မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဇွန် ၂၃ ရက်
ယူကရိန်း

လုံခြုံရာသို့ ခရီးစဉ်

အဲန်နာစတေးရှာ ကိုဇီယာနိုဗေ ပြောပြတဲ့ ယူကရိန်းကနေ လွတ်မြောက်ပုံ

လုံခြုံရာသို့ ခရီးစဉ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ကျယ်လောင်တဲ့အသံကြောင့် ကျွန်မ အိပ်ရာနိုးလာတယ်။ ပထမတော့ မိုးချုန်းသံလို့ ထင်ခဲ့တာ။ အပြင်မှာ မိုးရွာနေလို့လေ။ တကယ်တော့ ကျွန်မ ကြားရတဲ့အသံက ဗုံးကြဲသံတွေပါ။

ကျွန်မသိလိုက်ရတာက အိမ်ကို စွန့်ခွာရတော့မယ်ဆိုတာပဲ။ အိမ်က မာရီယူပိုလ်မြို့လယ်ခေါင်မှာ ရှိနေလို့ပါ။ နောက်တစ်နေ့ မြို့စွန်မှာရှိတဲ့ ကျွန်မ အဘွား အိုင်ရီနာ ရဲ့အိမ်ကို သွားခဲ့တယ်။ နောက်တော့ အမေ ကတီရီနာလည်း ဝမ်းကွဲမောင်လေးနဲ့ ကျွန်မတို့ရှိတဲ့ အဘွားရဲ့အိမ်ကို ရောက်လာတယ်။ အဘွားရဲ့အိမ်မှာ ခဏတော့ စိတ်ချရတယ်။ ဒါပေမဲ့ မြေအောက်ခန်းမှာ ရက်အတော်ကြာ အိပ်ခဲ့ကြရတယ်။

တစ်ခါက မြေအောက်ခန်းမှာ ပုန်းနေကြတုန်း ကျွန်မတို့ရဲ့ ဟင်းသီးဟင်းရွက်ခြံထဲ ဒုံးကျည်ကျလာတယ်။ ပေါက်ကွဲသံက နားကွဲမတတ်ပဲ။ ကျွန်မ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းခဲ့တယ်။ တစ်ပတ်ကြာပြီးတဲ့နောက် အဘွားအိမ်မှာနေတာလည်း မလုံခြုံမှန်း သိလာကြတော့ မြို့လယ်ခေါင်ကို ပြန်သွားခဲ့ကြပြီး ထွက်ပြေးဖို့ နည်းလမ်း ရှာကြတယ်။ ကျွန်မတို့ ဘေးကင်းဖို့နဲ့ မြို့ထဲကနေ ထွက်ခွာနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ အသနားခံခဲ့တယ်။

မတ်လ ၄ ရက် မနက်ပိုင်းမှာပေါ့။ မာရီယူပိုလ်မြို့ဟာ ဝိုင်းထားခံရလို့ ရထားတွေ မဆွဲတော့ဘူး။ ဒါကြောင့် မြို့ထဲက ကဇာတ်ရုံမှာ နောက်ထပ်ဆယ်ရက်လုံးလုံး ရာနဲ့ချီတဲ့သူတွေနဲ့အတူ ခိုအောင်းခဲ့ရတယ်။ လူတွေ ပြည့်ကျပ်နေတော့ ကျွန်မတို့ ကြမ်းပြင်မှာ အိပ်ကြရတယ်။ အခြေအနေတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ အစာနဲ့ ရေနွေးရဖို့ သိပ်ခက်တာ။ နာရီနဲ့ချီပြီး တန်းစီကြရတယ်။

တစ်နေ့ ကဇာတ်ရုံနားမှာ ဒုံးကျည် ပေါက်ကွဲပါလေရော။ ပေါက်ကွဲတာ ပြင်းထန်လွန်းလို့ ပြတင်းပေါက် အတော်များများ ပျက်စီးကုန်ပြီး အင်မတန်အေးတဲ့လေတွေ ဝင်လာတာပေါ့။

အဲန်နာစတေးရှာနဲ့ အဘွားဖြစ်သူ အိုင်ရီနာ၊ တစ်ဝမ်းကွဲဖြစ်သူ အန်ဒရီ

ဒီလိုခက်ခဲချိန်မှာ ဘာက ကျွန်မကို ထောက်ကူပေးခဲ့သလဲ။ ယောဘမှတ်တမ်းပါ။ ပေါက်ကွဲမှုကြောင့် လူတွေ စိတ်ချောက်ချားနေချိန်မှာ ကျွန်မက ကျမ်းစာထဲက ယောဘမှတ်တမ်းကို ဖတ်လိုက်တယ်။ စိတ်သက်သာရာ ရသွားတယ်။ ယောဘက အဲဒီ ကဇာတ်ရုံထဲမှာ ကျွန်မနဲ့အတူ ထိုင်နေပြီး သူ့ကို “ရှင့်ခံစားချက်တွေကို ကျွန်မ အခု သဘောပေါက်သွားပြီ” လို့ ပြောနေမိသလို ခံစားရတယ်။ ယောဘဟာ သူ့မိသားစု၊ ကျန်းမာရေး၊ ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံးခဲ့တယ်။ ကျွန်မက ရုပ်ပစ္စည်းလောက်ပဲ ဆုံးရှုံးခဲ့တာ။ ကျွန်မက မိသားစုနဲ့ အတူရှိနေတယ်။ အားလုံးအသက်ရှင်၊ ကျန်းမာနေကြတယ်။ ကျွန်မအခြေအနေက ယောဘလောက် မဆိုးသေးပါလားလို့ သဘောပေါက်လာတယ်။ ဒါနဲ့ စိတ်သက်သာရာ ရသွားတယ်။

