်သေခံခြင်းမှာ ပါဝင်နေကြစဉ်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈ ရက်
ယူကရိန်း

နောက်ဆုံးအချက်အလက် #၁၁ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

စစ်ဘေးသင့်ဒေသမှာ “မွန်မြတ်တဲ့အရာ” တွေကို လုပ်ဆောင်နေ

နောက်ဆုံးအချက်အလက် #၁၁ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

ယူကရိန်းတစ်ခွင်မှာ အမှုဆောင်လုပ်ငန်း ပြန်လည်စတင်နိုင်လို့ ညီအစ်ကို/မတွေ ပျော်ရွှင်နေကြတယ်။ ရလဒ်ကောင်းတွေလည်း ရနေတယ်။ လူအတော်များများက ယေဟောဝါသက်သေတွေကို သတိရနေကြောင်း၊ ကျွန်တော်တို့ရဲ့ လက်တွန်းစင်တွေ ပြန်တွေ့ရလို့ ဝမ်းသာကြောင်း ပြောကြတယ်လို့ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ အကြီးအကဲတွေ သတင်းပို့ကြတယ်။

အိုဒါဆာဒေသ၊ စာဟီကာအသင်းတော်က တာတီယာနာဟာ ကပ်ရောဂါမတိုင်ခင်က တွေ့ဆုံခဲ့သူတွေဆီ ပြန်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ “အမှုဆောင်လုပ်ငန်းကို ပြန်စကတည်းက ယေဟောဝါရဲ့ကောင်းချီးကို တွေ့ရတယ်” လို့ သူပြောပြတယ်။ သူ သွားလည်ပတ်တဲ့ အမျိုးသမီးတစ်ယောက်က ကပ်ရောဂါမတိုင်ခင်မှာ ကျမ်းစာသင်ဖို့ လက်မခံဘူး။ အခုတော့ ကျမ်းစာအကြောင်း ဆွေးနွေးဖို့ ထက်သန်နေပြီး ကျမ်းစာသင်အံမှု လက်ခံခဲ့တယ်။ “အရင်ပြန်လည်ပတ်မှုအားလုံးကို လည်ပတ်ပြီး သူတို့တစ်ယောက်စီကို ကျမ်းစာသင်အံမှု ကမ်းလှမ်းရမယ်” လို့ တာတီယာနာက ပြောတယ်။

ရယ်ဗင်နီနဲ့ လီလီရာတို့ဟာ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေပါ။ အရင်က မာရီယူပိုမြို့မှာ နေတယ်။ အခု ယူကရိန်းက ပိုလုံခြုံတဲ့နေရာမှာ နေထိုင်ပြီး ပုံမှန် ဟောပြောနေကြတယ်။ အမှုဆောင်ခြင်းက သူတို့ရဲ့ပြဿနာတွေအပေါ် အာရုံမရောက်အောင် ကူညီပေးတယ်။ သူတို့ ဒီလိုပြောတယ်- “ကျွန်တော်တို့ဘဝက အရင်လို မဟုတ်တော့ဘူး။ ဘဝသစ်စရတာ တအား ခက်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လက်တော် မတိုဘူးဆိုတာကို သတိရကြတယ်။ ဘုရားရဲ့စွမ်းအားတော် ရှိတယ်၊ ဘဝသစ်စနိုင်အောင် ကူညီပေးမယ့် ညီအစ်ကို/မတွေလည်း ရှိတယ်။”

နိုင်ငံရဲ့တခြားဒေသတွေမှာ ညီအစ်ကိုတွေရဲ့လုပ်ရပ်ကောင်းတွေကလည်း သက်သေခံချက် ဖြစ်နေတယ်။ ဥပမာ၊ မီကိုလီယပ်မြို့က ညီအစ်ကိုတွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထားမယ့် ကုန်လှောင်ရုံကို ပြုပြင်ပေးကြတယ်။ ရေပိုက်တွေကို ပြင်ပေးတယ်၊ ပစ္စည်းတင်မယ့်စင်တွေကို ပြင်ဆင်ပေးတယ်၊ တန်နဲ့ချီတဲ့ ပစ္စည်းတွေကို အမျိုးအစားအလိုက် ခွဲခြားပေးတယ်။ အဲဒါကိုမြင်တော့ အဖွဲ့ကိုယ်စားလှယ်က “ဒီလောက်တောင် ကောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး” လို့ပြောပြီး မျက်ရည်ကျပါလေရော။

ယူကရိန်းက ညီအစ်ကို၊ ညီအစ်မတွေဟာ အခက်အခဲတွေကြား အမှုဆောင်မှာ တက်တက်ကြွကြွပါဝင်ပြီး “မွန်မြတ်တဲ့အရာ” တွေ လုပ်ဆောင်နေလို့ ပျော်ရွှင်နေကြပါတယ်။​—⁠ဂလာတိ ၆:⁠၉

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်အထိ အောက်ပါအရေအတွက်တွေကို ယူကရိန်းကနေ ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် မြေပြင်မှာဖြစ်နေတဲ့ တကယ့်အရေအတွက်တွေက ဒီထက်မက ပိုများနိုင်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၄၂ ဦး သေဆုံး

  • ကြေညာသူ ၉၇ ဦး ဒဏ်ရာရ

  • ကြေညာသူ ၂၈,၆၈၃ ဦး အိုးအိမ်စွန့်ခွာ

  • အိမ် ၅၂၄ လုံး လုံးဝ ပျက်စီး

  • အိမ် ၅၈၈ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁,၅၅၄ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၅ လုံး လုံးဝ ပျက်စီး

  • ဝတ်ပြုရာခန်းမ ၁၀ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၃၆ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခု က ကူညီပေးနေ

  • ကြေညာသူ ၅၂,၉၄၇ ယောက်အတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်း စီစဉ်ပေး

  • ကြေညာသူ ၂၃,၈၆၃ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး