ဧပြီ ၂၉၊ ၂၀၂၂
ယူကရိန်း
နောက်ဆုံးအချက်အလက် #၇ | ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ
အောက်မေ့ရာပွဲကို ၂၁၀,၀၀၀ ကျော် တက်ရောက်
ယေဟောဝါက ယူကရိန်းနိုင်ငံ တစ်ဝန်းမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျင်းပနိုင်အောင် ကောင်းချီးပေးတဲ့အကြောင်း ပြောပြခွင့်ရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ယူကရိန်း အနောက်ပိုင်းက ဝတ်ပြုရာခန်းမ အတော်များများမှာ စစ်ဘေးရှောင် ညီအစ်ကို၊ ညီအစ်မတွေ ရောက်နေကြပြီး အဲဒီမှာပဲ အောက်မေ့ရာပွဲ ကျင်းပခဲ့ကြတယ်။ အများစုက အောက်မေ့ရာပွဲကို အုပ်စုငယ်လေးတွေနဲ့ ကျင်းပခဲ့ကြတယ်။ နေအိမ်ကနေ ထွက်လို့မရသူတွေက ဗီဒီယို ချိတ်ဆက်မှုနဲ့ ကျင်းပခဲ့ကြတယ်။
နိုင်ငံအတွင်းက ဒေသအများစုမှာ အောက်မေ့ရာပွဲ ကျင်းပမယ့်နေ့ တစ်နေ့လုံးမှာ အချက်ပေး ဥဩသံတွေ မြည်နေခဲ့တယ်။ ညနေပိုင်းလည်း ရောက်ရော အချက်ပေးသံတွေ ရပ်သွားတယ်။ “အောက်မေ့ရာပွဲမှာ ဗုံးသံတွေကြောင့် အနှောင့်အယှက်မဖြစ်ဖို့ ကျွန်တော်တို့ ဆုတောင်းခဲ့တယ်။ အောက်မေ့ရာပွဲ မစခင်လေးမှာပဲ ပေါက်ကွဲသံတွေ ရပ်သွားပြီး အချက်ပေးဥဩသံတွေလည်း တိတ်သွားတယ်” လို့ ဒွန်းညက်ပြည်နယ်၊ ဒူ့ရှဖစ်ကာက ရှာဟီး ပြောပြတယ်။
ကိဗ်မြို့နား နဲမယ်ရှေ့ဖ်မှာရှိတဲ့ သက်ကြီး၊ အိုမင်းမစွမ်း ကြေညာသူ အုပ်စုတစ်စုဟာ အစည်းအဝေးတွေ မတက်ရတာ တစ်လကျော်လောက် ရှိပြီ။ အောက်မေ့ရာပွဲတက်နိုင်ဖို့ သူတို့ ဆုတောင်းခဲ့ကြတယ်။ အကြီးအကဲ ညီကို ဗစ်တာလီက အဲဒီအုပ်စု အောက်မေ့ရာပွဲ ကျင်းပနိုင်အောင် ကူညီပေးခဲ့တယ်။ “လျှပ်စစ်မီးမရှိလို့ အောက်မေ့ရာပွဲကို ဓာတ်မီးနဲ့ ကျင်းပခဲ့ရတယ်။ အပူပေးစနစ်လည်း မရှိဘူး။ အသံစနစ်လည်း မရှိလို့ သီချင်းဆိုဖို့ ကျွန်တော့် သမီးက တယောထိုးပေးခဲ့တယ်” လို့ သူပြောပြတယ်။
စစ်ဖြစ်နေတဲ့ ဒေသမှာနေတဲ့ အကြီးအကဲ အိုလက်ဆန်ဒရာ ဒီလို ပြန်ပြောပြတယ်– “အောက်မေ့ရာပွဲ ကင်ပိန်းအတွင်းမှာ ကျွန်တော်တို့ အသင်းတော် ရပ်ကွက်ထဲက အိမ်တွေဟာ ဗုံးထိပြီး လူမရှိတော့လို့ လူတွေဆီ စာရေးပြီး မဖိတ်ခေါ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အသိတွေ၊ မြေအောက်ခန်းမှာ ဆုံတဲ့သူတွေ၊ ထွက်ပြေးတုန်း တွေ့ဆုံရတဲ့သူတွေကို ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ တွေ့ဆုံခဲ့ရသူတွေဟာ ယေဟောဝါသက်သေတွေနဲ့ တစ်ခါမှ စကားမပြောဖူးကြဘူး။ သူတို့အတော်များများ အောက်မေ့ရာပွဲ တက်ကြတယ်။”
ယူကရိန်းမှာရှိတဲ့ အသင်းတော် အားလုံးဆီက မှတ်တမ်း အပြည့်အစုံ မရသေးပေမဲ့ အောက်မေ့ရာပွဲ တက်ရောက်သူပေါင်း ၂၁၀,၀၀၀ ကျော်မယ်ဆိုတာ သိရပါတယ်။
အောက်မေ့ရာပွဲနဲ့ပတ်သက်တဲ့ ခံစားချက်ကို ယူကရိန်းက ညီအစ်ကို တစ်ယောက် ဒီလိုပြောတယ်– “မီးပြတိုက်က သင်္ဘောသားတွေကို ကမ်းခြေနဲ့ နီးနေပြီဆိုတာ သိစေသလိုပဲ အောက်မေ့ရာပွဲကလည်း ယေဟောဝါရဲ့ နေ့ကြီး နီးနေပြီလို့ ကျွန်တော့်ကို ခံစားရစေတယ်။ ဒီနှစ် အောက်မေ့ရာပွဲက ကျွန်တော့်ရဲ့ ယုံကြည်စိတ်ချမှုကို ပိုခိုင်မာစေတယ်။”
၂၀၂၂၊ ဧပြီလ ၂၁ ရက် အထိ ယူကရိန်းသတင်းက အောက်ပါအတိုင်း ဖြစ်တယ်။ အောက်ပါကိန်းဂဏန်း အချက်အလက်တွေကို ဒေသခံ ညီအစ်ကိုတွေ ပေးပို့ထားတာပါ။ ဒါပေမဲ့ တစ်နိုင်ငံလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် ကိန်းဂဏန်းတွေက ဒီထက် ပိုနိုင်ပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ ၃၅ ဦး သေဆုံး
ကြေညာသူ ၆၀ ဦး ထိခိုက်ဒဏ်ရာရ
နိုင်ငံအတွင်း ဘေးလွတ်ရာဆီ ကြေညာသူ ၄၃,၇၉၂ ဦး ရွှေ့ပြောင်းခဲ့ရ
အိမ် ၃၇၄ လုံး လုံးဝ ပျက်စီးသွား
အိမ် ၃၄၇ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၈၇၄ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၁ လုံး လုံးဝ ပျက်စီး
ဝတ်ပြုရာခန်းမ ၁၀ လုံး အကြီးအကျယ် ပျက်စီး
ဝတ်ပြုရာခန်းမ ၂၇ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂၇ ခုက လိုအပ်သလို ကူညီနေ
ကြေညာသူ ၄၄,၉၇၁ ဦးအတွက် ကယ်ဆယ်ရေး ကော်မတီတွေက လုံခြုံတဲ့နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေး
ကြေညာသူ ၁၉,၉၆၁ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေးရ။ သူတို့ကို ညီအစ်ကို/မတွေ ကူညီပေး