မာတိကာဆီ ကျော်သွား

ဘယ်မှညာသို့– ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့၊ ညီအစ်မ ဗီနီရာ ဒါလာဗားနဲ့ သမီးဖြစ်သူ ညီအစ်မ ဒါယာ ဒါလာဗားတို့ကို အမှု မရင်ဆိုင်ရခင်က တွေ့ရစဉ်

ဇန်နဝါရီ ၂၄၊ ၂၀၂၀
ရုရှား

ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်ကို ရုရှားနိုင်ငံ၊ ကာပင်မြို့တရားရုံးက စီရင်ချက်ချတော့မယ်

ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်ကို ရုရှားနိုင်ငံ၊ ကာပင်မြို့တရားရုံးက စီရင်ချက်ချတော့မယ်

၂၀၂၀၊ ဇန်နဝါရီ ၂၇၊ တနင်္လာနေ့မှာ ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့၊ ညီအစ်မ ဗီနီရာနဲ့ ဒါယာ ဒါလာဗားတို့ကို ကာပင်မြို့တရားရုံးက စီရင်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။ ညီအစ်ကို ပရီယန်နီကော့နဲ့ ညီအစ်မ ဗီနီရာ ဒါလာဗားကို ဆိုင်းငံ့ ထောင်ဒဏ်သုံးနှစ်၊ ညီအစ်မ ဒါယာ ဒါလာဗားကို ဆိုင်းငံ့ ထောင်ဒဏ်နှစ်နှစ်ချဖို့ အစိုးရရှေ့နေက တောင်းဆိုထားတယ်။

၂၀၁၆၊ ဧပြီ ၁၉ ရက်နေ့မှာ ညီအစ်ကို ပရီယန်နီကော့နဲ့ ညီအစ်မ ဗီနီရာ ဒါလာဗားတို့က အမျိုးသားတစ်ယောက်ကို ကျမ်းစာအကြောင်း ပြောပြခဲ့တယ်။ အဲဒီအမျိုးသားရဲ့ ဆွေမျိုးတစ်ယောက်က ညီအစ်ကို ပရီယန်နီကော့နဲ့ ညီအစ်မ ဒါလာဗားကို သူခိုးလို့ စွပ်စွဲပြီး ရဲခေါ်လိုက်တယ်။ သူတို့နှစ်ယောက်စလုံးကို ရဲစခန်း ခေါ်သွားကြတယ်။ ရဲတွေက သူတို့ရဲ့ လက်ဗွေရာကို ယူပြီး စာပေတွေကို သိမ်းသွားတယ်။

အဲဒီနေ့က ဖြစ်ရပ်ကြောင့် နောက်ထပ်နှစ်နှစ်အကြာမှာ ထပ်အဖမ်းခံရပြီး စစ်ဆေးခံခဲ့ရတယ်။ သူတိုရဲ့ဖုန်းတွေနဲ့ တခြားစာရွက်စာတမ်းတွေကိုလည်း သိမ်းသွားတယ်။ ရဲအရာရှိက ညီအစ်ကို ပရီယန်နီကော့နဲ့ ညီအစ်မ ဒါလာဗားတို့ရဲ့ ဖုန်းမှာပါတဲ့ အချက်အလက်တွေကို စစ်ဆေးဖို့ ဘာသာရေးဆိုင်ရာ လက်ထောက်ပါမောက္ခတစ်ယောက်ကို တာဝန်ပေးလိုက်တယ်။ ဖုန်းထဲမှာ ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်တွေ ရှိတယ်လို့ ပါမောက္ခရဲ့ စာမျက်နှာ ၁၅ မျက်နှာရှိတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ အဲဒီအချက်ကြောင့် သူတို့ကို ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် တရားစွဲခဲ့တယ်။ ကာပင်မြို့တရားရုံးက ညီအစ်ကိုနဲ့ ညီအစ်မတို့ရဲ့အိမ်ကို ရှာဖွေဖို့ ရဲကို ခွင့်ပြုချက် ပေးခဲ့တယ်။

ညီအစ်မ ဒါလာဗားရဲ့တိုက်ခန်းကို ရှာဖွေတဲ့အခါ အီလက်ထရောနစ် ကိရိယာတွေ၊ စာအုပ်တွေ၊ ဓာတ်ပုံတွေကို သိမ်းသွားတယ်။ ညီအစ်မ ဒါလာဗားရဲ့ ၁၈ နှစ်အရွယ်သမီး ဒါယာကိုလည်း စစ်ဆေးမေးမြန်းတယ်။ ရဲတွေဟာ ညီအစ်မဒါလာဗားရဲ့ ဆွေမျိုးတွေအိမ်နဲ့ ညီအစ်ကို ပရီယန်နီကော့ရဲ့ တိုက်ခန်းကိုလည်း ရှာဖွေခဲ့ကြတယ်။

၂၀၁၉၊ ဧပြီ ၁၆ ရက်နေ့မနက်မှာ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) က အရာရှိသုံးယောက်၊ စုံစမ်းစစ်ဆေးသူတစ်ဦးနဲ့ တခြား အရာရှိနှစ်ယောက်ဟာ ညီအစ်ကို ပရီယန်နီကော့ရဲအိမ်ထဲ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တယ်။ အရာရှိတွေဟာ အီလက်ထရောနစ် ကိရိယာတွေနဲ့ တခြားပစ္စည်းတွေကို သိမ်းသွားတယ်။

၂၀၁၉၊ ဇူလိုင် ၂၃ ရက်နေ့မှာ ညီအစ်မ ဒါယာ ဒါလာဗားဟာ သူ့မိခင်နဲ့ ညီအစ်ကို ပရီယန်နီကော့တို့ရဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ သံသယရှိသူအဖြစ် ဖမ်းဆီး စစ်ဆေးခံခဲ့ရတယ်။ သူတို့ သုံးယောက်စလုံးကို ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် စွဲချက်တင်ပြီး ၂၀၁၉၊ စက်တင်ဘာလမှာ စတင် စစ်ဆေးခဲ့တယ်။

အဲဒီ ယေဟောဝါသက်သေ သုံးယောက်အပြင် ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် စွပ်စွဲခံရသူ၊ ရုရှားအကျဉ်းထောင်မှာ အကျဉ်းကျနေသူ ညီအစ်ကို၊ ညီအစ်မ ၃၀၀ နီးပါးအတွက် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်တော်တို့ ဒီလို ဆုတောင်းပါတယ်– “မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်။”—ရောမ ၁၅:၁၃