မာတိကာဆီ ကျော်သွား

၂၀၁၉ မှာ နဇ်နီ နို့ဗ်ဂိုရော့မြို့မှာရှိတဲ့ ညီအစ်ကိုတစ်ဦးရဲ့ အိမ်ကို FSB ရဲအရာရှိတွေ ဝင်ရောက်စီးနင်းနေစဉ်

ဇူလိုင် ၁၅၊ ၂၀၂၀
ရုရှား

ညီအစ်ကိုတွေရဲ့ အိမ်ပေါင်းများစွာကို ရုရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

ညီအစ်ကိုတွေရဲ့ အိမ်ပေါင်းများစွာကို ရုရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

တရားဝင် သတင်းထုတ်ပြန်ချက်တစ်ခုအရ ၂၀၂၀၊ ဇူလိုင် ၁၃ ရက်မှာ ဗိုရိုနာ့ဇ်ဒေသမှာရှိတဲ့ ညီအစ်ကိုတွေရဲ့ အိမ်ပေါင်း ၁၁၀ ကို လက်နက်ကိုင် ရဲတွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကစပြီး ယေဟောဝါသက်သေတွေရဲ့ အိမ်ကို တစ်ရက်အတွင်း ဝင်ရောက်စီးနင်းမှု အရေအတွက် အများဆုံး ဖြစ်ပါတယ်။ ညီအစ်ကို အလက်စန်ဒါ ဘိုကို့ဗ်နဲ့ ဒီမီထရီ ကက်ထရို့ဗ်ကို ဖုန်းစကားဝှက် တောင်းတာ မပေးလို့ဆိုပြီး ရိုက်နှက်ကြတယ်။

ဗိုရိုနာ့ဇ်ဒေသ၊ လီနင်စကီ ခရိုင်တရားရုံးက အခုလို ဝင်ရောက်စီးနင်းမှုကြီး ပြုလုပ်ဖို့ အမိန့်ပေးတယ်။ အဲဒီဒေသမှာ အနည်းဆုံး မြို့ရွာ ခုနစ်ကျော်က အိမ်တွေကို ရဲတွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ညီအစ်ကိုအတော်များများကို စစ်ဆေးမေးမြန်းဖို့ ဒေသန္တရ စုံစမ်းစစ်ဆေးရေးရုံးဆီ ဖမ်းခေါ်သွားကြတယ်။

နောက်တစ်နေ့၊ ၂၀၂၀၊ ဇူလိုင် ၁၄ မှာ လီနင်စကီခရိုင်တရားရုံးက အောက်ပါ ညီအစ်ကို ဆယ်ယောက်ကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖမ်းချုပ်ထားဖို့ အမိန့်ထုတ်တယ်- အလက်ဆီ အန်တီကဲန် (အသက် ၄၄ နှစ်)၊ ဆာဂေ ဘေယေ့ဗ် (အသက် ၄၇ နှစ်)၊ အီလူရီ ဂါလ်ကာ (အသက် ၄၄ နှစ်)၊ ဗာလေရီ ဂါစကီ (အသက် ၅၆ နှစ်)၊ ဗီတာလီ နီရတ်ရှ် (အသက် ၄၁ နှစ်)၊ စတီဗင် ပန်ကရာတို့ဗ် (အသက် ၂၄ နှစ်)၊ အီဂေါ ပိုပို့ဗ် (အသက် ၅၄ နှစ်)၊ အီဂင်ညီ စိုကိုလို့ဗ် (အသက် ၄၄ နှစ်)၊ မီခေးလ် ဗီစီလို့ဗ် (အသက် ၅၁ နှစ်)၊ အနာတိုလီ ယာဂူပို့ဗ် (အသက် ၅၁ နှစ်) တို့ကို ၂၀၂၀၊ စက်တင်ဘာ ၃ ရက်နေ့အထိ ဖမ်းချုပ်ထားမှာ ဖြစ်တယ်။

တရားဝင်သတင်းထုတ်ပြန်ချက်မှာ နေအိမ် ၁၁၀ ဝင်ရောက်စီးနင်းခံရတယ်လို့ ဖော်ပြပေမဲ့ လောလောဆယ်တော့ သက်သေခံမိသားစု ၁၀၀ ရဲ့ နေအိမ်တွေ ဝင်ရောက်ရှာဖွေခံရကြောင်း အတည်ပြုချက် ရထားတယ်။ အရေအတွက် ပိုများလာနိုင်တယ်။ ညီအစ်ကိုတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေ အသိမ်းခံရလို့ ဆက်သွယ်ဖို့ ခက်နေပါတယ်။

၂၀၂၀၊ ဖေဖော်ဝါရီ ၁၀ မှာ တစ်ရက်အတွင်း ထရန်ဘိုင်ကယ်ဒေသက သက်သေခံတွေရဲ့ အိမ် ၅၀ ဝင်ရောက်စီးနင်းခံရတာကို ဝင်ရောက်စီးနင်းမှု အရေအတွက် အများဆုံးဆိုပြီး ယခင်သတင်းမှာ ဖော်ပြခဲ့တယ်။ ၂၀၁၇ မှာ အထက်တရားရုံး စီရင်ဆုံးဖြတ်ချက် ချပြီးချိန်ကစပြီး ညီအစ်ကိုတွေရဲ့ အိမ် ၁,၀၀၀ ကျော် ဝင်ရောက်စီးနင်းခံခဲ့ရပြီ။

ကျမ်းစာမှာ ကြိုပြောထားတဲ့အတွက် ရုရှားနဲ့ တခြားနိုင်ငံမှာရှိတဲ့ ညီအစ်ကို/မတွေ မီးလို ပူလောင်တဲ့ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ အထူးအဆန်း လုပ်ပြီး မအံ့သြကြပါဘူး။ သူတို့ ဆက်သစ္စာရှိနိုင်အောင် ယေဟောဝါ စွမ်းအားတော်ပေးမယ်ဆိုတာ သိတဲ့အတွက် ဆက်ဆုတောင်းပေးနေပါတယ်။—၁ ပေတရု ၄:၁၂-၁၄၊ ၁၉