မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၀၊ ၂၀၂၀
ယူကရိန်း

ယူကရိန်းနိုင်ငံရှိ ယေဟောဝါသက်သေတွေရဲ့ အကျိုးအတွက် ECHR ဆုံးဖြတ်ချက် ချ

ယူကရိန်းနိုင်ငံရှိ ယေဟောဝါသက်သေတွေရဲ့ အကျိုးအတွက် ECHR ဆုံးဖြတ်ချက် ချ

ညီအစ်ကိုတွေအပေါ် ဘာသာရေး မုန်းတီးမှုကြောင့် ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်မပေးတဲ့အတွက် ယူကရိန်းကို တရားရုံးက ရှုတ်ချလိုက်ပါတယ်

၂၀၂၀၊ နိုဝင်ဘာ ၁၂ မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ယူကရိန်းရှိ ယေဟောဝါသက်သေတွေကို ထောက်ခံတဲ့ ဆုံးဖြတ်ချက် သုံးရပ် ချမှတ်ခဲ့တယ်။ ဇဂပ်နီယာ၊ တဘာ့ခ်ျကိုဗာနဲ့ ယူကရိန်းအမှု။ မီဂိုရီယာနု၊ တခြားသူများနဲ့ ယူကရိန်းအမှု၊ ကော်နီလိုဗာနဲ့ ယူကရိန်းအမှု တို့ ဖြစ်တယ်။ ၂၀၁၄ နဲ့ ၂၀၁၅ မှာ ဒီအမှုတွေကို တရားရုံးတင်ခဲ့တယ်။ ယေဟောဝါသက်သေတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ အဲဒီအမှု သုံးခုစလုံးမှာ ပါဝင်သူတွေကို ဥပဒေ အရာရှိတွေ အရေးမယူဘူး။ ညီအစ်ကိုတွေရဲ့ အခွင့်အရေးကို ယူကရိန်း အာဏာပိုင်တွေ အပြည့်အဝ မကာကွယ်ပေးတဲ့အတွက် နစ်နာသူတွေကို ယူရို ၁၄,၇၀၀ (အမေရိကန် ဒေါ်လာ ၁၇,၄၀၀) လျော်ကြေးပေးဖို့ ECHR က ချမှတ်လိုက်တယ်။

ဇဂပ်နီယာ၊ တဘာ့ခ်ျကိုဗာနဲ့ ယူကရိန်းအမှု။ ၂၀၀၉၊ ဧပြီ ၂၀ မှာ ညီအစ်မ ဇဂပ်နီယာနဲ့ တဘာ့ခ်ျကိုဗာဟာ နိုဗီ မင်လ်နီရွာမှာ တစ်အိမ်တက်ဆင်း အမှုဆောင်နေတယ်။ တြီနီတီ သြသဒေါ့ ဘုရားကျောင်း ဘုန်းကြီး မိုင်ကို လီစင်ကိုက လမ်းမှာ ညီအစ်မတွေကို တွေ့တော့ ခေါင်းနဲ့ ကျောကို တုတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်တယ်။ ဘုန်းကြီးက ညီအစ်မတွေကို “ခြိမ်းခြောက်ဖို့၊” “ဟောနေတာကို ရပ်စေ” ဖို့ လုပ်ခဲ့ကြောင်း ဝန်ခံပေမဲ့ ပြစ်ဒဏ် မကျခဲ့ဘူး။

မီဂိုရီယာနု၊ တခြားသူများနဲ့ ယူကရိန်းအမှု။ ၂၀၁၂၊ ဧပြီ ၅ မှာ ယေဟောဝါသက်သေ နှစ်ဆယ့်တစ်ယောက်နဲ့ ဧည့်သည်တချို့ဟာ ယေရှုခရစ်ရဲ့ သေခြင်းအောက်မေ့ရာပွဲ ကျင်းပဖို့ စုဝေးနေချိန်မှာ သြသဒေါ့ ဘုန်းကြီး ဂရက်ခူ ဦးဆောင်တဲ့ လူအုပ်က စုဝေးပွဲကို ဖျက်လိုက်တယ်။ ကလေးတွေနဲ့ သက်ကြီး အမျိုးသမီးတွေ အပါအဝင် တက်ရောက်သူတွေကို ညစ်ညစ်ညမ်းညမ်း အော်ဟစ်ပြီး ခြိမ်းခြောက်ကြတယ်။

အဲဒီနောက် ဘုန်းကြီးနဲ့ ကြံရာပါတွေက ယေဟောဝါသက်သေတွေကို ဆက်တိုက်ခိုက်ကြတယ်။ ညီအစ်ကိုတွေကို ရိုက်နှက်တယ်။ ညီအစ်ကိုတစ်ယောက်ရဲ့ ကားကို မီးရှို့တယ်။ သက်သေခံတွေ အိပ်ပျော်နေတုန်း အိမ်ထဲ လက်လုပ်ဗုံး ပစ်ထည့်တယ်။ အကြမ်းဖက်မှုအပြီးမှာ တိုက်ခိုက်ခံခဲ့ရသူတွေက ရဲကို အထောက်အထားနဲ့ တိုင်တန်းကြတယ်။ အကြမ်းဖက်မှုတချို့မှာ တိုက်ခိုက်သူတွေကို ဗီဒီယို ရိုက်ကူးထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ရဲက ဘာသာရေးကြောင့် လှုံ့ဆော်တိုက်ခိုက်တဲ့ ရာဇဝတ်မှု မမြောက်ကြောင်း၊ ဗီဒီယိုထဲက တိုက်ခိုက်သူတွေကို ကွဲကွဲပြားပြား မသိရှိနိုင်ကြောင်း ပြောခဲ့တယ်။ ဘုန်းကြီးနဲ့ ကြံရာပါတွေ ပြစ်ဒဏ်ချမှတ် မခံခဲ့ရပါ။

