မာတိကာဆီ ကျော်သွား

ယူကရိန်း စစ်ပွဲကြောင့် လုဒ်မီလာ မိုဇာလ်နဲ့ ကက်တရီးနား ရက်ဒေါ့စကာတို့ရဲ့ ခင်ပွန်းတွေ သေဆုံးသွား။ ယေဟောဝါနဲ့ ညီအစ်ကိုအသင်းအပင်းရဲ့ အကူအညီက ခံရပ်နိုင်ဖို့ ကူညီပေး

၂၀၂၂၊ဧပြီ ၂၂
ယူကရိန်း

“အဲဒီညက ယေဟောဝါ ကျွန်မလက်ကို ဆုပ်ကိုင်ထားရုံသာမက လက်တော်နဲ့ပါ ထွေးပွေ့ထား”

ယူကရိန်းက မုဆိုးမ ညီအစ်မနှစ်ယောက် ဘုရားကတိတွေကြောင့် ခွန်အားရှိလာ

“အဲဒီညက ယေဟောဝါ ကျွန်မလက်ကို ဆုပ်ကိုင်ထားရုံသာမက လက်တော်နဲ့ပါ ထွေးပွေ့ထား”

ညီအစ်မ လုဒ်မီလာ မိုဇာလ်နဲ့ ညီအစ်မ ကက်တရီးနား ရက်ဒေါ့စကာတို့ဟာ စစ်ကြောင့် ဖြစ်တဲ့ နာကျင်မှု၊ ဝမ်းနည်းမှုတွေကို ယေဟောဝါဘုရားရဲ့အကူအညီနဲ့ ခံရပ်နေကြတယ်။ သူတို့ရဲ့ခင်ပွန်းတွေ ဖြစ်တဲ့ ပီထရို မိုဇာလ်နဲ့ ဒမီထရို ရိုဒရော်စကီတို့ဟာ ယူကရိန်းစစ်ကြောင့် သေဆုံးတဲ့ ဦးဆုံး ယေဟောဝါသက်သေတွေထဲမှာ ပါတယ်။ ဝမ်းနည်းစရာက အခုထိ စစ်ကြောင့် သေဆုံးတဲ့ ညီအစ်ကို ညီအစ်မ ၃၄ ယောက် ရှိပြီ။

ပီထရိုနဲ့ လုဒ်မီလာ မိုဇာလ်

ပီထရို နဲ့ လုဒ်မီလာတို့ဟာ ၁၉၉၄ မှာ နှစ်ခြင်းခံခဲ့ကြတယ်။ အိမ်ထောင်သက်တမ်း ၄၃ နှစ် ရှိပြီ။

“နေ့တိုင်း ကျွန်မကို ညီအစ်ကို ညီအစ်မတွေ အားပေးနှစ်သိမ့်ကြတယ်။ ဖုန်းတွေ ခေါ်ကြတယ်။ ယူကရိန်းဌာနခွဲက လာတဲ့ ကရုဏာပါတဲ့ စာကြောင့် ကျွန်မ မျက်ရည်ကျမိတယ်” လို့ ညီအစ်မ လုဒ်မီလာ ပြောတယ်။

၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ မှာ စစ်ပွဲ စတင်တယ်။ လက်ဟန်ပြ အသင်းတော်မှာ အသင်းတော် အမှုထမ်းအဖြစ် အမှုဆောင်နေတဲ့ ညီအစ်ကို ပီထရိုဟာ ၂၀၂၂၊ မတ် ၁၊ ခါကိဗ်မြို့ အပြင်းအထန် ဗုံးပေါက်ကွဲချိန်မှာ မိသားစုနဲ့အတူ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးသွားတယ်။

ဗုံးပေါက်ကွဲပြီးလို့ ရက်အတော်ကြာပြီ ဖြစ်တဲ့ အဲဒီနေ့မှာ တိုက်ခိုက်ရေး လေယာဉ်တွေ ပျံသန်းလာပြီး မြို့ကို စတိုက်ကြတယ်။ လိုအပ်တဲ့ပစ္စည်း အနည်းငယ်ပဲ ယူပြီး နာရီဝက်အတွင်း သူတို့မိသားစု ထွက်ပြေးကြတယ်။ ပီထရိုနဲ့ လုဒ်မီလာက ကားတစ်စီး၊ သား အိုလက်ဆီနဲ့ ဇနီး မာရီးနာတို့က နောက်ကားတစ်စီး။ “လမ်းပေါ် မောင်းနေချိန်မှာပဲ ဂျက်လေယာဉ်တွေ စပြီး တိုက်ခိုက်တော့တယ်။ ပေါက်ကွဲမှုတွေကြောင့် ကားတောင် သိမ့်ခါသွားတယ်” လို့ လုဒ်မီလာ ပြောတယ်။

အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ပီထရိုဟာ အိုလက်ဆီရဲ့ကားနဲ့ မတိုက်မိအောင် ရုတ်တရက် ကွေ့လိုက်တယ်။ ဒါပေမဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ နှစ်ယောက်စလုံး ဆေးရုံ ပို့လိုက်ရပြီး နောက်ဆုံးမှာ ပီထရို ဆုံးပါးသွားတယ်။ ဗုံးကနေ လွင့်စင်လာတဲ့ သတ္တုစတွေကြောင့် လုဒ်မီလာရဲ့ ခြေထောက်နဲ့ ဗိုက်မှာ ဒဏ်ရာ ရသွားတယ်။ အိုလက်ဆီနဲ့ မာရီးနာတို့ကတော့ ဒဏ်ရာ မရကြဘူး။ သုံးရက်အကြာ ဆေးရုံက ဆင်းတော့မှပဲ ပီထရို သေဆုံးကြောင်း လုဒ်မီလာ သိရတယ်။

“ယေဟောဝါဘုရားရဲ့ ကြင်နာမှုနဲ့ အံ့ဖွယ် ရည်ရွယ်ချက်အကြောင်း စဉ်းစားလေ စိတ်ငြိမ်သက်မှု ပိုခံစားရလေပဲ။ ကမ္ဘာသစ်မှာ ကျွန်မခင်ပွန်းနဲ့ သေချာပေါက် ပြန်တွေ့ရမယ်။ အဲဒီပျော်စရာ အခိုက်အတန့် အမြန် ရောက်ချင်ပြီ” လို့ လုဒ်မီလာ ပြောတယ်။

ကက်တရီးနားနဲ့ ဒမီထရို ရိုဒရော်စကီ

ဒမီထရိုနဲ့ ကက်တရီးနားတို့ လက်ထပ်ထားတာ ၈ နှစ် ရှိပြီ။ အလုပ်ကနေ “ကိုယ်မကြာခင် အိမ်ပြန်လာတော့မယ်” လို့ ပြောခဲ့တာ နောက်ဆုံးစကားပဲ။

နာရီအနည်းငယ် အကြာ၊ ၂၀၂၂၊ မတ် ၈ ရက်မှာ ဒမီထရို မိုင်းနင်းမိပြီး ဆေးရုံတင်လိုက်ရပြီလို့ ကက်တရီးနားကို အလုပ်ဖော်တစ်ယောက် ဖုန်းဆက်ပြောတယ်။ ခွဲစိတ်နေရင်း ၅ နာရီ အကြာမှာပဲ သူ ဆုံးသွားတယ်။

ဒမီထရို ဆုံးတဲ့သတင်း ကြားပြီးနောက်ပိုင်း “အဲဒီညက ယေဟောဝါ ကျွန်မလက်ကို ဆုပ်ကိုင်ထားရုံသာမက လက်တော်နဲ့ပါ ထွေးပွေ့ထားတယ်။ ကျွန်မနဲ့ အနီးဆုံးမှာ ရှိနေတယ်လို့ ခံစားရတယ်” ဆိုပြီး ကက်တရီးနား ပြောတယ်။

အသက် ၂၈ နှစ် ရှိပြီ ဖြစ်တဲ့ ဒမီထရိုဟာ ၂၀၀၆ မှာ နှစ်ခြင်းခံခဲ့ပြီး ယူကရိန်းနိုင်ငံ၊ ဒွန်းညက် ဒေသမှာ အကြီးအကဲအဖြစ် အမှုဆောင်နေတယ်။

ဒမီထရိုအတွက် အောက်မေ့ပွဲ အခမ်းအနားအပြီး ခဏအကြာမှာ ကက်တရီးနားဟာ ယူကရိန်းက ပိုလုံခြုံတဲ့နေရာကို ရောက်ဖို့ ၁၂ နာရီကြာ ခရီးနှင်ခဲ့တယ်။ “ယူကရိန်းနဲ့ တခြားနိုင်ငံက ညီအစ်ကို ညီအစ်မတွေရဲ့ အားပေးမှုတွေ ရတယ်။ ညီအစ်ကို ညီအစ်မတွေရဲ့ မေတ္တာက ကျွန်မရဲ့ဝမ်းနည်းမှုကို သက်သာစေတယ်” လို့ ပြောတယ်။

“အမှုဆောင်လုပ်ငန်းကနေလည်း နှစ်သိမ့်မှုရတယ်။ . . . ကျွန်မအတွက် သိပ်ခက်ခဲလာတဲ့အခါ ကျမ်းစာထဲက ဖိလိပ္ပိ ၄:၆၊ ၇ လို ကျမ်းချက်တွေကို ပြန်ရွတ်တယ်” လို့ ဆက်ပြောတယ်။

ယူကရိန်းစစ်ကြောင့် ချစ်ရသူတွေ ဆုံးရှုံးလိုက်ရတဲ့ ညီအစ်ကို ညီအစ်မတွေအတွက် ခွန်အားနဲ့ နှစ်သိမ့်မှုကို ယေဟောဝါဘုရား ဆက်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြပါတယ်။—ဆာလံ ၆၁:၁-၃