မာတိကာဆီ ကျော်သွား

ရုရှားအကျဉ်းထောင်ကနေ လွတ်လာပြီး ဆယ်လေးရက်မြောက်နေ့၊ ၂၀၂၁၊ မေ ၁၉ ရက်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ယူကရိန်းမှာ ဇနီး အီရီနာနဲ့ ပြန်ဆုံကြ

မေ ၂၀၊ ၂၀၂၁
ရုရှား

ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ် ရုရှားကနေ နယ်နှင်ခံရပြီးနောက် ယူကရိန်းကို ဘေးကင်းစွာ ရောက်ရှိ

ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ် ရုရှားကနေ နယ်နှင်ခံရပြီးနောက် ယူကရိန်းကို ဘေးကင်းစွာ ရောက်ရှိ

၂၀၂၁၊ မေ ၅ ရက်မှာ ရုရှား အကျဉ်းထောင်ကနေ ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ် လွတ်လာပါပြီ။ a ယာယီ ထိန်းသိမ်းဆောင်မှာ ခဏနေပြီးနောက် ၂၀၂၁၊ မေ ၁၉ မှာ ယူကရိန်းကို နယ်နှင်ခံရတယ်။ ဇနီး အီရီနာက ယူကရိန်းကို ကြိုသွားနှင့်တယ်။ ၂၀၂၀၊ မေလမှာ ရုရှားက ကွန်စတန်တင်ရဲ့ နိုင်ငံသား မှတ်ပုံတင်ကို ရုပ်သိမ်းလိုက်လို့ အခုလို နယ်နှင်ခံရခြင်း ဖြစ်တယ်။

ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ပြီးချိန်မှာ မောင်နှံတစ်စုံက ဟေရှာယ ၅၄:၁၇ ပါ ‘မင်းကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူးလို့ ယေဟောဝါ ပြောတယ်’ ဆိုတဲ့ စာတန်း ကိုင်ပြီး ကွန်စတန်တင်နဲ့ ဇနီး အီရီနာကို ကြိုဆိုနေကြ

ကိုယ်ရေးအကျဉ်း

၁၉၇၅ ခုနှစ်၊ ရုရှားအနောက်ပိုင်း ဗလီကီ နို့ဗ်ဂိုရော့မြို့မှာ ကွန်စတန်တင် မွေးလာတယ်။ ဘာသာမဲ့ မိသားစုမှာ ကြီးပြင်းလာတယ်။ ကလေးဘဝတုန်းက ယူကရိန်းကို မိသားစုလိုက် ပြောင်းရွှေ့လာတယ်။ လူငယ်အရွယ်မှာ ကာယဗလ ကြံ့ခိုင်အောင် ကစားတယ်။ တေးဂီတ ဝါသနာပါတယ်။ ဂီတကျောင်းဆင်းပြီး တူရိယာတီးဝိုင်း ခေါင်းဆောင် ဖြစ်လာတယ်။

ကျမ်းစာ မလေ့လာခင်ကတည်းက ကွန်စတန်တင်ဟာ အကြမ်းဖက်တာ၊ စစ်ပွဲတွေကို မကြိုက်ဘူး။ ဒါကြောင့် ယူကရိန်းတပ်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါ လက်မခံဘူး။ ကောလိပ် ရောက်တော့ ဘဝနဲ့ ဘာသာရေးအကြောင်း သိချင်တာတွေ များတယ်။ ဘာသာရေးအဖွဲ့ အတော်များများနဲ့ လေ့လာဆွေးနွေးပေမဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတော့မှ သိချင်တဲ့ အဖြေတွေ ရသွားတယ်။ ၁၉၉၆ မှာ နှစ်ခြင်းခံတယ်။

၂၀၀၁ မှာ အီရီနာနဲ့ လက်ထပ်တယ်။ ဝမ်းရေးအတွက် ပန်းရန်အလုပ် လုပ်တယ်။ အလုံပိတ် မီးဖိုနဲ့ မီးလင်းဖိုဘက် အထူးကျွမ်းကျင်တယ်။ ၂၀၀၉ မှာ ရုရှားကို ပြောင်းလာတယ်။

ဝင်ရောက်စီးနင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း

၂၀၁၈၊ ဇွန် ၁၂ မှာ ရုရှားရဲတွေက စရာတော့မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ဝင်ရောက်စီးနင်းတယ်။ ကွန်စတန်တင်နဲ့ အီရီနာတို့ တိုက်ခန်းလည်း ပါတယ်။ ကွန်စတန်တင်နဲ့ ညီအစ်ကို နှစ်ယောက်ကို ဖမ်းပြီး အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ ချုပ်ထားကြတယ်။

ကွန်စတန်တင် အချုပ်ထဲ ရောက်တဲ့အခါ ကျမ်းစာကနေ နှစ်သိမ့်မှု၊ ထောက်မမှု လိုမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျမ်းစာ မရနိုင်ဘူး။ “ကျွန်တော့်ဇနီးက မှတ်စုစာအုပ် ပို့ပေးတဲ့အတွက် မှတ်မိသမျှ ကျမ်းပိုဒ်တွေ ချရေးတယ်” လို့ သူ ပြောတယ်။ နှစ်လအတွင်း ကျမ်းပိုဒ် ၅၀၀ လောက် မှတ်မိအောင် ယေဟောဝါ ကူညီတယ်။ ကျမ်းစာ ရတဲ့အခါ လေးလအတွင်း အပြီးဖတ်တယ်။ ကျမ်းစကားတွေက သူ့ကို အလွန် ခွန်အားဖြစ်စေတယ်။ အားရှိစရာ ကျမ်းစကားတွေကို ဇနီးနဲ့ မိတ်ဆွေတွေဆီ စာရေးဝေမျှရလို့လည်း ပျော်တယ်။

