၂၀၂၂၊ မတ် ၁၆
ယူကရိန်း
နောက်ဆုံးအချက်အလက် #၃|ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ
မာရီယူပိုလ်မြို့မှာ ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ညီအစ်မနှစ်ဦး သေဆုံးသွားကြောင်း သတင်းရလို့ ဝမ်းနည်းမိပါတယ်။ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ညီအစ်ကို/မ ၂,၀၀၀ ကျော် ထွက်ပြေးဖို့ ခက်ပြီး မြို့ထဲမှာ ပိတ်မိနေသေးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သက်သေခံ ၁၅၀ လောက် ထွက်ပြေးနိုင်ခဲ့တယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ညီအစ်ကိုတွေက မာရီယူပိုလ်မြို့ထဲ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်လာဖို့ ကြိုးစားပေမဲ့ သူတို့ရော လူသားချင်းစာနာရေး ယာဉ်တန်းတွေပါ ပစ်ခတ်ခံရလို့ လှည့်ပြန်ခဲ့ရတယ်။ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲခန်းမ ရှိတဲ့ မြေကွက်မှာ ဗုံးကျပြီး ပေါက်ကွဲခဲ့တယ်။ အဲဒီအချိန်က နိုင်ငံတော်ခန်းမ မြေအောက်ခန်းမှာ ညီအစ်ကို/မ ၂၀၀ လောက် ပုန်းခိုနေကြတယ်။ ညီအစ်ကိုတွေ ထိခိုက်ဒဏ်ရာ မရကြပေမဲ့ သူတို့ရဲ့ ကားတွေ ပျက်စီးသွားလို့ မြို့ထဲက ထွက်ပြေးဖို့ ခက်နေကြတယ်။
မာရီယူပိုလ်မြို့ထဲကနေ မိသားစုနဲ့အတူ ထွက်ပြေးနိုင်ခဲ့တဲ့ (အောက်ပုံမှ) အကြီးအကဲတစ်ဦး ဒီလိုပြောတယ်- “ကျွန်တော်တို့ တိုက်ခန်း၊ အလုပ်အကိုင်တွေ ဆုံးရှုံးတဲ့အပြင် မိတ်ဆွေတွေနဲ့ အဆက်အသွယ် မရတော့ဘူး။ ခါတိုင်း တစ်ရက်ခရီးဟာ ခြောက်ရက်တောင် ကြာသွားတယ်။ မြို့ကအထွက် မပေါက်သေးတဲ့ ဗုံးတွေကနေ မီးခိုးတွေ အူနေတာ တွေ့လိုက်ရတယ်။ ခရီးစဉ်တစ်လျှောက် ညီအစ်ကို/မတွေက အစာရေစာနဲ့ ညအိပ် တည်းခိုဖို့ နေရာတွေ စီစဉ်ပေးကြတယ်။ အဖဘုရား ယေဟောဝါ ဂရုစိုက် စောင့်ရှောက်ပေးနေတယ်လို့ ခံစားရတယ်။ . . . ဒါကြောင့်လည်း ယေဟောဝါဟာ အကြွင်းမဲ့ မှီခိုအားထားနိုင်တဲ့အရှင် ဖြစ်ကြောင်း ပိုယုံကြည်လာတယ်။”
ယူကရိန်းက ယေဟောဝါသက်သေ ဒုက္ခသည်တွေဟာ ဘေးကင်းရေးအတွက် ဥရောပနိုင်ငံ အတော်များများဆီ ရောက်နေကြတယ်။ ဥပမာ၊ အသက် ၇ နှစ်၊ ၁၁ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးသုံးယောက် ရှိတဲ့ အသင်းတော် အမှုထမ်းနဲ့ ဇနီးဟာ ယေဟောဝါသက်သေ ဆွေမျိုးတွေ ရှိတဲ့ ပေါ်တူဂီကို ရောက်နေတယ်။ အဲဒီကိုရောက်ဖို့ နယ်စပ်မှာ ၁၁ နာရီကြာ စောင့်ဆိုင်းရပြီး ၂,၄၈၅ မိုင် (၄,၀၀၀ ကီလိုမီတာ) ခရီးကို လေးရက်ကြာ နှင်ခဲ့ကြရတယ်။ အသင်းတော် အစည်းအဝေး စခါနီးမှာ ရောက်လာကြတယ်။ ပေါ်တူဂီစကား လုံးဝ မတတ်ပေမဲ့ ပုံမှန် လုပ်နေကျအတိုင်း ယေဟောဝါကို ဝတ်ပြုဖို့ အစည်းအဝေး တက်ကြတယ်။ ဒီမိသားစု တကယ် အခက်ကြုံနေပေမဲ့ ပျော်ရွှင်နေတာဟာ အသင်းတော်အတွက် စိတ်စွဲမှတ်စရာ ဖြစ်တယ်။
မိသားစုလိုက် ဂျာမနီကို ထွက်ပြေးခဲ့ရတဲ့ ညီအစ်မတစ်ဦး ဒီလိုပြောတယ်- “ကျမ်းစာကို ပုံမှန်ဖတ်တာ၊ အကောင်းမြင်စိတ် မွေးတာ၊ ကျွန်မတို့မှာ ရှိတဲ့ မျှော်လင့်ချက်ကို အာရုံစိုက်တာက ခွန်အားအများကြီး ရှိစေတယ်။ အားပေးတည်ဆောက်မှုလည်း ဖြစ်တယ်။ . . . ညီအစ်ကိုတွေကတစ်ဆင့် ကျွန်မတို့ကို ယေဟောဝါဘုရား လမ်းပြကူညီပေးနေတယ်။ ယူကရိန်း၊ ဟန်ဂေရီ၊ အခု ဂျာမနီက ညီအစ်ကိုတွေဟာ ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး အကြီးအကျယ် ကူညီပေးကြတယ်။”
ယူကရိန်းက ညီအစ်ကို/မတွေကို ယေဟောဝါ ထောက်မကူညီပေးနေတာ ထင်ရှားပါတယ်။—ဆာလံ ၁၄၅:၁၄။
၂၀၂၂၊ မတ် ၁၆ အထိ ယူကရိန်းသတင်းက အောက်ပါအတိုင်း ဖြစ်တယ်။ အောက်ပါကိန်းဂဏန်း အချက်အလက်တွေကို ဒေသခံ ညီအစ်ကိုတွေ ပေးပို့ထားတာပါ။ ဒါပေမဲ့ တစ်နိုင်ငံလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် ကိန်းဂဏန်းတွေက ဒီထက် ပိုနိုင်ပါတယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ကြေညာသူ ၄ ဦး သေဆုံး
ကြေညာသူ ၁၉ ဦး ထိခိုက်ဒဏ်ရာရ
နိုင်ငံအတွင်း ဘေးလွတ်ရာဆီ ကြေညာသူ ၂၉,၇၈၉ ဦး ရွှေ့ပြောင်းခဲ့ရ
အိမ် ၄၅ လုံး ပျက်စီးသွား
အိမ် ၈၄ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၃၆၆ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၁၆ လုံး ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂၇ က လိုအပ်သလို ကူညီနေ
ကြေညာသူ ၂၀,၉၈၁ ဦးအတွက် ကယ်ဆယ်ရေး ကော်မတီတွေက လုံခြုံတဲ့နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေး
ကြေညာသူ ၁၁,၉၇၃ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေးရ။ သူတို့ကို ညီအစ်ကို/မတွေ ကူညီပေးနေ