မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဩဂုတ် ၄၊ သောကြာနေ့မှာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး အထူးတပ်ဖွဲ့အနေနဲ့ ရဲတွေနဲ့ စစ်သားတွေက ဗုံးလှန့်မှုလို့ အကြောင်းပြကာ အာလ်ချက်နဲ့ လူဟန့်စ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး ဝတ်ပြုအစည်းအဝေးတွေကို ဝင်ရောက်နှောင့်ယှက်ခဲ့ကြ

ဒီဇင်ဘာ ၁၃၊ ၂၀၁၇
ယူကရိန်း

ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ဘာသာရေးလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ

ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ဘာသာရေးလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ

ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်နဲ့ ဒွန်းညက် ဒေသတွေမှာ ပဋိပက္ခ ဖြစ်နေတာ လေးနှစ် ရှိပြီ။ ဒေသခံအများစုအတွက် အခြေအနေ ခက်ခဲဆိုးရွားပါတယ်။ အဲဒီဒေသက ယေဟောဝါသက်သေတွေဟာ တိုးများလာနေတဲ့ ဘာသာရေး အမုန်းပွားမှုတွေကြောင့် ဒုက္ခပိုရောက်ကြတယ်။ ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်က ဒေသခံအာဏာပိုင်တွေအပေါ် ဩဇာသက်ရောက်ပုံရတယ်။ ရုရှားရဲ့ လုပ်ထုံးလုပ်နည်းကို အတုယူပြီး ဒေသခံအာဏာပိုင်တချို့က မိမိတို့ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ယေဟောဝါသက်သေတွေကို မတရားပြစ်တင်စွဲဆိုမှုတွေ လုပ်နေပြီး ဘာသာရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေကြတယ်။

လုပ်ကြံလီဆယ်ထားတဲ့ သက်သေ

ရုရှားအစိုးရရှေ့နေတွေ လုပ်သလိုပဲ ဒီဒေသက အာဏာပိုင်တွေကလည်း ယေဟောဝါသက်သေတွေကို တရားစွဲနိုင်အောင် လုပ်ကြံလီဆယ်တဲ့သက်သေတွေ ဖန်တီးခဲ့ကြတယ်။

  • ၂၀၁၇၊ ဇူလိုင်လမှာ ဒွန်းညက်ပြည်နယ် တရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး မဂ္ဂဇင်းအဟောင်းတွေထဲက ဆောင်းပါးနှစ်ပုဒ်ကို အစွန်းရောက်စာပေ စာရင်းမှာ ထည့်လိုက်တယ်။ ယေဟောဝါသက်သေတွေဟာ ဒီတရားရေးကိစ္စအကြောင်း အသိပေးခြင်း မခံရသလို ချက်ချင်းလက်ငင်း စီရင်ဆုံးဖြတ်ချက်အတွက်လည်း အယူခံဝင်ခွင့်လည်း မရခဲ့ကြဘူး။

  • ၂၀၁၇၊ ဩဂုတ်လမှာ နိုဗိုအာဇိုနဲ့ ဒီဘောဆဲဗိုက အာဏာပိုင်တွေက ဒေသခံ ယေဟောဝါသက်သေတွေဆီ သတိပေးစာတွေ ပို့ခဲ့ကြတယ်။ ခွင့်ပြုချက် မတောင်းဘဲ ကင်းမျှော်စင်နဲ့ နိုးလော့! ဘာသာရေးမဂ္ဂဇင်းတွေကို မဝေငှရဘူးလို့ ညွှန်ကြားထားတယ်။ ဒီနည်းနဲ့ အာဏာပိုင်တွေက အစွန်းရောက်စာပေလို့ မကြေညာထားတဲ့ ဘာသာရေးစာပေတွေကိုတောင် မဝေငှဖို့ ပိတ်ပင်နေကြတယ်။ ယေဟောဝါသက်သေတွေရဲ့ ဘယ်စာပေကိုမဆို ခွင့်ပြုချက် တောင်းဆိုပြီးမှ ဝေငှဖို့ အသင်းတော်အကြီးအကဲတွေကို ခြိမ်းခြောက်ကြတယ်။ အလားတူ သတိပေးချက်ကို မာခေယေ့ဗ်ကာမြို့မှာလည်း ထုတ်ပြန်ထားတယ်။

