မာတိကာဆီ ကျော်သွား

ဝဲ– ကိဗ်မြို့က ဖျက်ဆီးခံရတဲ့ အဆောက်အအုံ။ ယာထိပ်– ညီအစ်ကို/မတွေ မြေအောက်ခန်းမှာ ပုန်းနေစဉ် JW Library app က ကျမ်းစာအကြောင်းအရာတွေကြောင့် နှစ်သိမ့်မှု ရ။ ယာအောက်– ယူကရိန်းနိုင်ငံက စစ်ဘေးရှောင် မိသားစု ဆလိုဗားကီးယားမှာ အစားအစာ သုံးဆောင်နေ

မတ် ၁၁၊ ၂၀၂၂
ယူကရိန်း

နောက်ဆုံးအချက်အလက် #၂ | ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ

နောက်ဆုံးအချက်အလက် #၂ | ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ

မာရီယူပိုလ်မြို့လို တိုက်ခိုက်မှု ပြင်းထန်တဲ့ ဒေသတွေမှာ လျှပ်စစ်၊ အပူပေးစနစ်၊ ဖုန်း၊ အင်တာနက်၊ အစားအသောက်၊ ရေ ပြတ်သွားတယ်။ အိမ်တော်တော်များများ ပြတင်းပေါက် မှန်တွေ ပျက်စီးသွားတယ်။ ညီအစ်ကို/မ ၂,၅၀၀ ကျော် မာရီယူပိုလ်မြို့မှာ ပိတ်မိနေကြတယ်။ ဘူခါ၊ ချာနီဟိဗ်၊ ဟတ်စတိုမဲ၊ အီရပင်၊ ကိဗ်၊ ဆူမီမြို့တွေမှာတော့ လမ်းဖွင့်ပေးထားလို့ ညီအစ်ကို/မ တော်တော်များများ လုံခြုံတဲ့ နေရာတွေဆီ ထွက်ပြေးနိုင်ခဲ့ကြတယ်။

ဟတ်စတိုမဲမြို့က ၃၆ နှစ်အရွယ် ရှေ့ဆောင် အကြီးအကဲတစ်ယောက်ဟာ ဇနီး၊ မိဘတွေနဲ့အတူ ထွက်ပြေးခဲ့တယ်။ မြို့ကို စစ်မီးကူးလာချိန် ကြုံတွေ့ခဲ့ရတာတွေအကြောင်း ညီအစ်ကို ပြောပြတယ်–

“အိမ်ခေါင်မိုးပေါ်မှာ ဟယ်လီကော်ပတာတွေ ဝဲနေတာပဲ။ စစ်ကားတွေလည်း အချိန်ပြည့် လမ်းပေါ် အပြည့်ပဲ။ ကျွန်တော်တို့ မြေအောက်ခန်းမှာ ပုန်းနေတုန်း စစ်သားတွေ အိမ်ထဲ ဝင်လာတယ်။ တစ်ယောက်က မြေအောက်ခန်းကို သေနတ်နဲ့ အချက် အများကြီး လှမ်းပစ်တယ်။ အမေ့ အရေးပေါ်အိတ်ကို ကျည်တွေ လာထိတယ်။ တော်သေးတယ်၊ လူ မထိလို့။ ဗုံးသံ၊ သေနတ်သံတွေ ဆက်တိုက် ကြားနေရလို့ သုံးလေးနာရီလောက် ကျွန်တော်တို့ မလှုပ်မယှက်၊ တိတ်တိတ်လေး နေခဲ့ရတယ်။ . . . နောက်မနက် ကျွန်တော်တို့ ကားနဲ့ ထွက်လာတုန်းမှာပဲ အိမ်နားမှာ တိုက်ပွဲ စပါလေရော။ လမ်းမှာ တင့်ကားတွေ အများကြီးပဲ။ . . . အန္တရာယ် တော်တော် များတယ်။ ဒါပေမဲ့ ဆက်နေရင် အန္တရာယ် ပိုများမှာ။

“ဒီအဖြစ်အပျက်တွေအားလုံးက ကျွန်တော်တို့အသက်တာကို အကြီးအကျယ် ပြောင်းလဲစေခဲ့တယ်။ ကျမ်းစာမူတွေကို ဘယ်လို လက်တွေ့ကျင့်ရမယ်ဆိုတာ သိလာတယ်။ ဥပမာ၊ မနက်ဖြန်အတွက် မစိုးရိမ်ဖို့၊ အခြေခံ လိုအပ်ရာလေးတွေနဲ့ ရောင့်ရဲတတ်ဖို့၊ အရေးအကြောင်း ကြုံရင် ယေဟောဝါကို အားကိုးတတ်ဖို့ပေါ့။”

ယူကရိန်းနိုင်ငံက ညီအစ်ကို/မတွေ ကြုံရသမျှ ယေဟောဝါဘုရား အပြည့်အဝ သိတယ်၊ မပျက်မကွက် ထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနေကြပါတယ်။—၂ ပေတရု ၂:၉

မိသားစုတစ်စု မြေအောက်ခန်းမှာ ပုန်းနေ။ နောက်ပိုင်း၊ ပိုလုံခြုံတဲ့ ဒေသဆီ ထွက်ပြေးနိုင်ခဲ့ကြ

၂၀၂၂၊ မတ်လ ၁၀ ရက်အထိ ယူကရိန်းနိုင်ငံမှ မှတ်တမ်း–

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၂ ဦး သေဆုံး

  • ကြေညာသူ ၈ ဦး ဒဏ်ရာရ

  • ကြေညာသူ ၂၅,၄၀၇ ဦး နေအိမ်စွန့်ပြီး နိုင်ငံအတွင်း ပိုလုံခြုံတဲ့ ဒေသတွေဆီ ထွက်ပြေး

  • အိမ် ၂၅ လုံး လုံးလုံး ပျက်စီး

  • အိမ် ၅၉ လုံး ဆိုးဆိုးဝါးဝါး ပျက်စီး

  • အိမ် ၂၂၂ လုံး အနည်းငယ် ပျက်စီး

  • နိုင်ငံတော် ခန်းမ ၇ လုံး ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • ယူကရိန်းနိုင်ငံမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂၇ ခု ဖွဲ့စည်းထား

  • ကြေညာသူ ၁၀,၅၆၆ ဦးအတွက် လုံခြုံတဲ့ နေရာတွေမှာ နေစရာ စီစဉ်ပေး

  • တခြားနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြတဲ့ ကြေညာသူ ၉,၆၃၅ ဦးကိုတော့ အဲဒီက ညီအစ်ကို/မတွေ ကူညီပေးနေကြ