မာတိကာဆီ ကျော်သွား

ရုရှားနိုင်ငံ၊ ခလူဂါ တိုင်းဒေသကြီး တရားလွှတ်တော်

အောက်တိုဘာ ၁၆၊ ၂၀၁၉
ရုရှား

ညီအစ်ကို ခူဇင်ရဲ့ အမှုမှာ ရုရှားတရားသူကြီးဟာ တရားစီရင်ရေး စနစ် ချိုးဖောက်ခဲ့ကြောင်း အယူခံတရားရုံး ထုတ်ပြန်ကြေညာ

ညီအစ်ကို ခူဇင်ရဲ့ အမှုမှာ ရုရှားတရားသူကြီးဟာ တရားစီရင်ရေး စနစ် ချိုးဖောက်ခဲ့ကြောင်း အယူခံတရားရုံး ထုတ်ပြန်ကြေညာ

ညီအစ်ကို ဒီမီထရီ ခူဇင်ကို အမှု မစစ်ခင် ထောင်ချခဲ့တဲ့ ခလူဂါ ခရိုင်တရားရုံးဟာ တရားစီရင်ရေး စနစ်ကို ချိုးဖောက်တာပဲဆိုပြီး ခလူဂါ တိုင်းဒေသကြီး တရားလွှတ်တော်က တရားသူကြီး စဗယ်လာနာ အနာထိုလ်ရီနာ ပရိုခိုရီဗာ ၂၀၁၉၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တယ်။

ရုရှားက ယေဟောဝါသက်သေတွေကို မတရားသဖြင့် စီရင်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင် ဝန်ခံလေ့မရှိလို့ တရားသူကြီး ပရိုခိုရီဗာရဲ့ ထုတ်ပြန်ချက်ဟာ ထူးခြားတယ်။ ခရိုင်တရားရုံးဟာ တရားဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့အကြောင်း တရားသူကြီး ထောက်ပြခဲ့တယ်။ ခရိုင်တရားရုံးက ညီအစ်ကို ခူဇင်ရဲ့ ဘာသာရေး ယုံကြည်ချက်ကို လှောင်ပြောင်သရော်တဲ့အပြင် သူ့ကို ခုခံကာကွယ်ပိုင်ခွင့်လည်း မပေးခဲ့မှန်း တွေ့ရှိခဲ့တယ်။ “ခရိုင်တရားသူကြီးက တရားနည်းလမ်းကျကျ မစီရင်ပေးခဲ့ဘူး” ဆိုပြီး တရားသူကြီး ပရိုခိုရီဗာ ပြောဆိုခဲ့တယ်။

၂၀၁၃၊ ညီအစ်ကို ဒီမီထရီတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဆောင်တဲ့ နေ့

၂၀၁၉၊ ဇွန်လ ၂၆ ရက်မှာ ခလူဂါက ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) တပ်ဖွဲ့က ညီအစ်ကို ခူဇင်ရဲ့ တိုက်ခန်းကို ဖောက်ဝင်ပြီး သူ့ကို ဖမ်းဆီးခဲ့တယ်။ နှစ်ရက်ကြာတော့ ခလူဂါ ခရိုင်တရားရုံးက ညီအစ်ကို ခူဇင်ကို အမှုမစစ်ခင် နှစ်လ အချုပ်ချဖို့ စီရင်ဆုံးဖြတ်ခဲ့တယ်။ ဩဂုတ် ၁၉ ရက်မှာ အဲဒီမြို့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးက ညီအစ်ကို ခူဇင် အချုပ်ကျတာကို နှစ်လ ထပ်တိုးပေးဖို့ လျှောက်လဲစာ တင်တော့ ခရိုင်တရားရုံးက ခွင့်ပြုခဲ့တယ်။

ညီအစ်ကို ခူဇင်ဟာ အထက်တရားရုံး ဖြစ်တဲ့ တိုင်းဒေသကြီး တရားလွှတ်တော်ကို အယူခံဝင်တယ်။ အဲဒီမှာ ပရိုခိုရီဗာဟာ တရားသူကြီး ဖြစ်တယ်။ အောက်တရားရုံး တရားသူကြီးဟာ တရားစီရင်ရေး စနစ်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ညီအစ်ကို ခူဇင်ရဲ့အမှုကို အောက်တရားရုံးရဲ့ တခြားတရားသူကြီးတစ်ယောက်ကို ပြန်လွှဲလိုက်တယ်။ ဝမ်းနည်းစရာက စက်တင်ဘာ ၂၃ ရက်မှာ အဲဒီတရားသူကြီးလည်း ညီအစ်ကို ခူဇင်ကို နှစ်လ ထပ်ပြီး အကျဉ်းချဖို့ စီရင်ခဲ့တယ်။

သစ္စာရှိပြီး တရားမျှတတဲ့ အရှင်၊ ယေဟောဝါဘုရားသခင်ဟာ မိမိကို ယုံကြည်အားကိုးတဲ့ ရုရှား ညီအစ်ကို၊ ညီအစ်မတွေကို ဆက်ပြီး ကူညီစောင့်ရှောက်မယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။—တရားဟောရာ ၃၂:၄၊ ၉-၁၁