  • ၂၀၁၇၊ ဩဂုတ် ၄ ရက်နေ့မှာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး အထူးတပ်ဖွဲ့အနေနဲ့ ရဲတွေနဲ့ စစ်သားတွေက ဗုံးလှန့်မှုလို့ အကြောင်းပြပြီး အာလ်ချက်နဲ့ လူဟန့်စ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး အစည်းအဝေးတွေကို ဝင်ရောက်နှောင့်ယှက်ခဲ့ကြတယ်။ အာဏာပိုင်တွေက ဝတ်ပြုစည်းဝေးနေသူအားလုံးကို အဆောက်အဦထဲကနေ ထွက်ခိုင်းပြီး တက်ရောက်သူတွေရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးခဲ့ကြတယ်။ a

အာလ်ချက်မှာရှိတဲ့ ဘာသာရေးဝတ်ပြုအစည်းအဝေးကို ဝင်ရောက်စီးနင်း

အာလ်ချက်မှာ အာဏာပိုင်တွေ အဆောက်အအုံအတွင်း ဗုံးရှာဖွေနေပုံကို ဗီဒီယို မှတ်တမ်းတင်ထားတယ်။ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးစာပေ အနည်းငယ်နဲ့ LPR b ကိုဆန့်ကျင်တဲ့ ဝါဒဖြန့်စာတွေ တွေ့ရှိကြောင်း မှတ်တမ်းတင်ထားတယ်။ တကယ်ဆို အဲဒီဝါဒဖြန့်စာတွေကို အရာရှိတွေကပဲ တိတ်တဆိတ် ခိုးသွင်းပြီး ထည့်ထားကြတာပါ။

ဘာသာရေး လုပ်ဆောင်မှုတွေကို အခြေအမြစ်မရှိတဲ့စွဲချက်တွေနဲ့ တရားစွဲဆို

ဝတ်ပြုရာခန်းမတွေကို ဝင်ရောက်စီးနင်းပြီး အပတ်အနည်းငယ် ကြာပြီးနောက် လူဟန့်စ်အာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို နိုင်ငံတော်ရဲ့ရန်သူအဖြစ် အခြေအမြစ်မရှိ ဖော်ပြခဲ့ကြတယ်။ ၂၀၁၇၊ ဩဂုတ် ၂၈ ရက်နေ့မှာ LPR ပြည်နယ်လုံခြုံရေး ဒု-ဝန်ကြီး အိုလက်ဇန္ဒာ ဘာဆော့ဗ်က ယေဟောဝါသက်သေတွေအကြောင်း တရားဝင်ရှုတ်ချပြောဆိုခဲ့တယ်။ အာလ်ချက် ဝတ်ပြုရာခန်းမမှာ ရှာတွေ့ခဲ့တဲ့ ဝါဒဖြန့်စာတွေကို ရည်ညွှန်းပြီး ယေဟောဝါသက်သေတွေဟာ လူဟန့်စ်နယ်မှာ အကြမ်းဖက်မှု လုပ်ဆောင်နေတဲ့အုပ်စုတွေကို ထောက်ခံနေတယ်ဆိုတဲ့ အထောက်အထားပဲလို့ ဖော်ပြခဲ့တယ်။

ယူကရန်းနိုင်ငံက ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဗန် ရီဟာ ဒီလိုပြောတယ်– “ဒု-ဝန်ကြီး ဘာဆော့ဗ် ပြောခဲ့တဲ့ ဝတ်ပြုရာခန်းမမှာ တွေ့တယ်ဆိုတဲ့ စာတွေဟာ သူတို့ကိုယ်တိုင် လုပ်ကြံထားတဲ့စာတွေပါ။ တကယ်တော့ အဲဒီလိုစာမျိုးကို အာလ်ချက်မှာပဲ ဖြန့်ဝေကြတာ။ ဒါပေမဲ့ ယေဟောဝါသက်သေတွေ ဖြန့်ဝေတာ မဟုတ်ဘူး။ ယေဟောဝါသက်သေတွေက ကြားနေတယ်။ ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုကြတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ထောင်ကျနေတဲ့ ယေဟောဝါသက်သေရာချီ ရှိတယ်။ ယူကရိန်း ပဋိပက္ခတွေမှာ ယေဟောဝါသက်သေတွေ ဘယ်ဘက်ကမှ ပါဝင်တိုက်ခိုက်ခြင်း မရှိဘူး။” c

