မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ညီအစ်ကို ရိုမန် မာကင်နဲ့ ဗစ်တာ ထရိုဖီမို့ကို အဖမ်းမခံရမီက တွေ့ရစဉ်

ဇန်နဝါရီ ၁၇၊ ၂၀၂၀
ရုရှား

ညီအစ်ကို မာကင်နဲ့ ညီအစ်ကို ထရိုဖီမို့ ထောင်ဒဏ် ခြောက်နှစ်ခွဲ ကျသွားနိုင်တယ်

ညီအစ်ကို မာကင်နဲ့ ညီအစ်ကို ထရိုဖီမို့ ထောင်ဒဏ် ခြောက်နှစ်ခွဲ ကျသွားနိုင်တယ်

ညီအစ်ကို ရိုမန် မာကင်နဲ့ ဗစ်တာ ထရိုဖီမို့ရဲ့ အမှုကို ၂၀၂၀၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။ အစိုးရရှေ့နေက သူတို့ကို ထောင်ဒဏ် ခြောက်နှစ်ခွဲချဖို့ တရားရုံးကို တောင်းဆိုထားတယ်။

ရုရှားနိုင်ငံ၊ ပေါ်ယာနီမြို့က အိမ်တွေကို မျက်နှာဖုံးတပ်ထားတဲ့ လက်နက်ကိုင် အထူးရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတဲ့ ၂၀၁၈၊ ဧပြီ ၁၈ ရက်နေ့မှာ ညီအစ်ကိုတွေရဲ့ ဒုက္ခ စတင်ခဲ့တယ်။ ရဲတွေက ညအတော်နက်တဲ့အချိန်မှာ ညီအစ်ကို မာကင်ရဲ့အိမ်ကို ရောက်လာပြီး အိမ်တံခါးကို ချိုးဖျက်ခဲ့ကြတယ်။ ညီအစ်ကို မာကင်ကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တယ်။ အိမ်ထဲရှာဖွေနေချိန်မှာ ညီအစ်ကို မာကင်ကို ကြမ်းပြင်မှာ မှောက်ခိုင်းထားတယ်။ ဝင်ရောက်စီးနင်းချိန်မှာ ရှိနေတဲ့ ညီအစ်ကို မာကင်ရဲ့ ၁၆ နှစ်အရွယ် သမီးကိုလည်း လက်ကို ခေါင်းမှာကိုင်ထားခိုင်းပြီး ကြမ်းပြင်မှာ မှောက်ထားခိုင်းတယ်။

အဲဒီညမှာပဲ ပေါ်ယာနီမြို့က ယေဟောဝါသက်သေတွေရဲ့ တခြားနေအိမ် လေးလုံးကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ရဲတွေက ညီအစ်ကို မာကင်နဲ့ ထရိုဖီမို့ အပါအဝင် ညီအစ်ကို၊ ညီအစ်မ ဆယ်ယောက်ကျော်ကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်သွားကြတယ်။ ပြီးတဲ့နောက် မူမန် ပြည်နယ် ပေါ်ယာနီ ခရိုင်တရားရုံးက ညီအစ်ကို မာကင်နဲ့ ထရိုဖီမို့ကို စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက်ချလိုက်တယ်။ ညီအစ်ကိုတွေဟာ အချုပ်ထဲမှာ ခြောက်လနီးပါး၊ နေအိမ် အကျယ်ချုပ်နဲ့ လေးလ နေခဲ့ရတယ်။ ၂၀၁၉၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တရားရုံးက သူတို့ကို နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အမှုကို တရားရုံးက ဆုံးဖြတ်ချက်မချမချင်း ခရီးသွားလာမှုနဲ့ ပြောဆိုဆက်ဆွယ်မှုတွေကို ကန့်သတ်ထားပါတယ်။

ရုရှားနိုင်ငံမှာ ရာဇဝတ်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယေဟောဝါသက်သေ ၃၀၀ နီးပါးရှိတယ်။ သူတို့တွေ ဆက်ပြီး ရဲစွမ်းသတ္တိရှိဖို့၊ ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ယေဟောဝါရဲ့မေတ္တာ မခံစားရအောင် သူတို့ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ရောမ ၈:၃၈၊ ၃၉