မာတိကာဆီ ကျော်သွား

အိုရွိုလ် ခရိုင်တရားရုံး

မေ ၁၄၊ ၂၀၁၉
ရုရှား

ခရစ်တန်ဆန်ရဲ့ အယူခံကြားနာမှု ပြီးဆုံးခါနီးပြီ

ခရစ်တန်ဆန်ရဲ့ အယူခံကြားနာမှု ပြီးဆုံးခါနီးပြီ

ယုံကြည်ကိုးကွယ်မှု အကြောင်းပြချက်နဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတဲ့ ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အမှုကို အိုရွိုလ်မြို့ ခရိုင်တရားရုံးမှာ ၂၀၁၉၊ မေ ၇ ရက်၊ အင်္ဂါနေ့က စတင်ကြားနာပါတယ်။ လောလောဆယ်မှာတော့ အဲဒီတရားရုံးဟာ ရုရှားနိုင်ငံက တခြားတရားရုံးတွေလိုပဲ ဒဲနစ္စမှာ အပြစ်မရှိဘူးဆိုတဲ့ တရားလိုရှေ့နေတွေရဲ့ သက်သေအထောက်အထားတွေကို လက်ခံစဉ်းစားခြင်း မရှိပါဘူး။ ဒီအပတ်အကုန်ပိုင်း ကြားနာပြီးတဲ့အခါ တရားသူကြီးသုံးဦးအဖွဲ့က စီရင်ချက် ထုတ်ပြန်ပါမယ်။

ကြားနာမှု ပထမနေ့မှာ ဒဲနစ္စကို အားပေးတဲ့အနေနဲ့ ညီအစ်ကို/မ အတော်များများ တရားရုံးကို လာကြတယ်။ နိုင်ငံအသီးသီးက သံတမန်တွေ၊ သတင်းသမားတွေ၊ လူ့အခွင့်အရေး ထောက်ခံအားပေးသူတွေလည်း လာကြတယ်။ လူ ၂၀-၂၅ ယောက်ပဲ ဆံ့တဲ့ အခန်းလေးထဲမှာ ကြားနာတာဖြစ်လို့ အယောက် ၅၀ ကျော်က အပြင်မှာ ရပ်နေရတယ်။ ဒဲနစ္စရဲ့ ရှေ့နေ တောင်းဆိုမှုကြောင့် လူ ၈၀ နီးပါး ဆံ့တဲ့ အခန်းကို ပြောင်းရွှေ့ ကြားနာခွင့် ရသွားတယ်။ သုံးနာရီပဲ ကြားနာပြီးနောက် ရွှေ့ဆိုင်းလိုက်တယ်။

ဒုတိယနေ့မှာ တရားလိုရှေ့နေတွေက ဒဲနစ္စ အပြစ်ကင်းကြောင်း ဖော်ပြတဲ့ အထောက်အထား အတော်များများကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုပေမဲ့ တရားသူကြီးတွေ လက်မခံကြဘူး။ စိတ်မကောင်းစရာပါပဲ။ မတရား စီရင်ခံရကြောင်း ဒီအထောက်အထားတွေက သက်သေထူလိမ့်မယ်လို့ ဒဲနစ္စရဲ့ ရှေ့နေတွေ ယုံကြည်ထားကြလို့ပါ။ အဲဒီနောက် မေ ၁၆ ရက်၊ ကြာသပတေးနေ့မှာ နောက်ဆုံး လျှောက်လဲချက်ကို ပြန်ကြားနာမယ်လို့ ကြေညာတယ်။

ရုရှားမှာရှိတဲ့ ညီအစ်ကိုတွေ စိတ်ငြိမ်သက်မှု ခံစားရစေဖို့၊ သူတို့ကို အထင်သေးသူတွေ လက်ကနေ ကယ်တင်မယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို ယုံကြည်စိတ်ချနေစေဖို့ ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။—ဆာလံ ၁၂:၅