မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၃၁၊ ၂၀၁၉
ယူကရိန်း

ECHR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းနိုင်ငံမှာ ဝတ်ပြုရာခန်းမ ဆောက်လုပ်ခွင့် လမ်းပွင့်

ECHR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းနိုင်ငံမှာ ဝတ်ပြုရာခန်းမ ဆောက်လုပ်ခွင့် လမ်းပွင့်

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က ၂၀၁၉၊ စက်တင်ဘာ ၃ ရက်နေ့မှာ ယူကရိန်းနိုင်ငံ၊ ကရီဗီရိမြို့က ယေဟောဝါသက်သေတွေကို အနိုင်ပေး ဆုံးဖြတ်ချက် ချလိုက်တယ်။ ယေဟောဝါသက်သေတွေ ဝတ်ပြုရာခန်းမ ဆောက်လုပ်ခွင့်ကို ကရီဗီရိမြို့ မြို့တော်ကောင်စီက တမင်တကာ မပေးတာဟာ ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်တယ်။

ယူကရိန်းနိုင်ငံ၊ ကရီဗီရိမြို့က ဝတ်ပြုရာခန်းမ ဆောက်မယ့် မြေကွက်ရှေ့မှာ ညီအစ်ကိုတွေကို တွေ့ရစဉ်

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း၊ အပိုဒ် ၉ (လွတ်လပ်စွာ တွေးတောကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ သက်ဝင်ကိုးကွယ်ခွင့်) နဲ့ အပိုဒ် ၁ (အဆောက်အအုံ ပိုင်ဆိုင်ခွင့် အာမခံချက်) ဖြစ်တဲ့ နိုင်ငံတကာ ဥပဒေတွေကို မြို့တော်ကောင်စီက ချိုးဖောက်ရာရောက်တဲ့အတွက် အဆောက်အအုံ ပိုင်ဆိုင်ထားတဲ့ အသင်းတော်နှစ်ခုကို နစ်နာကြေးနဲ့ တရားရုံး ကုန်ကျစရိတ် ယူရို ၇,၀၀၀ (၇,၇၆၈ ဒေါ်လာခန့်) ပေးရမယ်လို့ တရားရုံး ဆုံးဖြတ်ချက်မှာ ဖော်ပြထားတယ်။ ယူကရိန်းအစိုးရဟာ တရားရုံး ဆုံးဖြတ်ချက်ကို ECHR ရဲ့ အမြင့်ဆုံး တရားရုံး ဖြစ်တဲ့ အထက်တရားရုံးမှာ သုံးလအတွင်း အယူခံဝင်နိုင်ပါတယ်။

ကရီဗီရိမြို့က အသင်းတော်နှစ်ခုဟာ ဝတ်ပြုရာခန်းမ ဆောက်ခွင့် ရဖို့ ပထမဆုံး လျှောက်လွှာ တင်တာ အခုဆိုရင် ၁၅ နှစ် ကျော်နေပါပြီ။ ၂၀၀၄၊ ဩဂုတ် ၉ ရက်နေ့မှာ မြို့တော်နယ်မြေအတွင်းက မြေကွက်တစ်ကွက် ဝယ်ပြီး ဝတ်ပြုရာခန်းမ ဆောက်လုပ်ခွင့် လျှောက်လွှာ တင်ခဲ့တယ်။ မြို့တော်ကောင်စီက ၂၀၀၅၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကနဦး ခွင့်ပြုချက် ပေးလိုက်တယ်။ အဲဒီအပြင် ဆောက်လုပ်ရေး စနိုင်ဖို့အတွက် အပြီးသတ် ခွင့်ပြုချက် ရဖို့ အစိုးရဌာနတချို့နဲ့ ဆွေးနွေးသုံးသပ်ဖို့ လိုကြောင်းကိုလည်း မြို့တော်ကောင်စီက ညီအစ်ကိုတွေကို အသိပေးလိုက်တယ်။

အစီအစဉ်တွေ အဆင့်ဆင့် လုပ်ဆောင်ပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်အားလုံးရဲ့ ခွင့်ပြုချက်ကို ရယူတယ်။ အဲဒီနောက် အပြီးသတ် ခွင့်ပြုချက် ရဖို့ ၂၀၀၆၊ ဩဂုတ် ၂၃ ရက်နေ့မှာ မြို့တော်ကောင်စီထံ လျှောက်လွှာ တင်လိုက်တယ်။ တကယ်တမ်းဆိုရင် တစ်လအတွင်း ဆုံးဖြတ်ချက် ချပေးဖို့ ဥပဒေ တောင်းဆိုချက် ရှိပေမဲ့ မြို့တော်ကောင်စီက ညီအစ်ကိုတွေရဲ့ လျှောက်လွှာကို လုံးဝ အကြောင်းမပြန်ခဲ့ဘူး။ ဒေသန္တရ တရားရုံးက မြို့တော်ကောင်စီရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီကြောင်း အတည်ပြုပေးပြီးတာတောင် မြို့တော်ကောင်စီက အပြီးသတ် ခွင့်ပြုချက်ကို ထုတ်မပေးခဲ့ဘူး။ တခြားတရားရုံးတွေကလည်း ညီအစ်ကိုတွေကို အကူအညီ မပေးတဲ့အတွက် ညီအစ်ကိုတွေက ၂၀၁၀၊ ဧပြီ ၁၃ ရက်နေ့မှာ ECHR ထံ တိုင်စာ တင်လိုက်တယ်။

ECHR က ကရီဗီရိမြို့က ညီအစ်ကိုတွေကို အနိုင်ပေး ဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။ ECHR ရဲ့ ဆုံးဖြတ်ချက်က ယေဟောဝါကို ဝတ်ပြုဖို့ ခန်းမ ဆောက်လုပ်ခွင့် မရတဲ့ နယ်မြေတွေက ညီအစ်ကိုတွေအတွက် အထောက်အကူ ဖြစ်စေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဆာလံ ၁၁၈:၅-၉