ဇွန် ၅၊ ၂၀၂၀
ရုရှား
ညီအစ်ကို ဂျနဒီ ရှပါကိုစကီဟာ ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရနိုင်ဖွယ်ရှိ
ပါစကော့မြို့နယ်တရားရုံးက အသက် ၆၁ နှစ်အရွယ် ညီအစ်ကို ဂျနဒီ ရှပါကိုစကီကို ၂၀၂၀၊ ဇွန် ၈ ရက်နေ့မှာ စီရင်ချက်ချပါလိမ့်မယ်။ ညီအစ်ကိုရဲ့အိမ်မှာ လူအနည်းငယ်နဲ့ ခရစ်ယာန်အစည်းအဝေးတွေ ကျင်းပတာကို “အစွန်းရောက်” လုပ်ဆောင်မှုအဖြစ် စွပ်စွဲခဲ့တယ်။ ညီအစ်ကို ရှပါကိုစကီကို ထောင်ဒဏ် ခုနစ်နှစ်ခွဲချဖို့ အစိုးရ ရှေ့နေက တရားရုံးကို တောင်းဆိုထားတယ်။
၂၀၁၈ နှစ်ဆန်းပိုင်းတုန်းက ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) အဖွဲ့ဝင်တွေဟာ ရှပါကိုစကီရဲ့ တိုက်ခန်းမှာ လျှို့ဝှက် အသံဖမ်း ကိရိယာတွေ တပ်ဆင်ပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေကို လနဲ့ချီ စောင့်ကြည့်ခဲ့ကြတယ်။ ၂၀၁၈၊ ဇွန် ၃ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ FSB အဖွဲ့သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ ငြိမ်သက်အေးချမ်းစွာ စုဝေးနေတဲ့ လူတွေရှိတဲ့ တိုက်ခန်းတံခါးကို အတင်းချိုးဖျက် ဝင်ရောက်ခဲ့ကြပြီး ခြောက်နာရီကြာ မွှေနှောက် ရှာဖွေခဲ့ကြတယ်။
FSB အဖွဲ့ဝင်တွေဟာ တက်ဘလက်တွေ၊ ဖုန်းတွေကို သိမ်းယူလိုက်ကြပြီး ယေဟောဝါသက်သေတွေကိုလည်း စစ်ဆေးမေးမြန်းဖို့ ဖမ်းခေါ်သွားကြတယ်။ စစ်ဆေးမေးမြန်းသူတွေက ယေဟောဝါသက်သေတွေကို မလေးမစား ဆက်ဆံကြပြီး ထောင်ချပစ်မယ်၊ အလုပ်ပြုတ်သွားမယ်လို့ ခြိမ်းခြောက်ကြတယ်။ ညီအစ်ကို ရှပါကိုစကီကို ည ၁၀ နာရီအထိ စစ်ဆေးမေးမြန်းခဲ့တယ်။
၂၀၁၉၊ မတ် ၁၉ ရက်နေ့မှာ ညီအစ်ကို ရှပါကိုစကီကို “အစွန်းရောက်” အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ စီစဉ်သူအဖြစ် တရားစွဲဆိုခဲ့တယ်။ ငါးလကြာပြီးနောက် “အစွန်းရောက် အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့မှု” စွဲချက် ထပ်တင်ခံရပြန်တယ်။
စီရင်ချက်ချမယ့်အချိန် နီးလာပြီဖြစ်လို့ ယေဟောဝါဘုရားက ညီအစ်ကို ရှပါကိုစကီ မိသားစုကို ခံရပ်နိုင်အောင် ကူညီပေးမယ်၊ သူတို့ရဲ့ သစ္စာရှိမှုကို ဆုချမယ်ဆိုတာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—၂ ရာဇဝင်ချုပ် ၁၅:၇။