မာတိကာဆီ ကျော်သွား

ဘယ်ဘက်ထိပ်ကနေ လက်ယာရစ်– ညီအစ်ကို ယေ့ဂျနီ ဒက်ရှ်ကို၊ ညီအစ်ကို ရုစလန် ကိုရိုယော့ဗ်၊ ညီအစ်ကို ဗစ်တာ မဲလ်ကော့နဲ့ ဇနီး ဗီရာ၊ ညီအစ်ကို ဗာလေရီ ရှာလစ်နဲ့ ဇနီး စဗယ်လာနာ။ ဒီညီအစ်ကိုတွေနဲ့အတူ အမှုဖွင့်ခံရတဲ့ ညီအစ်ကို မဲလ်ကော့ဟာ အမှု မပြီးခင်မှာပဲ သေဆုံးသွားတယ်

၂၀၂၁၊ မတ် ၂၄
ရုရှား

စမိုလင့်ခ်ပြည်နယ်က ညီအစ်ကို လေးယောက် ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းမှုနဲ့ ထောင်ဒဏ် ခံရ

စမိုလင့်ခ်ပြည်နယ်က ညီအစ်ကို လေးယောက် ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းမှုနဲ့ ထောင်ဒဏ် ခံရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ သြဂုတ် ၃၁ မှာ စမိုလင့်ခ် စက်မှုခရိုင်တရားရုံးက ညီအစ်ကို ဒက်ရှ်ကို၊ ကိုရိုယော့ဗ်၊ ရှာလစ်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ မူလ ချမှတ်တဲ့ ပြစ်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ်မှာ သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ရုရှားတရားရုံးက ညီအစ်ကို သုံးဦးကို “အစွန်းရောက်” အဖြစ် ကြေညာ

၂၀၂၁၊ ဧပြီ ၂၃ မှာ စမိုလင့်ခ် ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ ဒက်ရှ်ကို၊ ရုစလန် ကိုရိုယော့ဗ်၊ ဗာလေရီ ရှာလစ်တို့ရဲ့ အမှုကို စီရင်ချက် ချလိုက်ပါတယ်။ ညီအစ်ကို ကိုရိုယော့ဗ်နဲ့ ရှာလစ်ကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်ခွဲ၊ ညီအစ်ကို ဒက်ရှ်ကိုကိုတော့ ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

ယေ့ဂျနီ ဒက်ရှ်ကို

  • မွေးဖွားတဲ့နှစ်။ ၁၉၈၉ (ဆိုချီ)

  • ဘဝအတ္ထုပ္ပတ္တိ။ အနှိပ်ပညာနဲ့ ကုသပေးသူ၊ ကားမောင်းသမား၊ လျှပ်စစ်ပြုပြင်သူအဖြစ် အလုပ်လုပ်တယ်။ သက်သေခံ မိသားစုမှာ ကြီးပြင်းလာတယ်။ ကျမ်းစာ စံနှုန်းတွေကို လေးမြတ်တဲ့အတွက် စစ်မှုထမ်းဖို့ ငြင်းပယ်ခဲ့တယ်။ ၂၀၁၂ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၂ ကနေ ၂၀၁၄ အထိ အစားထိုး အရပ်ဘက်လုပ်ငန်းအဖြစ် သက်ကြီးရွယ်အို ဆေးရုံမှာ အကူလုပ်တယ်

ရုစလန် ကိုရိုယော့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၂ (စမိုလင့်ခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်စဉ်ကတည်းက လျှပ်စစ်ပစ္စည်း ပြုပြင်တာကို ဝါသနာပါတယ်။ နောက်ပိုင်း စက်ပြင်သူ ဖြစ်လာတယ်။ ရုရှား စစ်တပ်မှာ အမှုထမ်းခဲ့တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာတဲ့အခါ ကျမ်းစာအမှန်တရားကနေ နှစ်သိမ့်မှု ရပြီး ၂၀၀၄ မှာ နှစ်ခြင်းခံတယ်

ဗစ်တာ မဲလ်ကော့

  • မွေးဖွားတဲ့နှစ်။ ၁၉၅၉ (စမိုလင့်ခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ စက်ပြင်သူ၊ လက်သမား၊ အိမ်မိုးပြင်သူအဖြစ် အလုပ်လုပ်တယ်။ ၁၉၉၂ မှာ ဇနီး ဗီရာနဲ့ လက်ထပ်တယ်။ ဘောလုံးကစားတာ နှစ်သက်တယ်။ အမြင်အာရုံ ချို့တဲ့နေတဲ့ အစ်ကိုကို ကူညီပေးတယ်

    ကြမ်းတမ်းတဲ့ စရိုက်ကြောင့် ထောင်ခုနစ်နှစ် ကျဖူးတယ်။ အိမ်ထောင် ကွာရှင်းခါနီး ဖြစ်ခဲ့တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာပြီးနောက်မှာတော့ အေးအေးနေတတ်သူ၊ ဥပဒေ လိုက်နာတဲ့ နိုင်ငံသား၊ ပုံသက်သေကောင်းတဲ့ ခင်ပွန်း ဖြစ်လာတယ်။ ၂၀၀၈ မှာ နှစ်ခြင်းခံတယ်။ ၂၀၂၀၊ ဧပြီ ၂၆ ရက်မှာ သေဆုံးသွားတယ်

