မာတိကာဆီ ကျော်သွား

ညီအစ်ကို အိုလက်ဆန်ဒရာ တရီတိုက်ခ်

ဒီဇင်ဘာ ၂၈၊ ၂၀၂၀
ယူကရိန်း

ယုံကြည်ချက်ကြောင့် အရိုက်ခံရတဲ့ ညီအစ်ကို အိုလက်ဆန်ဒရာ တရီတိုက်ခ်ကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး အနိုင်ပေးခဲ့

ယုံကြည်ချက်ကြောင့် အရိုက်ခံရတဲ့ ညီအစ်ကို အိုလက်ဆန်ဒရာ တရီတိုက်ခ်ကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး အနိုင်ပေးခဲ့

၂၀၂၀၊ ဒီဇင်ဘာလ ၁၇ ရက် ကြာသပတေးနေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က တရီတိုက်ခ်နဲ့ ယူကရိန်း အမှုမှာ ညီအစ်ကို အိုလက်ဆန်ဒရာ တရီတိုက်ခ်ကို အနိုင်ပေးတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တယ်။ ၂၀၁၃၊ နိုဝင်ဘာလ ၂၆ နေ့မှာ ညီအစ်ကို တရီတိုက်ခ်ဟာ အမှုဆောင်ပြီး အိမ်အပြန်မှာ ရန်လိုသူ သုံးယောက်ရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်။ ယူကရိန်း အာဏာပိုင်တွေအနေနဲ့ ဒီရာဇဝတ်မှုကို မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ECHR က ဆုံးဖြတ်ခဲ့တယ်။ ယူရို ၇၅၀၀ (အမေရိကန်ဒေါ်လာ ၉၁၀၀) လျော်ကြေးပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။

ညီအစ်ကို တရီတိုက်ခ်ဟာ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံခဲ့ရတဲ့အတွက် ဆေးရုံမှာ တစ်လလောက် နေလိုက်ရတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီး သုံးလကြာတဲ့အထိ အမှုကို ရဲတွေ မစစ်ဆေးခဲ့ကြဘူး။ ပြီးတော့ ဘာသာရေးကြောင့် တိုက်ခိုက်ခံရတယ်ဆိုတာကို လက်မခံတဲ့အပြင် ညီအစ်ကို တရီတိုက်ခ်ရဲ့ ဒဏ်ရာပြင်းထန်မှုကိုလည်း မျက်ကွယ်ပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ ရဲတွေက စွဲချက်ကို သာမန် အနာတရ ဖြစ်စေမှုအဖြစ် လျှော့ချခဲ့ကြတယ်။ ဒီ့အပြင် ရန်ပြုသူသုံးယောက်ထဲက တစ်ယောက်ကိုပဲ စွဲချက်တင်ခဲ့ပြီး ဒါတောင် အဲဒီလူ နိုင်ငံကနေ ထွက်ပြေးပြီးနောက်မှ စွဲချက်တင်ခဲ့တာ ဖြစ်တယ်။ ရဲအရာရှိတစ်ယောက် အပါအဝင် ဖြစ်တဲ့ ကျန်ရန်ပြုသူ နှစ်ယောက်ကိုတော့ မှုခင်း မျက်မြင်သက်သေအဖြစ်သာ သတ်မှတ်ခဲ့ကြတယ်။ ဘယ်သူမှ ပြစ်ဒဏ် စီရင်မခံခဲ့ရဘူး။ ဒီအချက်တွေနဲ့ တခြား မတရားမှုတွေကြောင့် ညီအစ်ကို တရီတိုက်ခ်က သူ့အမှုကို ECHR ဆီ ၂၀၁၅ မှာ တင်ခဲ့တယ်။

ECHR ရဲ့ ဆုံးဖြတ်ချက်မှာ “ယူကရိန်း အာဏာပိုင်တွေဟာ လျှောက်ထားသူ နှိပ်စက်ခံခဲ့ရတာကို အလေးအနက်ထား၊ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အဲဒါက လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်ကို ဖောက်ဖျက်ရာ ရောက်တယ်” လို့ နိဂုံးချုပ်ထားတယ်။

ဒီဆုံးဖြတ်ချက်ဟာ ယူကရိန်းနဲ့ တခြားနိုင်ငံတွေက ကျွန်တော်တို့ ညီအစ်ကို/မတွေရဲ့ ဘာသာရေးဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ်ရာမှာ အကူအညီ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အဓိက,ကတော့၊ တရားမျှတခြင်းကို ယူဆောင်ပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—မြည်တမ်းစကား ၃:၅၉