၂၀၂၂၊ ဒီဇင်ဘာ ၂၀
ယူကရိန်း
နောက်ဆုံးအချက်အလက် #၁၄ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ
ယူကရိန်းဒေသတချို့က လမ်း၊ တံတားနဲ့ လျှပ်စစ်စက်ရုံတွေ မကြာခဏ ဗုံးကြဲခံရလို့ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ မကြာခဏ လျှပ်စစ်မီး ပြတ်တောက်ပေမဲ့ ညီအစ်ကို/မတွေဟာ အသင်းတော် အစည်းအဝေးတွေနဲ့ တခြားဘုရားရေးရာလုပ်ငန်းတွေမှာ တက်ရောက် ပါဝင်တာကို မရပ်ဆိုင်းခဲ့ဘူး။
ကိဗ်မြို့က ရှေ့ဆောင်တွေဖြစ်တဲ့ အဲန်နာစတေရှာနဲ့ ဒေဘောရက တစ်ရက်တစ်ရက် လျှပ်စစ်မီးပြတ်တာ အနည်းဆုံး ၁၂ နာရီရှိတယ်လို့ ပြောပြတယ်။ မီးလာတဲ့အခါ ဖုန်း၊ တက်ဘလက်တွေကို အားသွင်းထားတယ်။ ဖုန်းဒေတာကိုသုံးပြီး အစည်းအဝေးတက်ကြတယ်။ များသောအားဖြင့် အစည်းအဝေးလည်းပြီးရော အင်တာနက်လိုင်းလည်း ပြတ်သွားရော။
မီးပြတ်တဲ့အခါ နောက်အခက်အခဲတစ်ခုက အပူပေးစနစ်ကို သုံးလို့ မရတော့တာပါ။ ညီအစ်ကိုတချို့က လျှပ်စစ်မီးနဲ့ အနွေးဓာတ်ရဖို့ အိမ်ပြင်မှာ မီးစက်မောင်းရတယ်။ တချို့ကျတော့ အပူပေးစနစ် သုံးလို့ရတဲ့ ဆွေမျိုးတွေရဲ့အိမ်မှာ သွားနေကြတယ်။ တချို့ကျတော့ အအေးဒဏ်ကို ဒီအတိုင်း ကြိတ်ခံကြတယ်။ ဝမ်းသာစရာက ညီအစ်ကို/မ အတော်များများရဲ့ အိမ်တွေ၊ တိုက်ခန်းတွေမှာ ဂက်စ်နဲ့အပူပေးတဲ့စနစ်ရှိတော့ မီးပြတ်ရင်တောင် အနွေးဓာတ်ရကြတယ်။
အီဗာနို–ဖရန်ကီဗ် ခရိုင်က ရှေ့ဆောင်ဖြစ်တဲ့ အိုင်ရီနာက အကောင်းမြင်စိတ်ကို ဆက်ထိန်းတယ်။ “ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲ တွေးမနေဖို့ ဆုံးဖြတ်ထားတယ်။ မီးပြတ်တဲ့အချိန် လုပ်နိုင်တာ၊ တစ်နာရီအတွင်း လုပ်နိုင်တာလောက်ကိုပဲ စဉ်းစားတယ်။ လိုအပ်တဲ့စာပေတွေကို ကြိုတင် ကူးယူထားတယ်” လို့ ပြောပြတယ်။
ယူကရိန်းက ညီအစ်ကို/မတွေဟာ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရပေမဲ့ ယေဟောဝါဘုရားကို အမှုဆောင်ရာမှာ အလုပ်များနေကြတယ်။ ‘မွန်မြတ်တဲ့အရာတွေကို ဆက်လုပ်’ ဖို့ သူတို့ ကြိုးစားနေတာကို ဘုရားသခင် ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဂလာတိ ၆:၉။
၂၀၂၂၊ ဒီဇင်ဘာ ၆ ရက်အထိ အောက်ပါအရေအတွက်တွေကို ယူကရိန်းကနေ ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံအတွင်း ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် မြေပြင်မှာဖြစ်နေတဲ့ တကယ့်အရေအတွက်တွေက ဒီထက်မက ပိုများနိုင်ပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ ၄၇ ဦး သေဆုံး
ကြေညာသူ ၉၇ ဦး ဒဏ်ရာရ
ကြေညာသူ ၁၁,၅၃၇ ဦး အိုးအိမ်စွန့်ခွာ
အိမ်အလုံး ၅၉၀ လုံးဝ ပျက်စီး
အိမ် ၆၄၅ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၁,၇၂၂ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၇ လုံး လုံးဝ ပျက်စီး
ဝတ်ပြုရာခန်းမ ၁၉ လုံး အကြီးအကျယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၆၈ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခုက ကူညီပေးနေ
ကြေညာသူ ၅၄,၂၁၂ ယောက်အတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်း စီစဉ်ပေး
ကြေညာသူ ၂၆,၈၁၁ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး