၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်
ယူကရိန်း
နောက်ဆုံးအချက်အလက် #၁၅ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ စစ်ဖြစ်ချိန်ကစလို့ ယေဟောဝါသက်သေတွေရဲ့ အိမ်ပေါင်း ၃,၀၀၀ လောက် ပျက်စီးသွားတယ်။ သဘာဝဘေး ကယ်ဆယ်ရေးဌာနနဲ့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနရဲ့ ကြီးကြပ်မှုအောက် ညီအစ်ကိုတွေက ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြုပြင်ပေးကြတယ်။ သြဂုတ်လကစပြီး ဘေးကင်းတဲ့ ဒေသတွေမှာ စတင်ဆောက်လုပ်တယ်။ ပျက်စီးသွားတဲ့ အိမ်မိုးတွေ၊ ပြတင်းပေါက်တွေ၊ တခြားလိုအပ်တာလေးတွေ ပြုပြင်ပေးကြတယ်။ အိမ်မကြီး ပျက်စီးသွားတာဆိုရင် ကားဂိုဒေါင် ဒါမှမဟုတ် ပစ္စည်းထားတဲ့ဂိုဒေါင်ကို နေလို့ရတဲ့ အိမ်ကလေးအဖြစ် ပြုပြင်ဆောက်လုပ်ပေးကြတယ်။ အခုထိဆိုရင် အိမ် ၃၇ လုံးကို ပြုပြင်ပြီးပြီ။ နောက်ထပ် ၄၈ လုံးကိုတော့ ပြုပြင်နေဆဲ ဖြစ်တယ်။
နိုင်ငံရေး မငြိမ်မသက်ဖြစ်နေချိန်မှာ ဆောက်လုပ်ရတာ မလွယ်ပေမဲ့ ညီအစ်ကိုတွေက ကယ်ဆယ်ရေးလုပ်ငန်းမှာ အားကြိုးမာန်တက် ပါဝင်ကူညီပေးကြတယ်။ ကိဗ်ဒေသ၊ ဗလီကာ ဒေမာကာမြို့က အသက် ၇၀ အရွယ် ညီအစ်မ ဆဗက်လာနာ ဒီလိုပြောပြတယ်- “အိမ်အမိုးနဲ့ မျက်နှာစာကို ပြန်ပြင်ဖို့ ကျွန်မမှာ ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ ယေဟောဝါက ကျွန်မကို အံ့သြသွားအောင် လုပ်တယ်။ ညီအစ်ကိုတွေ ရောက်လာပြီး ပြင်ပေးလိုက်တာ သုံးရက်တည်းနဲ့ ပြီးသွားရော။”
ကယ်ဆယ်ရေးလုပ်ငန်းက အမှုဆောင်လုပ်ငန်းကိုလည်း ထောက်ကူပေးကြောင်း ကိဗ်ဒေသ၊ ဟိုရန်ကာမြို့က ညီအစ်မ နာဒီယာ အခုလိုပြောပြတယ်– “ညီအစ်ကိုတွေ လာပြုပြင်ပေးတာကို မြင်ပြီး အသိမိတ်ဆွေ မဟုတ်သူတွေကတောင် ယေဟောဝါသက်သေတွေမှာ စစ်မှန်တဲ့မေတ္တာရှိတယ်လို့ ပြောကုန်တယ်။ ယုံကြည်သူချင်းတွေ ကျွန်မကို လာကူညီပေးတာကို သူတို့ မယုံနိုင်ကြဘူး။ လူတိုင်းအတွက် သက်သေခံချက်ကောင်း ဖြစ်ခဲ့တယ်။”
ယယ်ဟန်နဲ့ တက်တီယာနာတို့ရဲ့ အိမ်ဟာ ဒုံးကျည် ထိမှန်ပြီး ပျက်စီးသွားပေမဲ့ ကယ်ဆယ်ရေးမှာ သူတို့ပါဝင်နေကြတယ်။ ဆုံးရှုံးတာကို အာရုံစိုက်နေမယ့်အစား ယုံကြည်သူချင်းတွေကို ကြိုးစားကူညီပေးကြတယ်။ “ကျွန်တော်တို့က အမြဲတမ်း တခြားသူတွေကို ကူညီပေးချင်တာ။ တခြားသူတွေကို ကူညီပေးရင် ကိုယ့်အခက်အခဲတွေကိုလည်း ခံရပ်နိုင်ဖို့ ပိုလွယ်တယ်လေ” လို့ ယယ်ဟန်ပြောတယ်။
ကိဗ်ဒေသ၊ ဟတ်စတိုမဲမြို့မှာနေတဲ့ ညီအစ်မ လစ်ဒီယာလည်း သူ့အိမ်ကို ညီအစ်ကိုတွေ ပြုပြင်ပေးပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီတော့တယ်။ သူ ဒီလိုပြောတယ်- “ကျွန်မအိမ်ကို ညီအစ်ကို/မ ၁၆ ယောက် နှစ်ပတ်တိတိ လာပြင်ပေးတုန်းကဆို ကမ္ဘာသစ်ထဲ ရောက်နေသလိုပဲ။ ဒါနဲ့ ကျွန်မပါ သူများကို ကူညီပေးချင်စိတ် ပေါ်လာတယ်။”
မကြာသေးခင်က ယူကရိန်းနိုင်ငံ ဌာနခွဲကော်မတီဝင်တစ်ဦးဟာ အိမ်ဆုံးရှုံးသွားသူတွေကို အားပေးဖို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသတွေဆီ သွားရောက်လည်ပတ်ခဲ့တယ်။ သူအခုလို ပြောပြတယ်– “ယူကရိန်းနိုင်ငံက ညီအစ်ကို/မတွေက အချင်းချင်း မေတ္တာပြတဲ့နေရာမှာ အမြဲ တော်ကြတယ်။ အခုတော့ ဒီစစ်ပွဲကြောင့် ပိုပြီးတောင် ချစ်ခင်ရင်းနှီးလာကြပြီ။ ချစ်စရာကောင်းတဲ့ ညီအစ်ကို/မတွေက အကူအညီတွေ ရပြီးတဲ့နောက်ပိုင်း အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်လာတာ၊ ၂ ကောရိန္သု ၉:၁၂ မှာပြောသလို ‘ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်း’ နေတာကို မြင်ရတော့ အားရှိသွားတာပဲ။”
၂၀၂၂၊ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ယူကရိန်းကနေ အောက်ပါမှတ်တမ်းကို ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် တကယ့်အရေအတွက်က ဒီထက်မက ပိုများနိုင်ပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ ၄၇ ဦး သေဆုံး
ကြေညာသူ ၉၇ ဦး ထိခိုက်ဒဏ်ရာရ
ကြေညာသူ ၁၁,၄၇၇ ဦးကို ရွှေ့ပြောင်းနေရာချ
အိမ် ၅၉၀ လုံးဝ ပျက်စီးသွား
အိမ် ၆၄၅ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၁,၇၂၂ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၇ လုံး လုံးဝ ပျက်စီး
ဝတ်ပြုရာခန်းမ ၁၉ လုံး အကြီးအကျယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၆၈ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၆ ခု က ကူညီပေးနေ
ကြေညာသူ ၅၄,၂၁၂ ဦးအတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်း စီစဉ်ပေး
ကြေညာသူ ၂၆,၈၉၂ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး