မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၂၊ ၂၀၁၉
ယူကရိန်း

ယူကရိန်း တရားရုံးချုပ်က ဝတ်ပြုရာခန်းမ အသုံးပြုခွင့်ပေး

ယူကရိန်း တရားရုံးချုပ်က ဝတ်ပြုရာခန်းမ အသုံးပြုခွင့်ပေး

ဝတ်ပြုရာခန်းမ အသုံးပြုခွင့်ပေးဖို့ ယူကရိန်းနိုင်ငံ၊ တက်တီယက်မြို့က ယေဟောဝါသက်သေတွေ တရားရုံးတက် ကြိုးစားလာတာ လေးနှစ်ကြာပြီးနောက်မှာတော့ ခွင့်ပြုချက် ရသွားပါပြီ။ ၂၀၁၄၊ ဒီဇင်ဘာလမှာ ဝတ်ပြုရာခန်းမ ဆောက်လုပ်ပြီးစီးသွားပေမဲ့ အသုံးပြုခွင့်မရအောင် ပြည်နယ် ဆောက်လုပ်ရေးကောင်စီ (SABC) က အကြိမ်ကြိမ် တားဆီးခဲ့တယ်။ ခွင့်ပြုချက်တောင်းတာ ခြောက်ကြိမ်တိုင် ငြင်းဆိုတယ်။ ဒဏ်ငွေများစွာ ပေးဆောင်ဖို့ အသင်းတော်ကို စီရင်ချက်ချတယ်။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးနေတာတောင် ဆောက်လုပ်ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်။

ညီအစ်ကိုတွေဟာ အဆောက်အအုံ ဥပဒေကို လိုက်နာကြကြောင်း ယူကရိန်း တရားရုံးချုပ်က ၂၀၁၈၊ အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ဝတ်ပြုစည်းဝေးဖို့ အဆောက်အအုံတစ်ခု ဆောက်လုပ်ပိုင်ခွင့်ဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်းမှာ အကာအကွယ်ပေးထားတဲ့ အခွင့်အရေးဖြစ်ကြောင်းလည်း အလေးပေးဖော်ပြခဲ့တယ်။ SABC ဌာနမှာ အသစ်ခန့်အပ်ခံရတဲ့ ဦးစီးအရာရှိက ညီအစ်ကိုတွေ လိုအပ်နေတဲ့ ခွင့်ပြုချက်တွေကို ၂၀၁၉၊ မတ် ၂၈ ရက်နေ့မှာ ထုတ်ပေးခဲ့တယ်။ အဲဒီလကုန်ပိုင်းမှာ အသင်းတော်က ပထမဆုံးအစည်းအဝေးကို စတင်ကျင်းပခဲ့တယ်။

ညီအစ်ကိုတွေက ၂၀၁၉၊ နိုဝင်ဘာ ၂ ရက်နေ့မှာ ဖွင့်ပွဲ ကျင်းပခဲ့တယ်။ မြို့အရာရှိတွေ၊ ခရိုင်အရာရှိတွေနဲ့ အိမ်နီးချင်းတွေ လာတက်ရောက်ကြတယ်။ တက်တီယက်မြို့ ပြည်နယ်အစိုးရရုံး ဗိသုကာပညာရှင်များ ဦးစီးအရာရှိ အနာတိုလီ ဖယ်ဒိုရိုဗစ် ဇာဗိုနို ဒီလိုပြောတယ်– “ခင်ဗျားတို့ဟာ နိုင်ငံ့ဥပဒေနဲ့ တောင်းဆိုချက်တွေကို လိုက်နာတယ်။ အစိုးရ ချမှတ်ထားတဲ့အတိုင်းလည်း လုပ်ဆောင်ကြတယ်။ ဒီဝတ်ပြုရာအဆောက်အအုံက ဒီလမ်းနဲ့ ဒီဒေသကို ပိုအသရေရှိသွားစေတယ်။ ခင်ဗျားတို့ရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်တယ်။”

ဒီတရားရေးအောင်ပွဲကြောင့် တက်တီယက်မြို့က ညီအစ်ကိုတွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။ ယေဟောဝါဘုရားကို ချီးမွမ်းဂုဏ်တင်ဖို့ ဝတ်ပြုရာခန်းမကို အသုံးပြုနိုင်ကြပြီဖြစ်လို့ အလွန်ဝမ်းမြောက် ရွှင်လန်းနေကြပါတယ်။—ဆာလံ ၆၉:၃၀