မာတိကာဆီ ကျော်သွား

အောက်တိုဘာ၊ ၁၄၊ ၂၀၁၉
ရုရှား

ညီအစ်ကို ဗာလေရီ မာစကာလန်ကာ ရဲ့ နောက်ဆုံး လျှောက်လဲချက်

ညီအစ်ကို ဗာလေရီ မာစကာလန်ကာ ရဲ့ နောက်ဆုံး လျှောက်လဲချက်

၂၀၁၉၊ ဩဂုတ် ၃၀၊ သောကြာနေ့တုန်းက တရားရုံးမှာ ညီအစ်ကို ဗာလေရီ မာစကာလန်ကာ နောက်ဆုံးအကြိမ် လျှောက်လဲခဲ့တယ်။ (ရုရှားဘာသာစကားကနေ ပြန်ဆိုထားတဲ့) သူ့ရဲ့ လျှောက်လဲချက် အကျဉ်းချုပ်ကတော့-

လေးစားအပ်ပါသော တရားသူကြီးမင်းနဲ့ တက်ရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျား။ ကျွန်တော့်အသက် ၅၂ နှစ် ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်က ကျွန်တော် အချုပ်ကျခဲ့ပါတယ်။ အခုဆိုရင် တစ်နှစ်ကျော်လာပြီ။

ဒီတရားရုံးမှာ နောက်ဆုံးလျှောက်လဲတဲ့အနေနဲ့ ကျွန်တော့်အကြောင်း၊ တရားစွဲဆိုခံရမှုနဲ့ပတ်သက်တဲ့ ကျွန်တော့် သဘောထားကို အကျဉ်းချုပ် ပြောပြချင်ပါတယ်။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာ ရာဇဝတ်မှု မမြောက်ပါဘူး။ ကျွန်တော် ယုံကြည်ချက် မစွန့်လွှတ်ရတဲ့ အကြောင်းရင်းကို တရားသူကြီးမင်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ဟာ အရင်တုန်းက ယေဟောဝါသက်သေ မဟုတ်ပါဘူး။ မိကောင်းဖခင်ရဲ့ သားတစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်ခံရပြီး ကြီးပြင်းလာခဲ့တာပါ။ ဒါပေမဲ့ နေရာတကာမှာ တွေ့နေရတဲ့ မတရားမှုတွေကို ကလေးဘဝကတည်းက စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ‘လူဆိုးတွေ၊ လူလိမ်တွေ ကြီးပွားတိုးတက်နေကြပေမဲ့ သူတော်ကောင်းတွေကျတော့ ဒုက္ခကြုံနေကြတယ်။ အဲဒါ မဖြစ်သင့်ဘူး’ လို့ ယူဆခဲ့တယ်။

အသက် ၂၄ နှစ်အရွယ်မှာ ကျမ်းစာကို အသေအချာ လေ့လာတဲ့အခါ သိချင်တဲ့အဖြေတွေ ရခဲ့တယ်။

အဲဒီအချိန်ကစပြီး ဆုံးဖြတ်ချက် ချတဲ့အခါတိုင်း ဘုရားသခင် ဘယ်လို ထင်မလဲ၊ ဘုရားပညတ်တွေ၊ မူတွေမှာ ဘယ်လို ဖော်ပြထားသလဲ၊ ဘုရားသခင်ကို ကိုးကွယ်တဲ့ ရှေးခေတ်က လူတွေဆိုရင် ဘယ်လို လုပ်ဆောင်ခဲ့ကြမလဲဆိုတာတွေကို အမြဲ ထည့်စဉ်းစားခဲ့ပါတယ်။

ကျွန်တော် အမေနဲ့အတူ တိုက်ခန်းတစ်ခန်းမှာ နေပါတယ်။ အမေက အသက်ကြီးတော့ ကျွန်တော်ပဲ ပြုစုစောင့်ရှောက်ပေးရတယ်။ ၂၀၁၈၊ ဩဂုတ် ၁ ရက်နေ့တုန်းက အိမ်မှာ အမေ တစ်ယောက်တည်း ရှိနေတုန်း ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) စုံစမ်းစစ်ဆေးရေးမှူးဟာ အထူးတပ်ဖွဲ့နဲ့အတူ ကျွန်တော်တို့ အိမ်ရှေ့တံခါးကို ဖောက်ထွင်း ဝင်ရောက် ရှာဖွေခဲ့ပါတယ်။

မျက်နှာဖုံးစွပ် အထူးတပ်ဖွဲ့ ဝင်လာတော့ အမေ အထိတ်တလန့်နဲ့ နှလုံးရောဂါ ဖောက်ပြီး လူနာတင်ယာဉ် ခေါ်ရတယ်။ ကျွန်တော့်အိမ်မှာ ရဲတွေ ရောက်နေတဲ့သတင်းလည်း ကြားရော ချက်ချင်း အိမ်ပြန်ပြီး မိနစ် ၃၀ အကြာမှာ ရောက်သွားတယ်။ အမေ့အခြေအနေကို တွေ့တော့ ကျွန်တော်ကိုယ်တိုင်လည်း သွေးတိုးခဲ့တယ်။ ဒါပေမဲ့ ဒေါသ မထွက်ဘဲ တည်တည်ငြိမ်ငြိမ်နေဖို့ ကြိုးစားတယ်။ ခရစ်ယာန်ပီသအောင် နေခဲ့တယ်။ ကျွန်တော့်ဘုရား ယေဟောဝါက အဲဒီလိုနေဖို့ သင်ပေးထားတယ်။ ဘုရား မကြိုက်တာကို မလုပ်ချင်ဘူး။