မတ် ၁၄ ရက်မှာ လူတစ်စု မြို့ထဲကနေ အောင်မြင်စွာ လွတ်မြောက်သွားတာ သိလိုက်ရတယ်။ ဒါနဲ့ ကျွန်မတို့လည်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကဇာတ်ရုံက တခြားသူတွေနဲ့အတူ ပို့ဆောင်ရေးယာဉ်တွေ ရှာတွေ့ခဲ့ကြတယ်။

မြို့ထဲကနေ ကားအစီး ၂၀ ပါတဲ့ယာဉ်တန်း ထွက်ခွာခဲ့တယ်။ ကျွန်မတို့ တစ်ဆယ့်လေးယောက်က ကုန်ကားနောက်မှာ ကျပ်သိပ်လို့ပေါ့။ ခရီးစဉ်တစ်လျှောက် ကိုယ့်ပတ်ပတ်လည်မှာ ဗုံးတွေ ကျနေတယ်။ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့တယ်။ မာရီယူပိုလ်မြို့ကနေ ဘေးကင်းစွာ ထွက်လာပြီးတာနဲ့ ဒရိုင်ဘာက ကားကို ရပ်ပြီး ထွက်လာတယ်၊ နောက်ပြီး ငိုပါလေရော။ လမ်းတစ်လျှောက်မှာ ထောင်ထားတဲ့ ဗုံးတွေကို သူ ရှောင်နိုင်ခဲ့လိုလေ။ ကျွန်မတို့ ထွက်လာကြပြီး နှစ်ရက်အကြာမှာ ကဇာတ်ရုံ ဗုံးကြဲခံရလို့ အနည်းဆုံး လူ ၃၀၀ လောက် သေဆုံးသွားတယ်လို့ ကြားရတယ်။

၁၃ နာရီကြာတော့ ဇပေါ်ရီရှာမြို့ကို ရောက်တယ်။ နောက်တစ်နေ့မနက်မှာ လဗိဗ်မြို့ကို ရထားနဲ့သွားခဲ့ကြတယ်။ ပုံမှန်အားဖြင့် လူလေးယောက်ပဲစီးတဲ့ ကားရထားမှာ ၁၆ ယောက် စီးခဲ့ကြတယ်။ သိပ်ကိုပူတာ။ လမ်းတစ်လျှောက်လုံး စင်္ကြံလမ်းမှာပဲ ကျွန်မရပ်ပြီး လိုက်ခဲ့တာ။ အဲဒီတစ်နေရာပဲ အပြင်က လေရတာ။ မတ် ၁၆ မှာ လဗိဗ်မြို့ကိုရောက်တော့ ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ နိုင်ငံတော်ခန်းမမှာ နောက်လေးရက် နေကြတယ်။ ညီအစ်ကို၊ ညီအစ်မတွေ ပြသတဲ့ ဂရုစိုက်စောင့်ရှောက်မှုကြောင့် ကျွန်မ ငိုခဲ့ရတယ်။ အဲဒါက ယေဟောဝါဆီက ဆုလက်ဆောင်ပါ။

မတ် ၁၉ မှာ ကျွန်မတို့ ယူကရိန်းကနေ အိမ်နီးချင်းနိုင်ငံ ပိုလန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာလည်း အဘွား၊ အမေ၊ ဝမ်းကွဲမောင်လေးနဲ့ ကျွန်မတို့ကို သက်သေခံတွေက ကြိုဆိုကြပြန်တယ်။ လိုအပ်တာအားလုံး ပေးကြတယ်။ မေတ္တာနဲ့ ဝန်းရံခံကြရတယ်။

ကျွန်မ အသက် ၁၉ နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုတွေ ကြုံတွေ့ရပြီးတဲ့နောက် အခြေအနေတွေကောင်းနေတုန်း ယုံကြည်ခြင်းကို တည်ဆောက်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိလာတယ်။ ယုံကြည်ခြင်းက ရှင်သန်စေတယ်။ စစ်မဖြစ်ခင် ကျွန်မ ကိုယ်ပိုင်လေ့လာမှုသာ မလုပ်ခဲ့ရင် ပိုပြီးခက်ခဲမှာ။

ယေဟောဝါဟာ ဂရုစိုက်တဲ့ဖခင်ပါ။ ကိုယ်တော်ဟာ ကျွန်မ ညာလက်ကို လမ်းတစ်လျှောက်လုံး ကိုင်ထားသလို ခံစားရတယ်။ ယေဟောဝါ ကျွန်မအတွက် လုပ်ပေးသမျှကို ဘယ်တော့မျှ အပြည့်အဝ ကျေးဇူးဆပ်နိုင်မှာ မဟုတ်ပါဘူး။—ဟေရှာယ ၄၁:၁၀