ယေဟောဝါသက်သေတွေအပေါ် ဖိအားတိုးများလာ

အာဏာပိုင်တွေက ယေဟောဝါသက်သေအတော်များများဆီ အကြောင်းကြားစာ ပို့ထားတယ်။ စာထဲမှာ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို မပြောရလို့ ဖော်ပြထားတယ်။ ရဲတွေရဲ့ ဖမ်းဆီးမှု ခံရတဲ့သူတော့ မရှိသေးပါဘူး။ လုံခြုံရေးဌာနကလည်း ယေဟောဝါသက်သေအတော်များများဆီ အာဏာပိုင်တွေနဲ့ လာတွေ့ဖို့ အကြောင်းကြားစာ ပို့ထားတယ်။ သွားရောက်တွေ့ဆုံချိန်မှာ ယေဟောဝါသက်သေတွေဟာ စစ်ဆေးမေးမြန်းခံရကြတယ်။ ခြိမ်းခြောက်ခံရကြတယ်။ ဘာသာရေးလုပ်ငန်းကို စီစဉ်သူတွေရဲ့ နာမည်ကို ဖော်ပြဖို့ ဖိအားပေးခဲ့ကြတယ်။ ဒေသခံအာဏာပိုင်တွေက ဝတ်ပြုအစည်းအဝေးတွေကို ဝင်ရောက်စီးနင်းပြီး နှောင့်ယှက်ခဲ့ကြတယ်။

လူဟန့်စ်နဲ့ ဒွန်းညက်နယ် ဒေသတချို့မှာ ယေဟောဝါသက်သေတွေအပေါ် ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတို့ဟာ နှောင့်ယှက်မှုသာ မဟုတ်ဘဲ ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှု ဖြစ်တယ်။ ယေဟောဝါသက်သေတွေဟာ သတိထားနေထိုင်နေရပြီး ဘာသာရေးလုပ်ငန်းကို ငြိမ်သက်အေးချမ်းစွာ ပြန်လုပ်ဆောင်နိုင်အောင် တရားဥပဒေနဲ့အညီ ကြိုးစားနေကြပါတယ်။

a အာလ်ချက်မှာ အကြီးအကဲနှစ်ယောက်ကို တစ်နေကုန် စစ်ဆေးမေးမြန်းကြတယ်။ ပဋိပက္ခကာလအတွင်း အသင်းတော်ဟာ တပ်မှူးရုံးအနီးရှိ ဝတ်ပြုစည်းဝေးရာခန်းမမှာ အနှောင့်အယှက်မရှိ ဝတ်ပြုစည်းဝေးခဲ့တဲ့အကြောင်း အကြီးအကဲတွေက ရှင်းပြတယ်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်ကို စစ်ကာလအတွင်း လူအုပ်နဲ့ အစည်းအဝေး ကျင်းပမှု ဆိုပြီး ရူဘယ် ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၈၃)၊ ဝတ်ပြုရာခန်းမမှာ မီးနဲ့ပတ်သက်တဲ့ စည်းမျဉ်းချိုးဖောက်မှု ဆိုပြီး ရူဘယ် ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၄၈) ဒဏ်ငွေ ဆောင်စေခဲ့တယ်။

b လူဟန့်စ်ပြည်နယ်အစိုးရ (LPR) က နယ်မြေတချို့ ကို ထိန်းချုပ်ထားပါတယ်။

c ၂၀၁၄ နွေရာသီမှာ ယူကရိန်းသမ္မတက ဒွန်းညက်နဲ့ လူဟန့်စ်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်သားစုဆောင်းဖို့ အမိန့်ထုတ်ခဲ့တယ်။ ယခင်က ယူကရိန်းတပ်မှာ စစ်သားဖြစ်ခဲ့ဖူးပြီး ယခု ယေဟောဝါသက်သေဖြစ်နေသူ ဗစ်တာလီ ရှာလိုင်ကိုကို ဆင့်ခေါ်တဲ့အခါ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုကြောင်း တုံ့ပြန်ခဲ့တယ်။ စစ်သားစုဆောင်းရေးကာလအတွင်းမှာတောင် တပ်ထဲ မဝင်တဲ့သူ့ရဲ့ လုပ်ပိုင်ခွင့်ကို တရားမမှုနှင့် ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုများအတွက် ယူကရိန်း အထူးတရားရုံးချုပ်က ၂၀၁၅၊ ဇွန် ၂၃ ရက်နေ့မှာ အတည်ပြုပေးခဲ့တယ်။ ယူကရိန်းမှာရှိတဲ့ တခြားယေဟောဝါသက်သေထောင်ချီလည်း အလားတူ ရပ်တည်ခဲ့ကြတယ်။