မာတိကာဆီ ကျော်သွား

မေ ၁၈၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို လွှတ်ပေးဖို့ ရုရှားကို တောင်းဆိုတဲ့ အဆိုပြုချက်တစ်ရပ် အမေရိကန် ဥပဒေပြုစုသူတွေ တင်သွင်း

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို လွှတ်ပေးဖို့ ရုရှားကို တောင်းဆိုတဲ့ အဆိုပြုချက်တစ်ရပ် အမေရိကန် ဥပဒေပြုစုသူတွေ တင်သွင်း

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို မတရား ထောင်ချထားတဲ့အတွက် ရုရှားကို ပြစ်တင်ရှုတ်ချတဲ့ အဆိုပြုချက် အမှတ် ၉၅၈ ကို အမေရိကန် ဥပဒေပြုစုရေးဌာန၊ အောက်လွှတ်တော် အမတ်နှစ်ဦးက တင်သွင်းလိုက်ပါတယ်။ နောက်ဆုံးထုတ် ဒီအဆိုပြုချက်မှာ ဘာသာရေး ယုံကြည်ချက်ကြောင့် ကျွန်တော်တို့ ညီအစ်ကို/မတွေကို နှိပ်စက်ညှဉ်းပန်းမှုအတွက် ရုရှားကို ပြစ်တင်ရှုတ်ချထားတယ်။

ယေဟောဝါသက်သေ ခရစ်ယာန်တွေရဲ့ ဝတ်ပြုအစည်းအဝေး တက်ရုံနဲ့ ညီအစ်ကို ခရစ်တန်ဆန်ကို ၂၀၁၇၊ မေလမှာ ဖမ်းဆီး ထောင်ချခဲ့ကြတယ်။ ၂၀၂၀၊ မေ ၈ ရက်နေ့မှာ အောက်လွှတ်တော်အမတ် အိလိယက် အယ်လ် အင်ဂဲလ်နဲ့ မိုက်ကယ် တီ မက်ကောလ်တို့ တင်သွင်းတဲ့ အဆိုပြုချက်မှာ ညီအစ်ကို ခရစ်တန်ဆန်ကို ချက်ချင်း လွှတ်ပေးဖို့ တိုက်တွန်းထားတယ်။

“ဒိန်းမတ်နိုင်ငံသား၊ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ ဒဲနစ္စ ခရစ်တန်ဆန်ဟာ ၂၀၁၉၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထောင်ဒဏ် ခြောက်နှစ် စီရင်ချက် ချမှတ်ခံရတယ်။ ရုရှားအစိုးရရဲ့ အဲဒီစီရင်ချက်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု ကော်မရှင်က ပြစ်တင်ရှုတ်ချတဲ့အပြင် ‘ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခြင်း’ အထောက်အထားတစ်ခုအဖြစ် သတ်မှတ်တယ်” လို့ အဆိုပြုချက်မှာ ဖော်ပြထားတယ်။

၂၀၂၀၊ မေ ၂၅ ရက်ဆိုရင် ညီအစ်ကို ခရစ်တန်ဆန် ထောင်ကျတာ သုံးနှစ်ပြည့်ပါတော့မယ်။ ရုရှားမှာ ထောင်ကျနေတဲ့ ယေဟောဝါသက်သေ ၃၂ ယောက်မှာ သူလည်း ပါတယ်။ ၉ ယောက်ကို စီရင်ချက်ချထားပြီး ၂၃ ယောက်ကိုတော့ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားပါတယ်။ ၁၈ ယောက်ကို နေအိမ်အကျယ်ချုပ် ချထားတယ်။ ၂၀၁၇ ကစပြီး ယေဟောဝါသက်သေတွေရဲ့ နေအိမ် ၉၀၀ နီးပါးကို ဝင်ရောက်စီးနင်းပြီး ၃၃၁ ယောက်ကို ရာဇဝတ်မှုနဲ့ တရားစွဲထားတယ်။

ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းဆဲနေတဲ့ ရုရှားကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ အာဏာပိုင်တွေ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြတယ်။

အဆိုပြုချက်အမှတ် ၉၅၈ ကို ထည့်သွင်းစဉ်းစားပြီး ပြုပြင်ပြောင်းလဲမှု လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ရုရှားညီအစ်ကို/မတွေ ပြုံးပြုံးပျော်ပျော် ခံရပ်နိုင်အောင် ယေဟောဝါ ဆက်ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။ “ဥပဒေကို အသုံးချပြီး ဒုက္ခပေးဖို့ ကြံစည်” နေကြသူ တစ်ယောက်မကျန်ကို ယေဟောဝါ ပယ်ရှင်းမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်။—ဆာလံ ၉၄:၂၀-၂၃