၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်
ယူကရိန်း
နောက်ဆုံးအချက်အလက် #၁၆ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ
ရှေ့ဆောင်သင်တန်းတွေ ပြန်စတင်ကျင်းပ
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်ကစပြီး လုံခြုံတဲ့ ဒေသတွေမှာ ကျင်းပတဲ့ ရှေ့ဆောင်သင်တန်းတွေကို ယူကရိန်းက မှန်မှန်နဲ့ အထူးရှေ့ဆောင်တွေ တက်နိုင်ခဲ့ကြတယ်။ ဒေသအခြေအနေအရ ရှေ့ဆောင်တွေဟာ လူကိုယ်တိုင် ဒါမှမဟုတ် Zoom နဲ့ သင်တန်းတက်ခဲ့ကြတယ်။ အချက်ပေး ဥဩဆွဲသံတွေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ၊ စီးပွားရေးအခက်အခဲ၊ အင်တာနက် ပြတ်တောင်းပြတ်တောင်း ဖြစ်တာ စတဲ့အခက်အခဲတွေကြား ညီအစ်ကို/မတွေဟာ ဒီအထူးပို့ချမှု ရရှိဖို့ သင်တန်းကို ဦးစားပေး တက်ရောက်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ ယေဟောဝါကို ချစ်တဲ့မေတ္တာ ပိုတိုးများလာပြီး ယုံကြည်ခြင်း ပိုခိုင်ခံ့လာကြတယ်။
ကရီဗီရိမြို့က နာတာလီယာ ဒီလိုပြောတယ်– “ဒီသင်တန်းက ကျွန်မအတွက် အသက်ကယ် ဗောကွင်းလိုပဲ။ စိုးရိမ်ကြောက်ရွံ့စိတ်တွေထဲ နစ်မြုပ်မသွားအောင် ကူညီပေးတယ်။” ချာနီဗစီမြို့က အန်နာစတေးရှာလည်း ဒီလိုပြောတယ်– “ဒီသင်တန်းကြောင့် ကျွန်မကို ယေဟောဝါ သိပ်ချစ်မှန်း ပိုယုံကြည်စိတ်ချလာတယ်။ တစ်နှစ်လုံး အဖြစ်ဆိုးတွေ တွေ့ကြုံခဲ့ရပေမဲ့ ဒီသင်တန်းက ကျွန်မလိုအပ်နေတာနဲ့ ကွက်တိပဲ။ ယေဟောဝါရဲ့ ကောင်းချီးတွေကို ဆက်ခံစားရဖို့ ကြိုးစားချင်စိတ်တွေ ပေါ်လာတယ်။”
ကစ္စမန်မြို့က ရှေ့ဆောင်ညီအစ်မ ဆစ်လံနာဟာ သင်တန်းတက်ဖို့ ဖိတ်ခေါ်ခံရချိန်မှာ စစချင်းတော့ စိုးရိမ်မိသွားတယ်။ သူ ဒီလိုရှင်းပြတယ်- “ကျွန်မရဲ့ အကျပ်အတည်းတွေ၊ စိုးရိမ်စိတ်တွေကို ယေဟောဝါကို ပြောပြလိုက်တယ်။ ဘုရားကို အားကိုးတဲ့အတွက် နောင်တမရဘူး။ ယေဟောဝါရဲ့မေတ္တာနဲ့ ဂရုစိုက်မှုကို ခံစားလိုက်ရတယ်။” ယေဟောဝါသက်သေမဟုတ်တဲ့ ခင်ပွန်းဖြစ်သူက ဆစ်လံနာရဲ့ကြိုးစားအားထုတ်မှုကို တွေ့ပြီး အသင်းတော်အစည်းအဝေးတွေကို လိုက်တက်နေပြီ။
ဇိုက်တိုမယ်ရ်မြို့က သင်တန်းသားတွေဟာ အချက်ပေးဥဩဆွဲသံတွေကြောင့် မြေအောက်ခန်းကို နှစ်ကြိမ် ရွှေ့ပြီး သင်တန်းဆက်တက်ခဲ့ရတယ်။ အခန်းအနွေးဓာတ်ရအောင် ထင်းမီးဖို ဖိုပြီး သင်တန်းဆက်တက်ကြတယ်။ ဒီလိုအခက်အခဲတွေ ရှိပေမဲ့လည်း ဇိုက်တိုမယ်ရ်မြို့ကို မကြာခင်ကမှ ရွှေ့ပြောင်းလာတဲ့ ညီအစ်မ ဗယ်လင်တီနာ ဒီလိုပြောတယ်– “ယေဟောဝါရဲ့ အတောင်တော်အောက်မှာ ခိုလှုံနေရတယ်လို့ ခံစားရတယ်။ ဒီသင်တန်းတက်ခဲ့တာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။”
နိုင်ငံအတော်များများက ရှေ့ဆောင်တွေလိုပဲ ယူကရိန်းက ရှေ့ဆောင်တွေလည်း အမှုဆောင်နာရီ လျှော့ချပေးတဲ့သတင်းကို ကြားရလို့ အကြီးအကျယ် ဝမ်းသာကြတယ်။ ကြေညာချက်ကို ကြားပြီးနောက် ယူလီယာ ဒီလိုပြောတယ်– “ယေဟောဝါကို ကျွန်မ ပိုပြီးချစ်လာတယ်။ ရှေ့ဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ခွင့်ပေးပါလို့ ဒီမနက်ပဲ ကျွန်မ ဆုတောင်းအသနားခံခဲ့တာ။ ဘယ်လိုအဖြေပေးမလဲဆိုတာ မသိပေမဲ့ အဖြေပေးမယ်ဆိုတာကိုတော့ စိတ်ချနေတယ်။ ရှေ့ဆောင်နာရီကို လျှော့ချပေးတဲ့အကြောင်းလည်း ကြားရရော ကျွန်မအတွက် ယေဟောဝါ လုပ်ပေးတာတွေကို ပိုပြီးတန်ဖိုးထားလာတယ်။ ဒီသတင်းက သင်တန်းအပြီးမှာ စားလိုက်ရတဲ့ သိပ်အရသာရှိတဲ့ အချိုပွဲနဲ့တူတယ်။”
၂၀၂၃၊ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ယူကရိန်းကနေ အောက်ပါမှတ်တမ်းကို ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် တကယ့်အရေအတွက်က ဒီထက်မက ပိုများနိုင်ပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ ၄၇ ဦး သေဆုံး
ကြေညာသူ ၉၇ ဦး ထိခိုက်ဒဏ်ရာရ
ကြေညာသူ ၈,၉၅၃ ဦးကို ရွှေ့ပြောင်းနေရာချ
အိမ်အလုံး ၅၉၀ ပျက်စီးသွား
အိမ် ၆၄၅ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၁,၇၂၂ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၈ လုံး လုံးဝ ပျက်စီး
ဝတ်ပြုရာခန်းမ ၁၇ လုံး အကြီးအကျယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၇၆ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၆ ခု က ကူညီပေးနေ
အိမ် ၄၆ လုံးကို ပြုပြင်ပေးခဲ့
ဝတ်ပြုရာခန်းမ ၅ လုံးကို ပြုပြင်ပေးခဲ့
ကြေညာသူ ၅၄,၄၄၅ ဦးအတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်း စီစဉ်ပေး
ကြေညာသူ ၂၇,၆၅၅ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး