မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃၊ ယူကရိန်းမှာ နှစ်ခြင်းခံခဲ့သူ နှစ်ယောက်

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂ ရက်
ယူကရိန်း

နောက်ဆုံးအချက်အလက် #၁၂ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

“စစ်ပွဲကတောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မရပ်တန့်စေနိုင်ဘူး”

နောက်ဆုံးအချက်အလက် #၁၂ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

ယူကရိန်းတစ်ခွင်နဲ့ တခြားနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ကြေညာသူတွေဟာ ‘ငြိမ်သက်ခြင်းရှိအောင် ကြိုးစားပါ’ ၂၀၂၂ အစည်းအဝေးကြီးအတွင်း နှစ်ခြင်းအစီအစဉ်မှာ ဇူလိုင် ၂၃ ကနေ ၃၁ အထိ နှစ်ခြင်းခံခဲ့ကြတယ်။ သြဂုတ် ၂ ရက်အထိဆိုရင် ယူကရိန်းကြေညာသူပေါင်း ၁,၁၁၃ ယောက် နှစ်ခြင်းခံခဲ့တယ်။ ယူကရိန်းက ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “စစ်ပွဲကတောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မရပ်တန့်စေနိုင်ဘူး။ ‘ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်’ လို့ ယေရှု ကတိပြုခဲ့သလိုပေါ့။”—မဿဲ ၂၈:၂၀

အောက်ပါတွေ့ကြုံမှုတွေ ပြောပြရလို့ ဝမ်းသာပါတယ်။

လူဟန့်ဒေသ၊ ခရင်မင်နာမြို့က နာတာလီယာဟာ ၆၃ နှစ်ရှိပြီ။ သူနဲ့သမီးနှစ်ယောက်ဟာ ယေဟောဝါသက်သေတွေနဲ့ ၁၉၉၀ ပြည့်နှစ်လောက်မှာ ကျမ်းစာကို စလေ့လာခဲ့ကြတယ်။ သမီးတွေက တိုးတက်လာကြပြီး နှစ်ခြင်းခံခဲ့ကြပေမဲ့ သူကတော့ နှစ်ခြင်း မခံခဲ့ဘူး။ စစ်စဖြစ်တော့ ယေဟောဝါသက်သေ မိသားစုတစ်စုက လုံခြုံတဲ့နေရာကို ထွက်ပြေးတဲ့အခါ နာတာလီယာကိုပါ ခေါ်သွားတယ်။ သူ့ကို အီဗာနို–ဖရန်ကီးမြို့မှာရှိတဲ့ နိုင်ငံတော်ခန်းမမှာ နေရာချပေးတယ်။

နာတာလီယာ ဒီလိုပြောတယ်– “ဆိုးရွားလှတဲ့ ဗုံးကြဲတိုက်ခိုက်မှု ခံရပြီးတဲ့နောက် ကျွန်မ မပြုံးတတ်တော့သလို ဖြစ်သွားတယ်။ ညီအစ်ကို၊ ညီအစ်မတွေက ကျွန်မကို မေတ္တာစစ် ပြကြတယ်။ ကျွန်မလိုအပ်ရာတွေကို အဲ့ဒီလောက် ဂရုစိုက်ပေးကြမယ်လို့ မမျှော်လင့်မိခဲ့ဘူး။ အဲ့ဒီအချိန်မှာ ယေဟောဝါကိုချစ်တဲ့စိတ် နိုးထလာတယ်။ ကျမ်းစာ အများကြီး ဖတ်တယ်၊ ညီအစ်မ တစ်ယောက်က ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ပေးတယ်။ သူက ကျွန်မအတွက် ယေဟောဝါဆီက လက်ဆောင်ပါပဲ။” နာတာလီယာ ဆက်ပြောတယ်– “အခု ကျွန်မ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံရလို့ သိပ်ဝမ်းသာတယ်။ အရေးကြီးဆုံး ပညတ်ကို ကျွန်မ လိုက်နာချင်တယ်– ဘုရားယေဟောဝါကို ‘စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်’ ဖို့ပါ။”—မဿဲ ၂၂:၃၇

ပိုလန်ရောက်နေတဲ့ အိုလီရာ၊ အစည်းအဝေးကြီးခေါင်းစဉ် ‘ငြိမ်သက်ခြင်းရှိအောင် ကြိုးစားပါ’ အိမ်တွင်းဖြစ် ကတ်ကို ကိုင်ထားစဉ်

စစ်စဖြစ်တုန်းက ချာကာစီမြို့က အိုလီရာဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူပါ။ မတ် ၆ ရက်မှာ သူဟာ သမီး၊ မြေးမလေးနဲ့ ပိုလန်ကို ထွက်ပြေးခဲ့တယ်။ သူဒီလိုပြောပြတယ်– “ခရီးဆောင် အိတ်တစ်လုံးနဲ့ပဲ ရောက်လာတာ၊ ဒါပေမဲ့ ခရစ်ယာန် ညီအစ်ကို၊ ညီအစ်မတွေက ကျွန်မတို့ သုံးယောက်ကို စောင့်ရှောက်ကြတယ်။ ဒါတွေအားလုံးက ယေဟောဝါရဲ့အဖွဲ့အစည်းဟာ စည်းလုံးပြီး ဘုရားစွမ်းအားတော် ဦးဆောင်နေတယ်ဆိုတာကို အခိုင်အမာ ယုံကြည်စေတယ်။ ဒါတွေအားလုံး ကြုံတွေ့ပြီးတဲ့နောက် ကျွန်မရဲ့ အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ ပိုပြီးတော့တောင် သန္နိဌာန်ချလိုက်တယ်။ ကျွန်မရဲ့ အခက်ခဲဆုံးအချိန်မှာ ဘုရားကူညီခဲ့တယ်၊ အခု ဘုရားအမှုတော်ကို ဆောင်ရွက်ပြီး ကျေးဇူးတင်ကြောင်း ပြချင်တယ်။”

ဒွန်းညက်ဒေသက ယူလီရာဟာ အသက် ၁၈ နှစ်ရှိပြီ။ ယေဟောဝါသက်သေ မိသားစုမှာ ကြီးပြင်းလာပေမဲ့ နှစ်ခြင်းခံတဲ့အထိ မတိုးတက်ခဲ့ဘူး။ စစ်စဖြစ်ပြီး မကြာခင်မှာ တွေ့ကြုံခဲ့တာကို သူ ဒီလိုပြောပြတယ်– “ကျွန်မ ကြမ်းပြင်ပေါ်မှာ လှဲချရင်း ငါ အချိန်မရွေး သေနိုင်ပါလားဆိုပြီး တွေးမိလာတယ်။ ကျွန်မတို့မိသားစုနေတဲ့ တစ်လမ်းလုံး ပျက်စီးသွားတယ်၊ ဒါပေမဲ့ ကျွန်မတို့ လွတ်သွားကြတယ်။ ဒါတွေအားလုံး ကြုံတွေ့ရပြီးနောက်၊ ဆုတောင်းပြီး ယေဟောဝါရဲ့အရည်အသွေးတွေကို စဉ်းစားတွေးတောတော့ ကျွန်မ ဘုရားနဲ့ ပိုနီးကပ်လာတယ်။ ငါ့အသက်တာကို ယေဟောဝါဆီ ဆက်ကပ်ရမလားဆိုပြီး ဒွိဟ ဖြစ်မနေတော့ဘူး။ ယေဟောဝါဟာ ကျွန်မရဲ့ ဆုတောင်းသံကို နားထောင်ပေးပြီး ကျွန်မနဲ့ ဘယ်လောက် နီးကပ်နေသလဲဆိုတာကို ပြခဲ့တယ်။ အရင်က ကျွန်မဟာ ဘုရားအကြောင်း သိရုံသိခဲ့တာ၊ အခုတော့ ကိုယ်တော့်ကို ချစ်လာပြီ။” ဇူလိုင် ၂၃ မှာ ယူလီရာ နှစ်ခြင်းခံခဲ့တယ်။

