၂၀၂၂၊ မတ် ၂၃
ယူကရိန်း
နောက်ဆုံးအချက်အလက် #၄ | ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ
လမ်းပေါ် ပစ်ခတ်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့ မာရီယူပိုလ်မြို့က ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ မခြားမလပ် ဆုတောင်းပေးနေကြပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညီအစ်ကို၊ ညီအစ်မ ခြောက်ယောက် သေဆုံးသွားတာ စိတ်မကောင်းစရာပါ။ ယူကရိန်းမှာ သေဆုံးသူ ညီအစ်ကို၊ ညီအစ်မ စုစုပေါင်း ဆယ်ယောက် ရှိပြီ။ သတင်းတွေမှာ ပါတဲ့အတိုင်း ပြီးခဲ့တဲ့ အပတ်က လူ ၁၀၀၀ ကျော် ပုန်းခိုနေတဲ့ ပြဇာတ်ရုံတစ်ရုံ ဗုံးကြဲခံရတယ်။ ဒီတိုက်ခိုက်မှုမှာ ညီအစ်ကိုတစ်ယောက်မှ မသေဆုံးပေမဲ့ တချို့ ဒဏ်ရာ အနည်းငယ် ရတယ်။
ညီအစ်ကို၊ ညီအစ်မ ၇၅၀ လောက် မာရီယူပိုလ်မြို့ကနေ ထွက်ပြေးနိုင်ခဲ့ပေမဲ့ ၁၆၀၀ လောက် ကျန်နေသေးတယ်။ အများစုက အခု ရုရှား လက်အောက် ရောက်သွားပြီ ဖြစ်တဲ့ မြို့အရှေ့ပိုင်းမှာ ရှိနေတာ။
နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲ ခန်းမ မြေအောက်ခန်းမှာ ညီအစ်ကို၊ ညီအစ်မ ၂၀၀ လောက် ပုန်းခိုနေတယ်လို့ အရင်သတင်းမှာ ဖော်ပြခဲ့တယ်။ အဲဒီညီအစ်ကိုတွေနဲ့ ခဏတစ်ဖြုတ် အဆက်အသွယ် ရတုန်း သူတို့ ဒီလိုသတင်းပေးတယ်–
“ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ညီအစ်ကို၊ ညီအစ်ကိုတချို့ အရမ်းကြောက်လန့်ကြတယ်။ တချို့ ငိုကြတယ်။ အပြင်မှာ ပေါက်ကွဲသံတွေ ကြားတော့ ဗုံးဒဏ်ကြောင့်ပဲ သေမလား၊ မီးလောင်ဒဏ်ကြောင့်ပဲ သေမလားလို့ တွေးမိကြတယ်။ နိုင်ငံတော်သီချင်း ဆိုဖို့ အကြီးအကဲတစ်ယောက် အကြံပေးတယ်။ သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုတာ ၁၀ ပုဒ်၊ ၁၅ ပုဒ်လောက် ဆိုဖြစ်ကြတယ်။ ဗုံးပေါက်သံတွေ ကျယ်လာလေ ခန်းမ ပိုတုန်ခါလေ၊ သီချင်းဆိုသံလည်း ပိုကျယ်လာလေပဲ။ ဆာလံ ၂၇ ကို ကျွန်တော်တို့ ဖတ်ပြီး ဆွေးနွေးကြတယ်။ ပြီးနောက် အားလုံးက အကြိုက်ဆုံး ကျမ်းချက်တွေ ပြောပြပြီး အဲဒီကျမ်းချက်တွေက ဘယ်လို အားရှိစေတယ်ဆိုတာ ဝေမျှကြတယ်။ . . . ယေဟောဝါဟာ တကယ်ပဲ ‘ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်၊’ အခက်ခဲဆုံး အချိန်တွေမှာ ကျွန်တော်တို့ကို စိတ်တည်ငြိမ်စေတဲ့ အရှင် ဖြစ်မှန်း သိလာတယ်။”—၂ ကောရိန္သု ၁:၃၊ ၄။
ကိုယ်ကျိုးစွန့်တဲ့ အကြီးအကဲတွေ၊ ဒေသခံ ကယ်ဆယ်ရေး ကော်မတီဝင်တွေဟာ ညီအစ်ကို၊ ညီအစ်မတွေကို အသက်စွန့် လိုက်ရှာပြီး လိုနေတဲ့ အစားအစာနဲ့ ဆေးဝါးတွေ ယူသွားပေးကြတယ်။ တစ်ခါတလေ မြို့ထဲ ရှာနေတုန်း သေနတ် မမှန်ဖို့ မြေပေါ် တွားသွားကြရတယ်။ ညီအစ်ကို၊ ညီအစ်မတွေအတွက် “လည်စင်းခံဝံ့” တဲ့ ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ သိပ်ဂုဏ်ယူပါတယ်။—ရောမ ၁၆:၄။
သတ္တိရှိတဲ့ ညီအစ်မတွေက ဂက်စ်နဲ့ လျှပ်စစ် မရှိလို့ အပြင်မှာပဲ မီးဖိုပြီး ချက်ပြုတ်ကြတယ်။ ပြီးနောက် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့ ကြေညာသူတွေကို အစားအစာ ဝေပေးတယ်။ ညီအစ်ကို၊ ညီအစ်မ အများစုက အိမ်၊ ကား၊ ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားပေမဲ့ ယုံကြည်သူချင်းတွေ ပြတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ကြတယ်။
ပုန်းခိုနေသူတွေဟာ အတူ ကျမ်းစာဖတ်တာ၊ ဖြစ်နိုင်တဲ့အခါတိုင်း ကျမ်းစာအကြောင်း တခြားသူတွေကို ပြောပြတာတွေ ဆက်လုပ်နေကြတယ်။
၂၀၂၂၊ မတ် ၂၂ အထိ ယူကရိန်းသတင်းက အောက်ပါအတိုင်း ဖြစ်တယ်။ အောက်ပါကိန်းဂဏန်း အချက်အလက်တွေကို ဒေသခံ ညီအစ်ကိုတွေ ပေးပို့ထားတာပါ။ ဒါပေမဲ့ တစ်နိုင်ငံလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် ကိန်းဂဏန်းတွေက ဒီထက် ပိုနိုင်ပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ ၁၀ ဦး သေဆုံး
ကြေညာသူ ၂၇ ဦး ထိခိုက်ဒဏ်ရာရ
နိုင်ငံအတွင်း ဘေးလွတ်ရာဆီ ကြေညာသူ ၃၃,၁၈၀ ရွှေ့ပြောင်းခဲ့ရ
အိမ် ၇၈ လုံး ပျက်စီးသွား
အိမ် ၁၀၂ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၄၈၄ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၁ လုံး ပျက်စီး
ဝတ်ပြုရာခန်းမ ၄ လုံး အကြီးအကျယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၁၈ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂၇ ခုက လိုအပ်သလို ကူညီနေ
ကြေညာသူ ၂၅,၀၆၉ ဦးအတွက် ကယ်ဆယ်ရေး ကော်မတီတွေက လုံခြုံတဲ့ နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေး
ကြေညာသူ ၁၄,၃၀၈ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေးရ။ သူတို့ကို ညီအစ်ကို၊ ညီအစ်မတွေ ကူညီပေးနေ