မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၄၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန် ပြစ်ဒဏ်တိုက်ကို ဒုတိယအကြိမ် အပို့ခံရ

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန် ပြစ်ဒဏ်တိုက်ကို ဒုတိယအကြိမ် အပို့ခံရ

၂၀၂၀၊ ဇူလိုင် ၁၅ မှာ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ဟာ ပြစ်ဒဏ်တိုက် (SHIZO) ကို ဒုတိယအကြိမ် အပို့ခံလိုက်ရပါတယ်။ ဇူလိုင် ၂၇ အထိ အဲဒီမှာ နေရပါမယ်။ ပြစ်ဒဏ်တိုက်ကနေ သာမန်အကျဉ်းထောင်ဆီ ရွှေ့ပြောင်းပေးပြီးနောက် လေးရက်အကြာမှာတင် အခုလို ပြန်ပို့ခံရခြင်း ဖြစ်ပါတယ်။ ပြစ်ဒဏ်တိုက် (SHIZO) ကို သုံးကြိမ် အပို့ခံရသူဟာ “ထောင်စည်းကမ်း ဆိုးဆိုးရွားရွား ချိုးဖောက်သူ” အဖြစ် သတ်မှတ်ခံရနိုင်ပြီး ပိုဆိုးရွားတဲ့ ပြစ်ဒဏ်တိုက် (EPKT) မှာ ခြောက်လ နေရပါမယ်။ ညီအစ်ကို ခရစ်တန်ဆန်ရဲ့ အမှုကို ခုခံချေပပေးရေးအဖွဲ့က အခုလို ပြင်းထန်တဲ့ စွဲချက်တွေအတွက် အယူခံဝင်ဖို့ စီစဉ်နေပါတယ်။

ညီအစ်ကို ခရစ်တန်ဆန် ထောင်အလုပ် မလုပ်နိုင်လို့ဆိုပြီး ထောင်အာဏာပိုင်တွေ ဒဏ်တပ်ကြတယ်။ သူ့ကို အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်စေတယ်။ ဒါပေမဲ့ ထောင်ချခံရချိန်ကစပြီး သူ့ကျန်းမာရေး ပိုဆိုးလာတယ်။ နည်းနည်းပါးပါး နားပြီး လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် အလုပ်လုပ်လို့ ရနိုင်ကြောင်း ထောင်ဆရာဝန်တွေက ထောက်ခံတယ်။ ဒါပေမဲ့ အစောပိုင်းက ညီအစ်ကို ခရစ်တန်ဆန်ကို ဆေးစစ်ပေးခဲ့တဲ့ ထောင်ပြင်ပ ဆရာဝန်တစ်ယောက်ကတော့ ညီအစ်ကိုရဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်လုပ်လို့ မရနိုင်ကြောင်း ဆိုတယ်။

ပြစ်ဒဏ်တိုက် (SHIZO) မှာ အစားအသောက် ဝယ်ခွင့်၊ ဖုန်းပြောခွင့်၊ ဖုန်းလက်ခံခွင့်၊ ဧည့်သည်တွေ့ခွင့်၊ ပါဆယ်ထုတ် လက်ခံခွင့် မရှိဘူး။ ဘာသာရေးဆရာတွေနဲ့တော့ တွေ့ခွင့်ပေးကြတယ်။ ဒါပေမဲ့ ညီအစ်ကို ခရစ်တန်ဆန်ကို အကြီးအကဲတွေနဲ့ တွေ့ခွင့်မပေးကြဘူး။ ယေဟောဝါသက်သေတွေဟာ ရုရှားမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ဘာသာရေးအဖွဲ့အစည်း မဟုတ်တဲ့အတွက်ဆိုပြီး အကြောင်းပြကြတယ်။

အစောပိုင်း သတင်းပေးချက်အတိုင်း ဇွန် ၂၃ မှာ လူဂို့ ခရိုင်တရားရုံးက ညီအစ်ကို ခရစ်တန်ဆန်ကို စောစီးစွာ ထောင်ကနေ လွတ်ငြိမ်းခွင့်၊ ကျန်ရှိထောင်ဒဏ်အစား ငွေဒဏ် ပေးဆောင်ခွင့် ပြုလိုက်ပြီး ဖြစ်တယ်။ ဒါပေမဲ့ နောက်ရက်တွေမှာပဲ အစိုးရရှေ့နေက အယူခံလွှာတင်တယ်။ ညီအစ်ကို ခရစ်တန်ဆန်ကို နာမည်ဖျက်ဖို့၊ စောစော လွတ်ငြိမ်းခွင့်ကို တားဆီးဖို့ ထောင်အာဏာပိုင်တွေနဲ့ အစိုးရရှေ့နေတို့ ပူးပေါင်းကြံစည်ခဲ့ပုံရတယ်။

ညီအစ်ကို ခရစ်တန်ဆန်နဲ့ ဇနီး အီရီနာဟာ အကောင်းမြင်စိတ် ရှိနေဆဲပါပဲ။ ပြင်းထန်လွန်းတဲ့ စမ်းသပ်မှုကြား ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်အောင် ယေဟောဝါ အမြဲ ကူညီပေးနေကြောင်း သိရတာ အလွန်အားရှိစရာပါပဲ။—ကောလောသဲ ၁:၁၁