ဧပြီ ၂၇၊ ၂၀၂၂
ယူကရိန်း
ယူကရိန်း စစ်ဖြစ်တဲ့ ဒေသတွေဆီ အထောက်အပံ့ပစ္စည်းတွေကို ညီအစ်ကိုတွေ သတ္တိရှိရှိ သယ်ဆောင်ပေးကြ၊ ကယ်ထုတ်ပေးကြ
၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ မှာ ယူကရိန်းမှာ စစ်ပွဲ စဖြစ်တယ်။ တိုက်ပွဲ အဖြစ်အများဆုံးဖြစ်တဲ့ ဒေသတွေမှာ ယေဟောဝါသက်သေ ထောင်နဲ့ချီ ရှိနေကြသေးတယ်။ ခရီမင်ချု့ခ်မြို့နဲ့ ပါလ်တာဗာမြို့က ညီအစ်ကို ၂၁ ယောက်ဟာ ညီအစ်ကိုချင်းမေတ္တာရဲ့ လှုံ့ဆော်မှုကြောင့် စစ်ဖြစ်ပွားရာ ဒေသတွေက ညီအစ်ကိုတွေကို ကယ်ထုတ်ဖို့၊ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးဖို့ တလိုတလား စေတနာ့ဝန်ထမ်းကြတယ်။
ရက်သတ္တပတ် ခြောက်ပတ်အတွင်း အကြိမ်ရေ ၈၀ နီးပါး သွားခဲ့ရတယ်။ ခါကိဗ်မြို့လိုမျိုး တိုက်ပွဲ အများဆုံးဖြစ်ပွားရာ ဒေသတွေဆီ သွားတာ မိုင်ပေါင်း ၃၁,၀၀၀ ခန့် (ကီလိုမီတာ ၅၀,၀၀၀ ခန့်) ရှိပြီ၊ ညီအစ်ကို ညီအစ်မ ၄၀၀ နီးပါးကို ကယ်ထုတ်ခဲ့ကြပြီ။
ဒီနေ့အထိ ဆေးဝါး၊ ဓာတ်ဆီနဲ့ တခြား ပစ္စည်းတွေ အပါအဝင် အစားအစာ ၂၃ တန်ကို သူတို့ သယ်ယူပို့ဆောင်ပေးခဲ့ကြတယ်။ ခရီးစဉ်တစ်ခု မစခင် ညီအစ်ကိုတွေဟာ တိုက်ပွဲထိတွေ့မှုရှိတဲ့ နေရာတွေ ရှောင်ဖို့၊ ဘေးကင်းတဲ့ လမ်းကြောင်းကနေ သွားနိုင်ဖို့ အသေအချာ ပြင်ဆင်ရတယ်။ ကားတွေကို ရှာဖွေတဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ရပ်ရတဲ့အတွက် ခရီးစဉ်တစ်ခုဟာ ၁၉ နာရီလောက် ကြာနိုင်တယ်။
သူတို့ သွားနေတုန်း စစ်လေယာဉ်တွေက သူတို့အပေါ်ကနေ ပျံသန်းသွားကြတယ်။ ဗုံးထိထားတဲ့ အဆောက်အအုံတွေ၊ ပျက်စီးနေတဲ့ ကားတွေ၊ တင့်ကားတွေကို ညီအစ်ကိုတွေ တွေ့ရတယ်။ တစ်ခါတလေ အနီးအနားမှာ ဗုံးပေါက်ကွဲလို့ မြေကြီးတုန်ခါသွားတာကို ခံစားရတယ်။
၂၀၂၂၊ ဧပြီလ ၂ ရက်၊ ခါကိဗ်မြို့က ညီအစ်ကို၊ ညီအစ်မတွေအတွက် ပစ္စည်းပို့ဖို့ ရိုမန် ပြင်ဆင်နေချိန်မှာ လမ်းမတွေပေါ် ဗုံးမိုး ရွာကျလာတယ်။ အနီးနားက အဆောက်အအုံမှာ သူ ပုန်းခိုလိုက်တယ်။ မိနစ် ၃၀ လောက်ကြာပြီးနောက် သူကားမောင်းသွားရမယ့်လမ်းပေါ် ဗုံးတွေ ကျထားတာကို တွေ့လိုက်ရတယ်။
စေတနာ့ဝန်ထမ်း ကားမောင်းပေးသူတစ်ယောက်ဖြစ်တဲ့ ဗိုလိုဒီမီရ်က အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး “ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ဉာဏ်ပညာပေးဖို့ ယေဟောဝါဆီ မကြာခဏ ဆုတောင်းရတယ်” လို့ ပြောပြတယ်။