ဗာလေရီ ရှာလစ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (ရာ့စဗို)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်စဉ်မှာ အင်္ဂလိပ်စာ လေ့လာတယ်။ စစ်တက္ကသိုလ်ကနေ ဘွဲ့ရတယ်။ ရုရှား အရှေ့ဖျားမှာ စစ်တပ်စာရင်းကိုင်အဖြစ် လုပ်တယ်။ စစ်တပ်ကနေ ထွက်ပြီးနောက် ငွေကြေး အတိုင်ပင်ခံအဖြစ် အလုပ်လုပ်တယ်။ ကောလိပ်မှာ ဆုံခဲ့တဲ့ စဗယ်လာနာနဲ့ ၁၉၉၉ မှာ လက်ထပ်တယ်။ စဗယ်လာနာရဲ့ လေးနှစ်အရွယ် သားကိုလည်း မွေးစားလိုက်တယ်။ ပြေးတာ၊ ဘောလုံးကစားတာ နှစ်သက်တယ်

    မိခင်က ယေဟောဝါသက်သေတွေနဲ့ ဦးဆုံး ကျမ်းစာလေ့လာပြီး ဗာလေရီကို ပြောပြတယ်။ မိခင်ရဲ့ ယုံကြည်ချက်အသစ် မှားကြောင်း ပြဖို့ ကြိုးစားပေမဲ့ နောက်ဆုံး အမှန်တရားဆိုတာ သိလာတယ်။ ၂၀၀၂ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို တရားရုံးချုပ် မပိတ်ပင်ခင်ကတည်းက စမိုလင့်ခ်မှာ နှိပ်စက်မှုတွေ စနေပြီ။ ၂၀၁၆၊ ဒီဇင်ဘာ ၁၆ တုန်းက စမိုလင့်ခ် ဝတ်ပြုရာခန်းမမှာ ညီအစ်ကို/မ ၆၀ လောက် ဝတ်ပြုနေတုန်း လက်နက်ကိုင် ရဲအရာရှိ ၁၅ ယောက်က ဝင်ရောက်နှောင့်ယှက်ကြတယ်။ ဝင်ရောက်ရှာဖွေချိန်မှာ ရုရှား အစိုးရ သတ်မှတ်ထားတဲ့ အစွန်းရောက် စာပေတွေကို ရဲတွေ ကိုယ်တိုင် ထားပြီး “ရှာတွေ့” တဲ့ ပုံစံနဲ့ အမှုဆင်ကြတယ်။

၂၀၁၈ နဲ့ ၂၀၁၉ မှာ ဆက်တိုက် ဝင်ရောက် ရှာဖွေတာ၊ ဖမ်းဆီးတာ၊ အကျဉ်းချတာတွေ လုပ်ကြတယ်။ ၂၀၁၉၊ ဧပြီ ၂၅ မှာ အိမ်တွေကို ရဲတွေ ဝင်ရောက်ရှာဖွေကြပြီး ညီအစ်ကို ရုစလန် ကိုရိုယော့ဗ်၊ ဗာလေရီ ရှာလစ်နဲ့ ဗစ်တာ မဲလ်ကော့တို့ကို ဖမ်းဆီးတယ်။ ညီအစ်ကို ဗစ်တာက ရဲအရာရှိကို “ကျွန်တော် ရန်ဖြစ်လို့ ထောင်ခုနစ်နှစ် ကျဖူးတယ်။ နောက်ပိုင်း ယုံကြည်သူ ဖြစ်လာတယ်။ အခု ကျွန်တော့်ကို သတင်းကောင်း ဟောပြောလို့ ထောင်ချချင်တာလား” ဆိုပြီး ပြောခဲ့တယ်။

တခြားညီအစ်ကိုတွေကို ဖမ်းဆီးပြီးနောက် အတော်ကြာမှ ညီအစ်ကို ယေ့ဂျနီ ဒက်ရှ်ကို အဖမ်းခံရတယ်။ ယေ့ဂျနီက “ကျွန်တော်လည်း အဖမ်းခံရနိုင်တယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတယ်” လို့ ပြောတယ်။ “ရဲစွမ်းသတ္တိ ရှိပါလို့ ငါ မိန့်မှာထားတယ် မဟုတ်လား။ မကြောက်ပါနဲ့။ မင်းရဲ့ ဘုရားသခင် ယေဟောဝါဟာ မင်း သွားလေရာမှာ အတူရှိနေမယ်” ဆိုပြီး ယောရှုကို ပြောတဲ့ ယေဟောဝါရဲ့ စကားတွေက သူ့ကို ဆက်ခွန်အားရှိစေတယ်။ (ယောရှု ၁:၉) “ဒီစကားထဲမှာ သတ္တိရှိဖို့ ပြောထားသလို ကူညီပေးမယ်ဆိုတဲ့ ကတိလည်း ပါတယ်” လို့ ယေ့ဂျနီ ပြောတယ်။

