မာတိကာဆီ ကျော်သွား

ညီအစ်ကို ကွန်စတန်တင် ဂူဇဗ်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၉
ရုရှား

ညီအစ်ကို ကွန်စတန်တင် ဂူဇဗ် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ချမှတ်ခံရ

ညီအစ်ကို ကွန်စတန်တင် ဂူဇဗ် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ချမှတ်ခံရ

နောက်ဆုံးအချက်အလက် | ညီအစ်ကို ကွန်စတန်တင် ဂူဇဗ်ရဲ့ အယူခံ ပယ်ချခံရ

၂၀၂၁၊ မေ ၁၃ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်ကို ကွန်စတန်တင် ဂူဇဗ်ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ချမှတ်ထားတဲ့ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲဟာ အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ သွားဖို့ မလိုဘူး။

စီရင်ချက် ချမယ့်အချိန်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်ကို ကွန်စတန်တင် ဂူဇဗ်ကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်တယ်။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ သွားဖို့ မလိုဘူး။

ကိုယ်ရေးအကျဉ်း

ကွန်စတန်တင် ဂူဇဗ်

  • မွေးဖွားတဲ့နှစ်– ၁၉၆၄ (ခါဘာရော့စ်)

  • ဘဝအတ္ထုပ္ပတ္တိ– စရိုက်ကြမ်းတမ်းတဲ့ အရက်သမား ဖခင်လက်အောက်မှာ ကြီးပြင်းခဲ့တယ်။ ဘဝအဓိပ္ပာယ်ကို သိချင်တယ်။ အဖြေရှာမရတော့ အရက်နဲ့ မူးယစ်ဆေး စသုံးတယ်။ နောက်ဆုံး၊ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကိုယ့်မေးခွန်းတွေအတွက် စိတ်ကျေနပ်စရာအဖြေ တွေ့သွားတယ်။ ဘဝပုံစံကို အကြီးအကျယ် ပြုပြင်ပြောင်းလဲပြီး ၂၀၀၀ မှာ နှစ်ခြင်းခံတယ်။ ၂၀၀၁ မှာ အနက်စ်တာစီယာနဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ မေလမှာ “တရားစီရင်ရာနေ့” စစ်ဆင်ရေးအတွင်း ကွန်စတန်တင်ရဲ့ အိမ်ကို အာဏာပိုင်တွေ ဝင်ရှာကြတယ်။ ဒီစစ်ဆင်ရေးအတွင်း ဘိုင်ရိုဘစ်ဇန်မြို့က အိမ်တွေကို လုံခြုံရေး အရာရှိ ၁၅၀ လောက် ဝင်ရှာခဲ့ကြတယ်။ ၂၀၁၉၊ ဇူလိုင် ၂၉ မှာ ကွန်စတန်တင်ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ကြတယ်။ ဘာသာရေး အစည်းအဝေးတွေ လုပ်ပေးတဲ့အတွက် “အစွန်းရောက် အဖွဲ့အစည်း လုပ်ဆောင်မှုတွေ စီစဉ်ပေးလို့” ဆိုပြီး စွဲချက်တင်ကြတယ်။

ဒီဒေသမှာ ကွန်စတန်တင်ရဲ့ ဇနီး အနက်စ်တာစီယာ အပါအဝင် ယေဟောဝါသက်သေ ၂၂ ယောက်အတွက် အမှု ၁၉ ခု ဖွင့်ထားတယ်။

ရုရှားမှာ ရှိတဲ့ ညီအစ်ကို ညီအစ်မတွေရဲ့ သတ္တိရှိတဲ့ ပုံသက်သေက ကွန်စတန်တင်နဲ့ အနက်စ်တာစီယာကို အားရှိစေတယ်။ “တရားရုံးမှာ ဘာမှ မပြောဘူးလို့ ညီအစ်မတချို့ အစပိုင်းမှာ ပြောတာ ကြားဖူးတယ်။ . . . ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီ၊ ညီအစ်ကို ညီအစ်မတွေရဲ့ ဆုတောင်းချက်တွေကြောင့် သူတို့ရဲ့ ယုံကြည်ခြင်းကို သတ္တိရှိရှိ ခုခံပြောဆိုခဲ့ကြတယ်” လို့ ကွန်စတန်တင် ပြောတယ်။

ရုရှားက ညီအစ်ကို ညီအစ်မ အားလုံးအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ သူတို့နဲ့အတူ ယေဟောဝါ ရှိနေတဲ့အတွက် ဘယ်အရာကမှ ယုံကြည်ခြင်းကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၈:၁၀