ကွန်စတန်တင်ဟာ ဖမ်းဆီးခံထားရချိန်မှာ ခံနိုင်ရည် ရှိဖို့ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းတယ်။ အထူးသဖြင့် အထီးကျန်ပြီး ဇနီးကို လွမ်းတဲ့အချိန်တွေမှာ ဖြစ်တယ်။ “ဒူးထောက် ဆုတောင်းရင်း မျက်ရည်ကျခဲ့ရတယ်။ ဆုတောင်းချက်တွေကို စာရွက်မှာ ချရေးထားတယ်။ ယေဟောဝါ ဖြေပေးတဲ့ ဆုတောင်းချက်တွေကို ခြစ်လိုက်တယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်” လို့ သူ ပြောတယ်။ ၂၀၁၉၊ မေ ၂၀ မှာ ပြန်လွတ်လာတယ်။ ဒါပေမဲ့ ပြဿနာ မပြီးဆုံးသေးပါဘူး။

အပြစ်ရှိကြောင်း စီရင်ခံရ

စရာတော့မြို့က ကွန်စတန်တင်နဲ့ ညီအစ်ကို ငါးယောက်ကို အပြစ်ရှိကြောင်း စီရင်ပြီး ၂၀၁၉၊ စက်တင်ဘာ ၁၉ မှာ ထောင်ချလိုက်တယ်။ နောက်ပိုင်းလတွေမှာ အယူခံ ရှုံးပြီး ငါးယောက်စလုံးကို အိုရင်ဘာ့မြို့ အကျဉ်းထောင်ဆီ ပြောင်းလိုက်တယ်။ ကွန်စတန်တင်ကိုတော့ စရာတော့မြို့က နေအိမ်နဲ့ မိုင် ၃၁၀ ကျော်ဝေးတဲ့ ဒီမီထရို့ဗ်ဂါ့မြို့ အကျဉ်းထောင်ဆီ ပို့လိုက်တယ်။

၂၀၂၀ အောက်မေ့ရာပွဲကို ကွန်စတန်တင် ထောင်ထဲမှာ ကျင်းပ

အီရီနာဟာ ကွန်စတန်တင်နဲ့ ခွဲခွာရခိုက် JW သတင်းကဏ္ဍမှာ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ဝမ်းမြောက်စွာ ခံရပ်ခဲ့ကြတဲ့ ညီအစ်ကို/မတွေရဲ့ ဘဝအတ္ထုပ္ပတ္တိကို ဖတ်ပြီး ခွန်အားယူတယ်။ ကွန်စတန်တင်ရဲ့ စိတ်ပိုင်းဖြတ်ချက်၊ စိတ်တည်ငြိမ်မှုကြောင့်လည်း အားရှိတယ်။ ကွန်စတန်တင် ထောင်ကျနေတုန်း လူတွေ့မေးမြန်းတဲ့အခါ အီရီနာက “သူ့စကားတွေက အမြဲ အားရှိစရာပဲ” လို့ ပြောတယ်။ ကွန်စတန်တင်ဆီ ဖုန်းဆက်ခွင့် ရတဲ့အခါ သီချင်းဆိုကြတယ်။ ဆုတောင်းကြတယ်။ ကျမ်းစာ အတူ လေ့လာကြတယ်။ ဒီလိုလေ့လာတဲ့အတွက် ယေဟောဝါအပေါ် ယုံကြည်ခြင်း ပိုခိုင်ခံ့လာပြီး အခက်အခဲတွေကြား ဆက်ပျော်ရွှင်နိုင်ခဲ့တယ်လို့ အီရီနာ ပြောတယ်။

ကွန်စတန်တင်ဟာ အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ ၁၄ လကျော် ထိန်းသိမ်းခံရပြီး တစ်နှစ်ခွဲ ထောင်ချခံရတယ်။ မူလ ပြစ်ဒဏ်ကာလ သုံးနှစ်ခွဲ ပြည့်ဖို့ ကိုးလအလိုမှာ လွတ်လာတယ်။ အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ခံရတဲ့ ကာလကို ထည့်တွက်လို့ ဖြစ်တယ်။ ပြစ်ဒဏ်ကာလ မစေ့မီ ကတိခံဝန်ချက်နဲ့ လွတ်ခွင့်ရတဲ့အတွက် ထောင်ဒဏ် နောက်ဆုံး နှစ်လ ကျခံစရာ မလိုဘူး။

ကွန်စတန်တင် လွတ်လာပြီး ဇနီးနဲ့ ပြန်ဆုံခွင့်ရတာ ဝမ်းသာစရာပဲ။ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ခဲ့ကြတဲ့ ညီအစ်ကို/မအားလုံး “ဒုက္ခ ကင်းဝေးသွားချိန်အထိ အတောင်တော် အရိပ်အောက်မှာ ခိုလှုံပါတယ်” ဆိုတဲ့ ဘုရင်ဒါဝိဒ်ရဲ့ စကားကို လိုက်နာနေကြောင်း ထင်ရှားတယ်။—ဆာလံ ၅၇:၁

a ကွန်စတန်တင် ထောင်က လွတ်လာပြီး နယ်နှင်ခံရဖို့ ယာယီ ထိန်းသိမ်းဆောင်ကို မခေါ်သွားခင် အီရီနာနဲ့ ညီအစ်ကို/မ ၂၀ လောက်က စောင့်ကြိုနေကြတယ်။ ယာယီ ထိန်းသိမ်းဆောင်ကို မခေါ်သွားခင် ဇနီးနဲ့ မိနစ် ၃၀ တွေ့ခွင့်ရချိန်မှာ ရဲတွေ စောင့်ကြပ်နေတယ်။