အချုပ်ကျနေချိန် မဿဲ ၆:၃၄ မှာ ပါတဲ့ ယေရှုရဲ့ စကားတွေကို တွေးတောဆင်ခြင်တယ်လို့ ရုစလန် ပြောတယ်။ ဘာဖြစ်လာမလဲဆိုပြီး တွေးပူနေမယ့်အစား “စာရေးတယ်၊ ကျမ်းစာဖတ်တယ်၊ တခြားအချုပ်ကျနေသူတွေကို အမှန်တရားအကြောင်း ပြောတယ်။ ဒါကြောင့် စိုးရိမ်နေဖို့ အချိန်မရှိဘူး” လို့ ရုစလန် ပြောတယ်။

၂၀၂၀၊ မတ်လမှာ ဖယ်ဒရယ် လုံခြုံရေးဌာနက (FSB) စစ်ဆေးရေးမှူး ဂျီပီဘီရုကော့က ညီအစ်ကို လေးယောက်အပေါ် ကန့်သတ်ထားတာတွေကို လျှော့ချပေးလိုက်တယ်။ အချုပ်ထဲမှာ၊ နေအိမ်အကျယ်ချုပ်မှာ သူတို့ တစ်နှစ်နီးပါး နေခဲ့ရတယ်။ သစ္စာရှိ ညီအစ်ကိုတွေရဲ့ အပြုသဘောထား၊ အဖမ်းခံနေရချိန် အာဏာပိုင်တွေကို နာခံမှု ပြခဲ့လို့ ဒီလို အခွင့်အရေး ရကြတာ ဖြစ်တယ်။ စစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်မှာ၊ အန္တရာယ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ စစ်ဆေးရေးမှူး ယုံကြည်စိတ်ချလို့ လွတ်လပ်ခွင့် ပိုပေးလိုက်တာ။

လွှတ်ပေးပြီး မကြာခင်မှာပဲ ဗစ်တာ သေဆုံးသွားတယ်။ အဲဒီလို ဖျားနာပြီး သေဆုံးသွားတာဟာ အချုပ်စခန်း အခြေအနေ ဆိုးရွားလို့၊ ရာဇဝတ်မှုနဲ့ စစ်ဆေးချိန်တွေမှာ စိတ်ဖိစီးမှု များလွန်းလို့ ဖြစ်နိုင်တယ်။

အဆုံးအထိ သစ္စာရှိခဲ့တဲ့ ဗစ်တာနဲ့ တခြားသူတွေရဲ့ ပုံသက်သေအတိုင်း လိုက်လျှောက်ဖို့ ရုစလန်၊ ဗာလေရီ၊ ယေ့ဂျနီတို့ ဆုံးဖြတ်ထားကြတယ်။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ အာရုံစိုက်တဲ့အတွက် နှိပ်စက်မှုတွေကို ခံနိုင်ရုံသာမက ဆက်ပြီးတော့လည်း ပျော်ရွှင်နေကြတယ်။

“ထောင်ကျတော့ အရင်ကထက် ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ ကျမ်းစာ ပုံမှန် ဖတ်တယ်။ ထောင်ဆိုတာ နေလို့ကောင်းတဲ့နေရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ ထောက်မမှု မရတဲ့သူတွေတောင် ခံနိုင်ကြတာပဲ။ ယေဟောဝါရဲ့ ထောက်မမှု ရှိထားတဲ့ ကျွန်တော်တို့က သေချာပေါက် ခံရပ်နိုင်ပါတယ်” လို့ ဗာလေရီ ပြောတယ်။

ယေဟောဝါရဲ့ ကူညီပေးမှုကို ပိုယုံကြည်စိတ်ချလာတယ်လို့ ယေ့ဂျနီ ပြောတယ်။ “ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် ကူညီပေးမယ်ဆိုတာ စိတ်ချတယ်။ အထူးသဖြင့် ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ကြုံတဲ့အခါပေါ့။ ဒါကြောင့် ရှေ့မှာ ဘယ်စမ်းသပ်မှုတွေ ကြုံရမလဲဆိုပြီး တွေးမပူတော့ဘူး” လို့ ပြောတယ်။

တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်ပါစေ “ဒီအခက်အခဲတွေ အားလုံးကို ခံရပ်နိုင်ဖို့၊ ဆက်သစ္စာရှိနိုင်ဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်” လို့ ယေ့ဂျနီ ပြောတယ်။

ဒီညီအစ်ကိုတွေနဲ့ မိသားစုဝင်တွေဟာ ဒီခက်ခဲချိန်တစ်လျှောက် ယေဟောဝါရဲ့ အကူအညီနဲ့ ဝမ်းမြောက်စွာ ဆက်ခံရပ်သွားနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၂ သက်သာလောနိတ် ၃:၅