ဒီဇင်ဘာ ၂၀၊ ၂၀၁၈
ရုရှား
ဒီဇင်ဘာ ၂၁ ရက်မှာ ညီအစ်ကို အာကဒီယာ အကိုပီယန်ရဲ့အမှုကို နောက်ဆုံးအကြိမ် ကြားနာစစ်ဆေး
ရုရှားနိုင်ငံ၊ ကာဘာဒီနို ဘာလ်ကာရီယားဒေသက စက်ချုပ်သမားဟောင်း ညီအစ်ကို အာကဒီယာ အကိုပီယန် (အသက် ၇၀ ) ရဲ့အမှုကို ၂၀၁၈၊ ဒီဇင်ဘာ ၂၁ မှာ နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးပါမယ်။ ပရိုခလတ်နီ ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတာ တစ်နှစ်ကျော်ပါပြီ။ “အစွန်းရောက်” စာပေတွေ ဝေငှမှု၊ ဝတ်ပြုရာခန်းမမှာ ဘာသာရေးတရား ဟောပြောလို့ “ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်တဲ့ပြစ်မှု” ကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမှုစစ်ဆေးခံနေရတာပါ။
ညီအစ်ကို အကိုပီယန်ရဲ့ ဟောပြောချက် အသံသွင်းထားတာကို ရုရှား တရားစီရင်ရေး ကျွမ်းကျင်သူများ လေ့လာမှုအဖွဲ့က လေ့လာဖို့ ၂၀၁၈၊ မေလမှာ တရားသူကြီး အမိန့်ချခဲ့တယ်။ အဆိုပါ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုအရ မစ္စတာ အကိုပီယန်ရဲ့ ဟောပြောချက်မှာ ဘာသာရေး အမုန်းပွားစေတဲ့စကားတွေ ပါကြောင်း ဒီဇင်ဘာ ၄ ရက်မှာ တရားရုံးကဆိုတယ်။ ဒီဇင်ဘာ ၂၁ မှာ တရားသူကြီး စီရင်ချက်ချမချ မသိရသေးပါဘူး။ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ရင် ညီအစ်ကို အကိုပီယန်အနေနဲ့ ဒဏ်ငွေ အမြောက်အမြားဖြစ်စေ၊ ထောင်ဒဏ် လေးနှစ်ဖြစ်စေ ပြစ်ဒဏ်ကျခံရနိုင်တယ်။
ရုရှားနိုင်ငံမှာ ညီအစ်ကို အကိုပီယန်လိုပဲ ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံနေရတဲ့ ယေဟောဝါသက်သေ အယောက် ၁၀၀ ကျော် ရှိတယ်။ ဒါကြောင့် ယုံကြည်ခြင်း ခိုင်မြဲနေသူ ညီအစ်ကို/မအားလုံး ဘုရားပေး ငြိမ်သက်ခြင်း ဆက်ရှိနိုင်စေဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ဧဖက် ၆:၁၁-၁၄၊ ၂၃။