မာတိကာဆီ ကျော်သွား

၂၀၂၀၊ ဒီဇင်ဘာ တရားရုံး အပြင်ဘက်မှာ ညီအစ်ကို ယေ့ဂျနီ ဂိုလစ်

၂၀၂၁၊ ဇန်နဝါရီ ၂၁
ရုရှား

ညီအစ်ကို ယေ့ဂျနီ ဂိုလစ် ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခံရ

ညီအစ်ကို ယေ့ဂျနီ ဂိုလစ် ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခံရ

စီရင်ချက်

၂၀၂၁၊ ဇန်နဝါရီ ၂၀ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ ဂိုလစ်ကို ပြစ်ဒဏ်စီရင်ခဲ့တယ်။ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ သွားစရာ မလိုဘူး။ အမှုကို ညီအစ်ကို အယူခံဝင်ပါမယ်။

ကိုယ်ရေးအကျဉ်း

ယေ့ဂျနီ ဂိုလစ်

  • မွေးဖွားတဲ့နှစ်– ၁၉၇၅ (ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ– ဂဟေဆက်လုပ်ငန်း လုပ်တယ်။ ဘွိုင်လာအိုး အခန်းမှာ စက်ကိုင်သူအဖြစ် လုပ်တယ်။ ယေဟောဝါသက်သေ မဖြစ်ခင်က ရုရှား စစ်တပ်မှာ လုပ်ဖူးတယ်

    မိခင်ဆီကနေ အမှန်တရား သိလာတယ်။ ဘဝအဓိပ္ပာယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ အဖြေရသွားတယ်။ တခြားသူတွေကို ဂရုစိုက်ဖို့လည်း ကျမ်းစာသွန်သင်ချက်တွေက သူ့ကို ကူညီပေးတယ်

အမှုနောက်ကြောင်း

၂၀၁၈၊ မေ ၁၇ မနက်စောစောမှာ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲ ၁၅၀ ဟာ ရုရှား အရှေ့ဖျား ဘိုင်ရိုဘစ်ဇန်မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ် ၂၂ လုံးကို ဝင်ရောက်စီးနင်းတယ်။ ဒီရဲစစ်ဆင်ရေးကို “တရားစီရင်ရာနေ့” ဆိုပြီး လျှို့ဝှက်နာမည် ပေးထားတယ်။ ဒေသခံ အာဏာပိုင်တွေက ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နေတဲ့ ညီအစ်ကို ယေ့ဂျနီ ဂိုလစ်နဲ့ တခြား ညီအစ်ကို ညီအစ်မ ၂၁ ယောက်ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားတယ်။ ၂၀၂၀၊ ဇန်နဝါရီ ၂၉ မှာ ညီအစ်ကိုရဲ့ အမှုကို စတင်စစ်ဆေးခဲ့တယ်။

အစိုးရဘက်က တင်သွင်းတဲ့ သက်သေအထောက်အထားတွေထဲမှာ ညီအစ်ကို ယေ့ဂျနီ ကျမ်းစာနဲ့ ကျမ်းစာ အခြေပြု စာပေတွေ လေ့လာနေတဲ့ ဗီဒီယိုမှတ်တမ်းတွေ ပါတယ်။

မတရားမှုရဲ့ သားကောင် ဖြစ်ရတာ တကယ် ခံရခက်ပါတယ်။ ဒါပေမဲ့ ညီအစ်ကို ယေ့ဂျနီ ဒီလိုပြောတယ်– “ကျမ်းစာဖတ်တာ၊ ဆုတောင်းတာတွေက ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ ကျမ်းစာထဲက အကြောင်းအရာတွေက ကျွန်တော့်ကို ပျော်ရွှင်စေတယ်။ အဲဒီပျော်ရွှင်မှုက တခြားသူတွေကိုလည်း ပြောပြဖို့ လှုံ့ဆော်ပေးတယ်။”

ဆာလံ ၂၃:၄ ကို ဖတ်ရှုခြင်းကနေ ညီအစ်ကို အကျိုးရတယ်။ “အဲဒီကျမ်းချက်က သတ္တိရှိဖို့၊ ဝမ်းမြောက်စွာ ခံရပ်ဖို့ ကူညီပေးတယ်။ သေဘေးနဲ့ ရင်ဆိုင်ရရင်တောင် ကျွန်တော်တို့နဲ့အတူ ယေဟောဝါ အမြဲ ရှိနေမှန်း သိတယ်” လို့ ပြောတယ်။

ညီအစ်ကို ညီအစ်မတွေလည်း ယေ့ဂျနီနဲ့ အတူရှိပါတယ်။ “ညီအစ်ကို ညီအစ်မတွေက အမှုစစ်ချိန်တွေမှာ တရားရုံးကို လာပေးကြတယ်။ တကယ် အားရှိတယ်။ ဒီခက်ခဲတဲ့အချိန်မှာ ထောက်မတတ်တဲ့ ဇနီးကိုလည်း ယေဟောဝါ ပေးထားတယ်။ ကျွန်တော် အမြဲ ပျော်ရွှင်နေတယ်။ ကာယအစာရော၊ ဘုရားရေးရာ ထောက်မမှုတွေပါ အလျှံပယ် ရနေပါတယ်” လို့ ယေ့ဂျနီ ပြောတယ်။

ယေ့ဂျနီဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် လုပ်နေဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ နှိပ်စက်ညှဉ်းပန်းမှု တိုက်ရိုက် မကြုံရသေးတဲ့ တခြားသူတွေကိုလည်း “နိုင်ငံတော် သီချင်းတွေ အလွတ်ကျက်ထားပါ။ ရန်သူတွေကို ချစ်တတ်ဖို့ စိတ်ကို လေ့ကျင့်ထားပါ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ဘုရားရဲ့ ကျေးကျွန်တစ်ယောက်အနေနဲ့ ပျော်ပျော်နေတတ်ဖို့ လေ့ကျင့်ထားပါ” လို့ ယေ့ဂျနီ တိုက်တွန်းတယ်။

ရုရှားက ညီအစ်ကို ညီအစ်မတွေဆီကနေ အဖိုးတန် သင်ခန်းစာတွေ ဆက်သင်ယူကြပါစို့။ ဒုက္ခရောက်ချိန်မှာ သူတို့ကို ယေဟောဝါ ခွန်အားပေးသလို ကျွန်တော်တို့ကိုလည်း ခွန်အားပေးပါလိမ့်မယ်။—ဆာလံ ၂၉:၁၁