အိုလက်ဆန်ဒရာနဲ့ ဇနီး ဗလန်တီနာဟာ သက်ကြီးမိဘတွေနဲ့အတူ ခါကိဗ်မြို့မှာ နေထိုင်ကြတယ်။ စစ်ဖြစ်နေချိန်မှာ သူတို့အိမ် ပြတင်းပေါက်ကနေ ပေ ၃၃၀ (မီတာ ၁၀၀) အကွာလောက်မှာပဲ ပေါက်ကွဲတာတွေကို မြင်ခဲ့ရတယ်။ ကားမရှိတဲ့အတွက် လုံခြုံတဲ့နေရာကို မထွက်ပြေးနိုင်ခဲ့ကြဘူး။
ညီအစ်ကိုတွေ ရောက်လာပြီး သူတို့ကို ကယ်ထုတ်သွားကြတယ်။ “ကျွန်တော်တို့ကို လာကူညီပေးတဲ့ ညီအစ်ကိုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်” လို့ အိုလက်ဆန်ဒရာ ပြောပြတယ်။
ဗာဆီ၊ ဇနီး နတာလီယာနဲ့ သားသမီး သုံးယောက်ဟာ မြေအောက်ခန်းမှာ ရက်အတော်ကြာ ပုန်းအောင်းနေခဲ့ရတယ်။ သူတို့ ပုန်းအောင်းနေချိန် ၂၀၂၂၊ ဖေဖော်ဝါရီ ၂၉ ရက်မှာ ဗုံးတစ်လုံး သူတို့အိမ်နားမှာ ပေါက်ကွဲတဲ့အတွက် အိမ် ပျက်စီးသွားတယ်။ နားကွဲမတတ် ပေါက်ကွဲသံကြားပြီး မြေအောက်ခန်းထဲမှာ မီးအားလုံး ပြတ်သွားတာကို ဗာဆီ အမှတ်ရနေတယ်။
တိုက်ခိုက်မှုတွေ နည်းနည်း အေးသွားတာနဲ့ အနားက အဆောက်အအုံတစ်ခုရဲ့ မြေအောက်ခန်းကို မိသားစု ပြောင်းရွှေ့သွားလိုက်တယ်။ ၂၀၂၂၊ မတ်လ ၃ ရက်မှာ သူတို့မိသားစုကို ညီအစ်ကိုတွေ ရှာတွေ့ပြီး လုံခြုံတဲ့ နေရာဆီ ခေါ်သွားကြတယ်။
မိသားစုကို လာကယ်ထုတ်ပြီး လုံခြုံတဲ့နေရာ ရောက်သွားတဲ့အခါ ဗာဆီက သူ့ခံစားချက်ကို ဒီလို ပြောပြတယ်– “ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ အဲဒီတစ်ပတ်တာက သိပ်ကြာတယ်လို့ ခံစားခဲ့ရတယ်။ ကလေးတွေရဲ့ လုံခြုံရေးကို မစိုးရိမ်ရဘဲ စိတ်ငြိမ်ငြိမ်သက်သက်နဲ့ ညစာ စားနိုင်တာ ဒါ ပထမဆုံးအကြိမ်ပါ။”
ကားမောင်းပေးသူ တစ်ယောက်ဖြစ်တဲ့ အိုလက်ဆန်ဒရာက ဒီကယ်ဆယ်ရေး တာဝန်ကနေ ယေဟောဝါလူမျိုးကြားမှာရှိတဲ့ စည်းလုံးမှုကို အထင်းသား မြင်တွေ့လာတယ်လို့ ပြောပြတယ်။ “မိမိလူမျိုးကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်သလဲဆိုတာ သိလာတယ်။ ကျေးဇူးတင်စိတ်နဲ့ ပြည့်နေတဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ မျက်နှာကို မြင်ရတာ တကယ်စိတ်ကြည်နူးတယ်” လို့ သူပြောတယ်။
ရဲစွမ်းသတ္တိရှိတဲ့ ဒီညီအစ်ကိုတွေကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်မှုကို ယေဟောဝါ ကောင်းချီးပေးဖို့ ဆုတောင်းပေးပါတယ်။—ရောမ ၁၂:၁၀။