တရားသူကြီးမင်းခင်ဗျား၊ ပုံမှန်အားဖြင့်တော့ ကျွန်တော့်အနေနဲ့ ကိုယ့်အကြောင်းကိုယ် ပြောလေ့မရှိပါဘူး။ အခု လိုအပ်နေလို့ ပြောရတာပါ ခင်ဗျား။

ကျွန်တော် ယေဟောဝါသက်သေဖြစ်တာ ၂၅ နှစ် ကျော်ပါပြီ။ အစွန်းရောက်သမားဆိုပြီး တစ်ခါမှ အခေါ်မခံရဖူးပါဘူး။ ကျွန်တော့်ကို အိမ်နီးချင်းကောင်း၊ အလုပ်ကြိုးစားတဲ့သူ၊ ဂရုစိုက်တတ်တဲ့ သားလို့ပဲ သိထားကြတာပါ။

၂၀၁၇၊ ဧပြီ ၂၀ ရက်ကစပြီး ကျွန်တော့်ကို အစွန်းရောက်သမားဆိုပြီး ရုတ်တရက် ခေါ်ကြတယ်။ ဘာအကြောင်းပြချက်များ ရှိပါသလဲ။ ဘာများ ပြောင်းလဲသွားပါသလဲ။ ကျွန်တော် ဆိုးသွားလို့လား။ မဟုတ်ပါဘူး။ ကျွန်တော် အကြမ်းဖက်ခဲ့လို့လား။ တစ်ယောက်ယောက်ကို ထိခိုက်နစ်နာစေခဲ့လို့လား။ မဟုတ်ပါဘူး။ ရုရှားအခြေခံဥပဒေ ပုဒ်မ ၂၈ ပါ အခွင့်အရေးကို ကျွန်တော် ရပိုင်ခွင့် မရှိလို့လား။ မဟုတ်ပါဘူး။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်စာရင်းမှာ ကျွန်တော့်နာမည် မပါပါဘူး။ ရုရှား ဖယ်ဒရေးရှင်း အခြေခံဥပဒေ၊ အထူးသဖြင့် ပုဒ်မ ၂၈ မှာပါတဲ့ အခွင့်အရေးကို မရယူနိုင်အောင် ဘယ်သူကမှ မလုပ်ခဲ့ပါဘူး။ ဒါဆိုရင် တရားခွင်ကို ကျွန်တော် ဘာကြောင့် ရောက်နေရပါသလဲ။

စုံစမ်းစစ်ဆေးရေးမှူးနဲ့ စကားပြောဖြစ်တော့ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားရဲ့ နာမည်နဲ့ ဆုတောင်းလို့၊ နာမတော်ကို အသုံးပြုလို့ အဖမ်းခံရမှန်း သိလိုက်ရပါတယ်။ အဲဒါ ပြစ်မှု မဟုတ်ပါဘူး။ ဘုရားသခင်ကိုယ်တော်တိုင် မိမိနာမတော်ကို ရွေးထားတာပါ။ နာမတော်ကို ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတာပါ။

ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ဘုရားအလိုတော်နဲ့ ဆန့်ကျင်တာကို ကျွန်တော် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ တရားရုံးက ကျွန်တော့်ကို ဘယ်လိုပဲ အပြစ်ပေးပါစေ၊ သေဒဏ်ချမယ်ဆိုရင်တောင် စကြဝဠာဖန်ဆင်းရှင် အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်ကို ကျွန်တော် ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။

တရားသူကြီးမင်းခင်ဗျား၊ ယေဟောဝါသက်သေတွေဟာ ရင်းနှီးဖော်ရွေတဲ့သူတွေ၊ သင့်မြတ်ငြိမ်သက်မှုကို မြတ်နိုးတဲ့သူတွေဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်။ နိုင်ငံအတော်များများမှာ လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် ရရှိနေကြပါတယ်။ ရုရှားနိုင်ငံမှာလည်း ယုံကြည်သူတွေရဲ့ အခွင့်အရေးကို လေးစားစေချင်ပါတယ်။ ယုံကြည်သူ ကျွန်တော့်ကိုလည်း လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် ပြုစေချင်ပါတယ်။

ကျွန်တော် ပြစ်မှု မကျူးလွန်တဲ့အတွက် တရားရုံးတော်အနေနဲ့ အပြစ်မရှိဘူးလို့ စီရင်ဆုံးဖြတ်ပေးစေချင်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ် ခင်ဗျား။