ကော်နီလိုဗာနဲ့ ယူကရိန်းအမှု။ ၂၀၁၃၊ မတ် ၇ ရက်တုန်းက နိုဆစ်ကာမြို့မှာ ညီအစ်မ ကော်နီလိုဗာနဲ့ စယ်ဒီတို့ဟာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ လာတက်ကြဖို့ လူတွေကို ဖိတ်ခေါ်တယ်။ အမျိုးသားတစ်ယောက် ညီအစ်မတွေကို ဆဲဆိုအော်ဟစ်တယ်။ ဘာသာရေးဆိုင်ရာ မဟုတ်မမှန် စွပ်စွဲပြီး တိုက်ခိုက်တယ်။ ညီအစ်မ ကော်နီလိုဗာရဲ့ မျက်နှာကို ထိုးကြိတ်တဲ့အတွက် ဒဏ်ရာရသွားပြီး ဆေးရုံ ၁၁ ရက် တင်လိုက်ရတယ်။ ဒါဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ “ပုဂ္ဂိုလ်ရေး ရန်ငြိုး” ကြောင့် တိုက်ခိုက်တာပါဆိုပြီး ရဲတွေ ပြောတယ်။ တရားရုံးကလည်း တိုက်ခိုက်သူကို ဒဏ်ငွေ နည်းနည်းပဲ ချမှတ်တယ်။

ဝဲမှယာ။ ညီအစ်မ တီတရာနာ ကော်နီလိုဗာ၊ ညီအစ်မ တီတာရာနာ ဇဂပ် နီယာ၊ ညီအစ်မ မာရီယာ တဘာ့ခ်ျကိုဗာ၊ ညီအစ်ကို ဗာဆီ မီဂိုရီယာနု။ ၂၀၀၉ နဲ့ ၂၀၁၃ စပ်ကြား ယူကရိန်းမှာ ဘာသာရေး မုန်းတီးမှုကြောင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတဲ့ ယေဟောဝါသက်သေတွေထဲက လေးဦး

ယူကရိန်းဌာနခွဲက ဒီနှိပ်စက်မှုအကြောင်း ဒေသ၊ နိုင်ငံ၊ နိုင်ငံတကာ အာဏာပိုင်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးတယ်။ ဒီနည်းတွေနဲ့ ကြိုးစားပြီးတဲ့နောက် ၂၀၁၄ မှာ ECHR ထံ ဒီအမှုကို တင်ခဲ့တယ်။ စိတ်ဝင်စားစရာက အဲဒီနှစ် မတိုင်မီ တစ်နှစ်ကစပြီး အာဏာပိုင်တွေက ယူကရိန်းရဲ့ ဘာသာရေး ဖိနှိပ်မှုကို မှတ်တမ်းတင်ထားတယ်။ ယူကရိန်း စုံစမ်းရေး အရာရှိရဲ့ ၂၀၁၃ အစီရင်ခံစာမှာ “ဘာသာရေး မုန်းတီးမှုကြောင့် ဖြစ်နိုင်တဲ့ ရာဇဝတ်မှုတွေကို ရဲတွေ စုံစမ်းစစ်ဆေးမှု မလုပ်ကြတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေ ဆက်ကျူးလွန်အောင် အားပေးရာရောက်တယ်” လို့ ဖော်ပြတယ်။ ယူကရိန်းနဲ့ပတ်သက်တဲ့ ပုံမှန် အစီရင်ခံစာမှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်မတီက ယူကရိန်းမှာ ယေဟောဝါသက်သေတွေအပေါ် ကျူးလွန်မှုတွေ အပါအဝင် မုန်းတီးစိတ်ကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် အရေးမယူတဲ့အတွက် စိုးရိမ်မိကြောင်း ဖော်ပြထားတယ်။ ယူကရိန်း အစိုးရအနေနဲ့ မုန်းတီးစိတ်ကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အသေအချာ စုံစမ်းဖော်ထုတ်ဖို့၊ ပြစ်မှု ထင်ရှားရင် ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးဖို့ ကော်မတီက ကောက်ချက်ချခဲ့တယ်။

မကြာသေးခင်နှစ်တွေမှာ ယူကရိန်း အစိုးရက အခြေအနေ တိုးတက်အောင် အစပြုလုပ်ဆောင်လာတယ်။ နိုင်ငံတွင်းက ယေဟောဝါသက်သေတွေ ဘာသာရေး လွတ်လပ်မှု ခံစားရပေမဲ့ ECHR ဆုံးဖြတ်ချက် သုံးရပ်ကြောင့် ယူကရိန်းနဲ့ တခြားနိုင်ငံ အာဏာပိုင်တွေဟာ ညီအစ်ကို/မတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ဆက်ကာကွယ်ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ “နည်းလမ်းတော်တွေ တရားမျှတ” တဲ့ ယေဟောဝါက မိမိကို ကိုးကွယ်သူတွေအပေါ် နှိပ်စက်မှုတွေ အဆုံးတိုင်စေမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။—တရားဟောရာ ၃၂:၄