မာတိကာဆီ ကျော်သွား

ရုရှား အကျဉ်းထောင်ကနေ လွတ်လာပြီးနောက် ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ်ဟာ ၂၀၂၁၊ ဇန်နဝါရီ ၂၁ မှာ ဥဇဘက်ကစ္စတန် ရထားဘူတာ အပြင်မှာ ဇနီး ယေ့ဂျီနီးယားနဲ့ ပြန်ဆုံဆည်း

၂၀၂၁၊ ဇန်နဝါရီ ၂၁
ရုရှား

ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ် ရုရှား အကျဉ်းထောင်ကနေ လွတ်ပြီး ဥဇဘက်ကစ္စတန်ကို နယ်နှင်ခံရ

ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ် ရုရှား အကျဉ်းထောင်ကနေ လွတ်ပြီး ဥဇဘက်ကစ္စတန်ကို နယ်နှင်ခံရ

၂၀၂၀၊ ဒီဇင်ဘာ ၃၁ မှာ ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ် ရုရှား အကျဉ်းထောင်ကနေ လွတ်လာတယ်။ အိုရင်ဘာ့ဂ်မြို့၊ ဘယ်ယာယေစကီ ခရိုင်တရားရုံးက ဖေလစ်ကို မွေးရပ်နိုင်ငံ ဥဇဘက်ကစ္စတန်ကို ပြန်ပို့ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရတဲ့အထိ နယ်နှင်ရေးစခန်းမှာ ယာယီ ထိန်းသိမ်းထားတယ်။ သူ့ကို ၂၀၂၀၊ ဧပြီ တုန်းက ရုရှားနိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းလိုက်လို့ ဖြစ်တယ်။ ၂၀၂၁၊ ဇန်နဝါရီ ၂၀ မှာ အာဏာပိုင်တွေက ဖေလစ်ကို ဥဇဘက်ကစ္စတန်ကို သွားတဲ့ ရထားပေါ် တင်ပေးလိုက်ကြတယ်။ ၂၀၂၁၊ ဇန်နဝါရီ ၂၁ မှာ ဥဇဘက်ကစ္စတန်ကို ဖေလစ် ချောချောမောမော ပြန်ရောက်သွားပြီဆိုတာ သတင်းပို့ရလို့ ဝမ်းသာပါတယ်။ ဇနီး ယေ့ဂျီနီးယားက ခင်ပွန်းကို ကြိုဖို့ ဥဇဘက်ကစ္စတန်ကို နှစ်ရက် ကြိုရောက်နေတယ်။

ဖေလစ် ရုရှားမှာ နေတာ ၁၈ နှစ်လောက် ရှိပြီ။ ၂၀၀၂၊ ဆယ်ကျော်သက်အရွယ်မှာ သူနဲ့ မိခင်ဖြစ်သူတို့ ဥဇဘက်ကစ္စတန်ကနေ ရုရှား၊ စာရာတို့ဗ်မြို့ကို ပြောင်းလာကြတယ်။ ၂၀၀၄၊ အသက် ၁၉ နှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၁၁ မှာ ယေ့ဂျီနီးယားနဲ့ အိမ်ထောင်ပြုတယ်။

၂၀၁၈၊ ဇွန် ၁၂ မှာ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) က မျက်နှာဖုံး တပ်ထားတဲ့ လက်နက်ကိုင် အရာရှိတွေနဲ့ ဒေသခံရဲတွေ ဖေလစ်နဲ့ ယေ့ဂျီနီးယားတို့ အိမ်ကို ဝင်ရောက်စီးနင်းကြတယ်။ ဖေလစ် အဖမ်းခံရတယ်။ အချုပ်ထဲမှာပဲ တစ်နှစ်နီးပါး အချိန်ကုန်သွားတယ်။ ယေဟောဝါဆီ အမြဲ ဆုတောင်းတာက ခွန်အား ဆက်ရှိနေဖို့ သူ့ကို ကူညီပေးတယ်။ “ယေဟောဝါဆီ နေ့တိုင်း ဆုတောင်းတာက အဲဒီနေ့အတွက် ငြိမ်သက်ပျော်ရွှင်မှု ရဖို့ ကူညီပေးတယ်” လို့ ပြောတယ်။

ထောင်စောင့်တွေ အပြင်းအထန် ရိုက်နှက်တာကို ခံရပြီးနောက် နှစ်ပတ်နီးပါးမှာ ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ်

နောက်ပိုင်း ဖေလစ်နဲ့ တခြား ညီအစ်ကို ငါးယောက်ဟာ အပြစ်ရှိတယ်လို့ စီရင်ချက် ချခံရပြီး ၂၀၁၉၊ စက်တင်ဘာ ၁၉ မှာ ထောင်ချခံရတယ်။ အယူခံဝင်တာ ရှုံးပြီးနောက် ဖေလစ်နဲ့ တခြားညီအစ်ကို လေးယောက်ဟာ အိုရင်ဘာ့ဂ်မြို့မှာ ရှိတဲ့ ထောင်ကို ပြောင်းရွှေ့ခံရတယ်။ အဲဒီထောင်ဟာ စာရာတို့ဗ်မြို့မှာ ရှိတဲ့ အိမ်တွေ၊ မိသားစုတွေနဲ့ မိုင် ၅၀၀ ကျော် ဝေးတယ်။ သူတို့ ထောင်ထဲ ရောက်ပြီးနောက် အကြိမ်များစွာ ရိုက်နှက်ခံရတယ်။

ဒီလို ခက်ခဲတဲ့အချိန်မှာ ဖေလစ် ဆက်ပျော်ရွှင်နေပြီး အရင်ကလိုပဲ ဆက်ပြုံးနေနိုင်တယ်။ ယေ့ဂျီနီးယားက “သူ့အတွက် ကျွန်မ သိပ်ဂုဏ်ယူပါတယ်။ တရားရုံးအမှုကို သိက္ခာရှိရှိ ရင်ဆိုင်သွားရုံမက ဆက်ပြီးတော့လည်း သိက္ခာရှိရှိ ခံရပ်နေတယ်။ ကျွန်မ ဆက်ခံရပ်နိုင်ဖို့တောင် သူ ကူညီပေးတယ်” လို့ ပြောတယ်။

ရုရှား အာဏာပိုင်တွေက ဖေလစ်ကို အန္တရာယ်ပြုဖို့၊ ယုံကြည်ချက်ကို ရိုက်ချိုးဖို့ ရည်ရွယ်ထားပေမဲ့ ဒီအမှုကြောင့် ယေဟောဝါအပေါ် သစ္စာစောင့်သိမှု ပိုခိုင်မာလာတယ်လို့ ဖေလစ် ပြောတယ်။ ဒါက “ကျွန်တော့်ကို အစ်ကိုတို့ မကောင်းကြံခဲ့ပေမဲ့ ဘုရားသခင်က အခုလို လူအများရဲ့ အသက်ကို ကယ်ဖို့ အကောင်းဖြစ်စေခဲ့ပြီပဲ” ဆိုပြီး ကမ္ဘာဦး ၅၀:၂၀ မှာ အစ်ကိုတွေကို ယောသပ် ပြောတဲ့ စကားကို အမှတ်ရစေတယ်။