၁၁ နှစ်အရွယ် ဒေးဗစ်၊ ဂျာမနီမှာ နှစ်ခြင်းမခံခင်

စစ်စဖြစ်တဲ့အခါ ၁၁ နှစ်အရွယ် ဒေးဗစ်ဟာ မိသားစုနဲ့အတူ ဂျာမနီကို ထွက်ပြေးခဲ့တယ်။ ကိုးနှစ်အရွယ်ကတည်းက နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်ခဲ့တာ။ အခု သူဟာ ယေဟောဝါအမှုဆောင်ခြင်းမှာ ပန်းတိုင်တွေချမှတ်ပြီး ကြိုးစားနေတယ်။ သူဒီလိုပြောတယ်– “ကျွန်တော် ယေဟောဝါကိုချစ်ပြီး ကိုယ်တော့် မိတ်ဆွေဖြစ်ချင်လို့ နှစ်ခြင်းခံဖို့ ဆုံးဖြတ်လိုက်တာ။ ကျွန်တော် နှစ်ခြင်းခံချိန်မှာ ယေဟောဝါရဲ့ ထူးမြတ်လှတဲ့ မိသားစုအဝင်ဖြစ်လာလို့ ဝမ်းသာလုံးဆို့ပြီး မျက်ရည်တွေ ကျလာတယ်။ ယေဟောဝါအကြောင်း၊ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားရဲ့ရည်ရွယ်ချက်အကြောင်း လူတွေကို ပြောပြရတာ ကြိုက်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ နောက်ပန်းတိုင်က ရှေ့ဆောင်တစ်ယောက် ဖြစ်ဖို့ပါ။ အသင်းတော်ထဲက ညီအစ်ကို၊ ညီအစ်မတွေကိုလည်း ကူညီပေးချင်တယ်။ တစ်နေ့မှာ အသင်းတော် အမှုထမ်းဖြစ်လာဖို့လည်း မျှော်လင့်တယ်။ ကျွန်တော့်ရဲ့ အဆုံးစွန် ပန်းတိုင်ကတော့ ဗေသလမှာ အမှုဆောင်ဖို့ပါ။ ၂၀၁၈ တုန်းက လဗီဖ်မြို့မှာရှိတဲ့ ဌာနခွဲရုံးကို ကျွန်တော် လည်ပတ်ပြီးကတည်းက အဲ့ဒါဟာ ကျွန်တော့်ရဲ့ အိပ်မက်ပါ။”

ကိဗ်မြို့က အော်လီနာဟာ ၂၀၁၁ ခုနှစ်မှာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။ သူ မလှုပ်မရှားဖြစ်နေတာ ဆယ်နှစ်ရှိပြီ။ ၂၀၂၀ မှာ အသင်းတာ်အကြီးအကဲတွေက သူ့ကို ဆက်သွယ်ပြီး ယေဟောဝါဘုရားဆီ ပြန်လာပါ စာစောင်ကို ပေးခဲ့တယ်။ သူဒီလိုပြောပြတယ်– “ကျွန်မ ကျမ်းစာပြန်သင်ပြီး အစည်းအဝေးတွေ စတက်တယ်။ ဒါပေမဲ့ နောက်တော့ မတက်ဖြစ်တော့ဘူး။ စစ်အတွင်းမှာ ကျွန်မဆုတောင်းတာကို ယေဟောဝါ နားညောင်းခဲ့တယ်၊ ယေဟောဝါ ကျွန်မကို ကာကွယ်ခဲ့တယ်၊ မေတ္တာပြခဲ့တယ်၊ စိတ်ငြိမ်သက်မှုပေးခဲ့တာကို တွေ့လာရတယ်။ ကျွန်မ ရိုမေးနီးယားကို ထွက်ပြေးတော့ အဲဒီမှာ ယေဟောဝါသက်သေတွေနဲ့ တွေ့တယ်။ ညီအစ်ကို/မတွေဆီကရတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုက ယေဟောဝါ ကျွန်မအပေါ် လွှမ်းခြုံပေးတဲ့ နွေးထွေးတဲ့ ခြုံစောင်လိုပါပဲ။” ဇူလိုင် ၂၄ မှာ အော်လီနာ နှစ်ခြင်းခံခဲ့တယ်။ သူဒီလိုပြောတယ်– “ကျွန်မကို သိပ်စိတ်ရှည်တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်။ ‘ကျွန်မကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်’ တယ်ဆိုတာ အခုသိသွားပါပြီ။”—ဖိလိပ္ပိ ၄:၁၃

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂ ရက်အထိ အောက်ပါအရေအတွက်တွေကို ယူကရိန်းကနေ ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် မြေပြင်မှာဖြစ်နေတဲ့ တကယ့်အရေအတွက်တွေက ဒီထက်မက ပိုများနိုင်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၄၃ ဦး သေဆုံး

  • ကြေညာသူ ၉၇ ဦး ဒဏ်ရာရ

  • ကြေညာသူ ၂၂,၅၆၈ ဦး အိုးအိမ်စွန့်ခွာ

  • အိမ် ၅၈၆ လုံး လုံးဝ ပျက်စီး

  • အိမ် ၆၁၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁,၆၃၂ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၅ လုံး လုံးဝ ပျက်စီး

  • ဝတ်ပြုရာခန်းမ ၁၀ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၃၇ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခုက ကူညီပေးနေ

  • ကြေညာသူ ၅၃,၈၃၆ ယောက်အတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်း စီစဉ်ပေး

  • ကြေညာသူ ၂၄,၈၆၇ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး