မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၊ ၂၀၂၀
ရုရှား

ညီအစ်ကို ခရစ်တန်ဆန်ကို စောစီးစွာ လွှတ်ပေးမှာကို ရုရှားအစိုးရရှေ့နေ ကန့်ကွက်တားဆီး

ညီအစ်ကို ခရစ်တန်ဆန်ကို စောစီးစွာ လွှတ်ပေးမှာကို ရုရှားအစိုးရရှေ့နေ ကန့်ကွက်တားဆီး

၂၀၂၀၊ ဇွန် ၂၆ ရက်မှာ လူဂို့ ထောင်အာဏာပိုင်တွေက ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို အန္တရာယ်ရှိ ရာဇဝတ်သားတွေကို ထည့်ထားလေ့ရှိတဲ့ ပြစ်ဒဏ်တိုက် (EPKT) ထဲ မတရား ထည့်ထားကြတယ်။ ကျန်းမာရေးအခြေအနေ ပိုဆိုးလာတဲ့ ညီအစ်ကိုရဲ့ သမာဓိကို ရိုက်ချိုးပစ်ချင်ပုံပဲ။ အစောပိုင်းရက်တုန်းက ညီအစ်ကို ခရစ်တန်ဆန်ကို စောစော လွှတ်မိန့်ချတာကို အစိုးရရှေ့နေရုံးက ထောက်ခံခဲ့ပေမဲ့ အခုကျတော့ အပြစ်မရှိအပြစ်ရှာပြီး စွဲချက်တွေ တိုးအောင် အကွက်ဆင်နေကြပုံရတယ်။

ညီအစ်ကို ခရစ်တန်ဆန်ဟာ သတ်မှတ်ထောင်ဒဏ် ခြောက်နှစ်မှာ သုံးနှစ်ကျော် ပြစ်ဒဏ်ကျခံပြီးပါပြီ။ ပြစ်ဒဏ်မစေ့မီ လွှတ်ပေးခြင်း ဒါမှမဟုတ် ကျန်ရှိပြစ်ဒဏ်ကာလ လျှော့ပေးခြင်း စတာတွေကို ခံစားခွင့်ရှိတာ တစ်နှစ်ကျော် ပါပြီ။ အယူခံဝင်တော့လည်း သုံးကြိမ်လုံး ပယ်ချခံရတယ်။ စတုတ္ထအကြိမ် အယူခံလွှာကတော့ တရားရုံးရောက်သွားတယ်။ ၂၀၂၀၊ ဇွန် ၂၃ မှာ လူဂို့ ခရိုင်တရားရုံးက ကျန်ရှိတဲ့ ထောင်ဒဏ်အစား ဒဏ်ငွေ ပေးဆောင်ခိုင်းတယ်။ အမှုကြားနာရာမှာ ပါဝင်တဲ့ အစိုးရရှေ့နေ မစ္စတာ အာတမ် ကိုဖာနို့က ပြစ်ဒဏ်ကာလ လျှော့ပေးခြင်းကို ထောက်ခံတယ်။

နှစ်ရက်အကြာမှာ အစိုးရရှေ့နေ နောက်တစ်ဦး မစ္စတာ အလက်ဆီ ရှတူနို့က တရားရုံးအမိန့်ဟာ ဥပဒေနဲ့ မကိုက်ညီလို့ ရုပ်သိမ်းပေးဖို့၊ အဲဒီတရားရုံးမှာပဲ တရားသူကြီး နောက်တစ်ဦးနဲ့ အမှုကို ပြန်ကြားနာပေးဖို့ တောင်းဆိုတယ်။ ညီအစ်ကို ခရစ်တန်ဆန်ဟာ “စာရိတ္တပြုပြင်ထိန်းသိမ်းရေး အကျဉ်းထောင် ခိုင်းစေတဲ့ အလုပ်မှာရော လူမှုရေးမှာပါ မှတ်တမ်းကောင်း” မရှိဘူးဆိုတဲ့ လူဂို့အကျဉ်းထောင် အုပ်ချုပ်ရေးမှူးရဲ့ စကားကြောင့် မစ္စတာ ရှတူနို့ အခုလိုတောင်းဆိုရခြင်း ဖြစ်တယ်။

ဇွန် ၂၃ မှာ ညီအစ်ကို ခရစ်တန်ဆန် ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်နဲ့ ထောင်က လွှတ်ဖို့ အမှုကြားနာချိန်အတွင်း ထောင်အာဏာပိုင်တွေ အလားတူ ငြင်းချက်ထုတ်ပေမဲ့ အထောက်အထား မခိုင်လုံဘူးဆိုပြီး တရားရုံးက ပယ်ချခဲ့တယ်။ တရားခံရှေ့နေက ညီအစ်ကို ခရစ်တန်ဆန် ကျန်းမာရေးမကောင်းတဲ့အတွက် အလုပ်ကြမ်းမှ လွတ်ငြိမ်းခွင့် ရှိကြောင်း ဆေးစစ်ချက်အဖြေ အထောက်အထားတွေ တင်ပြတယ်။ ဒါပေမဲ့ ညီအစ်ကိုရဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလုပ် မရှိကြောင်း ထောင်အာဏာပိုင်တွေ ဝန်ခံခဲ့တယ်။

