မာတိကာဆီ ကျော်သွား

ဇွန် ၂၊ ၂၀၁၇
ရုရှား

ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားလို့ အယူခံဝင်​တာ​ကို အို​ရွိုလ် ဒေသန္တရ တရားရုံး​က ကြားနာ​မယ်

ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားလို့ အယူခံဝင်​တာ​ကို အို​ရွိုလ် ဒေသန္တရ တရားရုံး​က ကြားနာ​မယ်

နောက်ဆုံး​သတင်း- ၂၀၁၇၊ ဇွန် ၇ ရက်မှာ ကြားနာ​မယ့်​ကိစ္စ​ကို အကန့်အသတ်​မရှိ ရွှေ့ဆိုင်း​လိုက်ပါ​တယ်။

ဒိန်းမတ်​နိုင်ငံသား ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း မပြု​ဘဲ ချုပ်နှောင်​ထားခြင်း​အတွက် အယူခံ​မှု​ကို အို​ရွိုလ် ဒေသန္တရ တရားရုံး​က ၂၀၁၇၊ ဇွန် ၇ ရက်၊ မွန်းလွဲ ၂:၀၀ မှာ ကြားနာ​ပါ​မယ်။ အသင်းတော်ရဲ့ ကြားရက်​ဝတ်ပြု​ချိန်​အတွင်း ရဲတွေ ရုတ်တရက် ဝင်ရောက်​ဖမ်းဆီး​ချိန်၊ ၂၀၁၇၊ မေ ၂၅ ရက်မှာ ယေဟောဝါသက်သေများရဲ့ အို​ရွိုလ်​အသင်းတော် အကြီးအကဲ မစ္စတာ ခရစ်​တန်​ဆန် အဖမ်းခံရ​ပါတယ်။

ယေဟောဝါသက်သေများရဲ့ ဘာသာရေး လွတ်လပ်မှုကို ရုရှား​အစိုးရက နှစ်ရှည်လများ တိုက်ခိုက်​ခဲ့​ရာ​မှာ အို​ရွိုလ် ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း (LRO) ဟာ “အစွန်းရောက်​လုပ်ရပ်” အဖြစ် စွဲချက် တင်​ခံရပြီး ၂၀၁၆၊ ဇွန်လမှာ ဖျက်သိမ်း​ခံခဲ့ရ​ပါတယ်။ ရုရှား​နိုင်ငံရှိ ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေး​ဌာန​နဲ့ LRO တွေကို တရားရုံးချုပ်​က ဖျက်သိမ်း​ခဲ့​ပါတယ်။ ဒါကြောင့် အို​ရွိုလ်​မြို့ရှိ သက်သေခံတွေ ဝတ်ပြုဖို့ စုဝေးခြင်း​ဟာ တရားမဝင် အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းကို ဆက်လက်​လုပ်ဆောင်​ရာ​ရောက်တယ်လို့ ဖယ်ဒရယ် လုံခြုံရေး​ဌာန (FSB) က စွပ်စွဲ​ပါတယ်။

FSB က မစ္စတာ ခရစ်​တန်​ဆန်​ကို ဖျက်သိမ်း​ထားတဲ့ အို​ရွိုလ် LRO အဖွဲ့ဝင် ဖြစ်တယ်​ဆိုတဲ့ စွဲချက်​နဲ့ ရာဇဝတ်သား​အဖြစ် သတ်မှတ်​စစ်ဆေး​ခဲ့​ပါတယ်။ ဒါပေမဲ့ မစ္စတာ ခရစ်​တန်​ဆန်​ဟာ ဘယ်​တုန်း​ကမှ စွဲ​ဆို​ထားတဲ့​အဖွဲ့ဝင် မဖြစ်ခဲ့​ဖူး​ပါဘူး။ နိုင်ငံခြားသား​တစ်ယောက်မို့ စွဲ​ဆို​ထားတဲ့​အမှု တည်ဆောက်ဖို့ အထောက်အထားတွေကို FSB က မစုဆောင်း​ခင် ထွက်ပြေး​သွားနိုင်တယ်​လို့ အစိုးရ​ရှေ့နေ​က ယူဆတဲ့​အတွက် ခရစ်​တန်​ဆန်​ဟာ ၂၀၁၇၊ ဇူလိုင် ၂၃ ရက်​အထိ ချုပ်နှောင်ခံရ​ပါ​မယ်။

ယေဟောဝါ​သက်သေတွေဟာ မစ္စတာ ခရစ်​တန်​ဆန် ချုပ်နှောင်ခံရ​မှု​ကို အယူခံဝင်​ထားတဲ့​အပြင် နိုင်ငံတကာ​ခုံရုံး​ကို တိုင်တန်း​ဖို့ ပြင်ဆင်​နေကြပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်​ကြောင့် ရုရှား​နိုင်ငံရှိ ယေဟောဝါ​သက်သေ​များစွာဟာ လူတွေရဲ့ မတရား​စော်ကားမှု၊ အစိုးရ​လုပ်ရပ်​ရဲ့ ဆိုးကျိုး​တွေကို ခံ​နေကြပါတယ်။