ဇွန် ၁၅၊ ၂၀၂၁
ရုရှား
ချီယာဘင့်စ်မြို့က ခုနစ်ဆယ့်ငါးနှစ်အရွယ် ညီအစ်ကိုတစ်ဦး ဘာသာရေး နှိပ်ကွပ်မှု ခံနေရ
နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ
၂၀၂၁၊ အောက်တိုဘာ ၁၅ မှာ ချီယာဘင့်စ်ဒေသ ခရိုင်တရားရုံးက ညီအစ်ကို ဆူဗိုရို့ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ထောင်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။
၂၀၂၁၊ ဇူလိုင် ၁ မှာ ချီယာဘင့်စ်မြို့၊ မီတလော့ဂျီချက်စကီ ခရိုင်တရားရုံးက အသက် ၇၅ နှစ်အရွယ် ညီအစ်ကို ဗလာဒီမာ ဆူဗိုရို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချလိုက်ပါတယ်။
ကိုယ်ရေးအကျဉ်း
ဗလာဒီမာ ဆူဗိုရို့
မွေးဖွားတဲ့နှစ်။ ၁၉၄၆ (ချီယာဘင့်စ်မြို့)
ဘဝအတ္ထုပ္ပတ္တိ။ စက်ပြင်ဆရာ၊ ပြဇာတ်သရုပ်ဆောင်၊ ဆိုဗီယက် ယဉ်ကျေးမှုဗိမာန်မှာ လက်ထောက် ဒါရိုက်တာ လုပ်ဖူးတယ်။ တေးရေး၊ ဂီတ ဝါသနာပါတယ်
၁၉၇၃ မှာ ဗာလင်တီနာနဲ့ လက်ထပ်တယ်။ ၁၉၉၃ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ ၂၀၁၄ မှာ သား အီဂေါ် ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်
အမှုနောက်ကြောင်း
၂၀၂၀၊ ဇန်နဝါရီ ၁၆ ရက်၊ ချီယာဘင့်စ်မြို့မှာ အသက် ၇၅ နှစ်အရွယ် ညီအစ်ကို ဗလာဒီမာ ဆူဗိုရို့ဟာ ရာဇဝတ်မှုနဲ့ စစ်ကြောခံရတယ်။ ချီယာဘင့်စ်ဒေသ ထောက်လှမ်းရေးက ဗလာဒီမာကို ဘုရားသီချင်း ဆိုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဆွေးနွေးခြင်း အပါအဝင် ဘာသာရေး လုပ်ဆောင်မှုတွေ စီစဉ်သူလို့ စွဲချက်တင်တယ်။
၂၀၂၀၊ ဖေဖော်ဝါရီမှာ အရာရှိတွေက ဗလာဒီမာကို စတင် စစ်ကြောပြီး ခရီးသွားလာခွင့် ပိတ်လိုက်တယ်။ ၂၀၂၀၊ ဇွန် ၁၇ မှာ တရားစွဲကြတယ်။ ကြုံခဲ့ရသမျှ စမ်းသပ်မှုတွေထဲမှာ ဒီမတရားမှုဒဏ်ဟာ ခံရအခက်ဆုံးပဲလို့ ဗလာဒီမာ ပြောတယ်။ ဒါပေမဲ့ “ကျွန်တော်တို့ကို ယေဟောဝါဘုရား ဘယ်တော့မှ မစွန့်ဘူး။ . . . ယေဟောဝါနဲ့ ပိုလို့တောင် ရင်းနှီးလာတယ်။ ယေဟောဝါရဲ့ ကူညီမှုကို ကျွန်တော်နဲ့ ဗာလင်တီနာ ခံစားရတယ်။ ညီအစ်ကို/မတွေနဲ့ ကိုယ့်အသင်းတော်က မဟုတ်တဲ့သူတွေကတစ်ဆင့် အားပေးနှစ်သိမ့်တယ်၊ ခွန်အားပေးတယ်” လို့ သူ ပြောတယ်။
ဗလာဒီမာရဲ့ အမှုကို ကြားနာနေတဲ့ တရားရုံးကပဲ ၂၀၂၁၊ မတ် ၁၁ တုန်းက အသက် ၇၃ နှစ်အရွယ် ဗာလင်တီနာကို အပြစ်ရှိတယ်လို့ စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ချလိုက်တာပါ။ ယေဟောဝါ အတူရှိပြီး ထောက်မပေးနေတယ်ဆိုတာ သူတို့ အခိုင်အမာ ယုံကြည်စိတ်ချတယ်။ a—ဆာလံ ၁၁၈:၆။
a အုပ်ချုပ်ရေး အဖွဲ့ဆီက နောက်ဆုံးရ သတင်း #၄ ထဲက ညီအစ်ကိုနဲ့ ညီအစ်မ ဆူဗိုရို့တို့ရဲ့ လူတွေ့မေးမြန်းခန်းကို ကြည့်ပါ (၁၀:၀၂)။