ညီအစ်ကို ခရစ်တန်ဆန်ကို စောစော လွတ်ငြိမ်းခွင့်ပေးတာကို အယူခံဝင်ဖို့ အစိုးရရှေ့နေရုံး ကြိုးစားနေချိန်မှာ ထောင်အာဏာပိုင်တွေက ညီအစ်ကို ခရစ်တန်ဆန်ကို စွဲချက်နှစ်ခု တင်သွင်းတယ်။ ပထမစွဲချက်က ထမင်းစားချိန် မဟုတ်ဘဲ ထမင်းစားခန်းထဲ ရှိနေလို့၊ ဒုတိယစွဲချက်က ထောင်တန်းလျားမှာ ဂျာကင်မဝတ်ဘဲ တီရှပ်နဲ့ပဲ နေလို့ ဖြစ်တယ်။ ဒီစွဲချက်တွေ တပ်ပြီး ထောင်အာဏာပိုင်တွေက ညီအစ်ကို ခရစ်တန်ဆန်ကို EPKT မှာ ဆယ်ရက် ချုပ်ထားလိုက်တယ်။ ရုရှားဥပဒေအရ အကျဉ်းသားတစ်ဦး ထောင်စည်းကမ်းကို ဆိုးဆိုးရွားရွား၊ အထပ်ထပ် ချိုးဖောက်မှသာ အဲဒီလိုပြစ်ဒဏ်ပေးခွင့် ရှိတယ်။ ဒါတောင် အကျဉ်းသားကို ဆေးစစ်ချက် ခံယူစေပြီးမှ ပြစ်ဒဏ်ပေးခွင့် ရှိတယ်။ တကယ်တော့ ညီအစ်ကို ခရစ်တန်ဆန်အမှုက ဒီအချက်တွေနဲ့ မကိုက်ညီတဲ့အတွက် EPKT မှာ ချုပ်ထားစရာ ဘာအကြောင်းရင်းမှ မရှိဘူး။

ဆယ်ပေ၊ ခုနစ်ပေ အကျဉ်းခန်းမှာ ညီအစ်ကို ခရစ်တန်ဆန်နဲ့ အကျဉ်းသား နောက်တစ်ဦး နေရတယ်။ အခန်းက လေဝင်လေထွက် မကောင်းတဲ့အပြင် မှိုတွေလည်း ရှိနေတယ်။ ဒါက ညီအစ်ကို ခရစ်တန်ဆန်ရဲ့ ကျန်းမာရေးကို ပိုဆိုးစေတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ညီအစ်ကို ခရစ်တန်ဆန်ဟာ အဆုတ်ရောင်ရောဂါ ခံစားရတယ်။ ပြင်းထန်တဲ့ ကျောရိုးရောဂါလည်း ရှိနေတယ်။ “ဒီအခြေအနေကို ထောင်အာဏာပိုင်တွေ သိပေမဲ့ အိပ်ရာမာမာပေါ် မှာပဲ အိပ်ရအောင် တမင်ပစ်ထားတဲ့အတွက် ခရစ်တန်ဆန်ခမျာ ဆိုးဆိုးဝါးဝါး နာကျင်ခံစားနေရတယ်” ဆိုပြီး သူ့ရှေ့နေ ပြောတယ်။

စည်းကမ်းဖောက်တယ်လို့ စွပ်စွဲခံရတဲ့အချိန်မှာ တခြားထောင်သားတွေလည်း အတူရှိနေပေမဲ့ မိမိတစ်ယောက်ကိုပဲ EPKT ပို့တယ်ဆိုပြီး ညီအစ်ကို ခရစ်တန်ဆန်က ရှေ့နေကို ပြောတယ်။ ဒါဟာ ညီအစ်ကို ဒဲနစ္စကို စောစော လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့ တရားရုံးအမိန့်ကို တားဆီးဖို့ အကွက်ကျကျ စီစဉ်နေခြင်းဖြစ်ကြောင်း သိစေတယ်” လို့ ခရစ်တန်ဆန်ရဲ့ ရှေ့နေ ပြောတယ်။

ရုရှားအာဏာပိုင်တွေက ရုရှားညီအစ်ကို/မတွေကို ပိုရက်စက်တဲ့ နည်းဗျူဟာအသစ်တွေ သုံးပြီး တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ ယေဟောဝါက ညီအစ်ကို/မတွေအတွက် လုံခြုံတဲ့ ခိုလှုံရာ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်နေဆဲပါ။ အခုလို ခက်ခဲချိန်မှာ ညီအစ်ကို ခရစ်တန်ဆန်နဲ့ ဇနီး အီရီနာ သစ္စာရှိမြဲရှိနိုင်ဖို့ ယေဟောဝါဆီ ဆက်ဆုတောင်းပေးကြပါစို့။—ဆာလံ ၉၄:၁၃၊ ၂၁၊ ၂၂