မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဗ်ဂနီ ယေ့ခူနဲ့ ဇနီး အီရီနာ

မေ ၁၇၊ ၂၀၂၁
ရုရှား

ညီအစ်ကို ယေ့ဗ်ဂနီ ယေ့ခူ ရုံးတင်စစ်ဆေးခံရချိန်တွေမှာ ဉာဏ်ပညာရှိရှိ ဖြေကြားနိုင်ဖို့ ယေဟောဝါကို အားကိုး

ညီအစ်ကို ယေ့ဗ်ဂနီ ယေ့ခူ ရုံးတင်စစ်ဆေးခံရချိန်တွေမှာ ဉာဏ်ပညာရှိရှိ ဖြေကြားနိုင်ဖို့ ယေဟောဝါကို အားကိုး

နောက်ဆုံး အချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ အောက်တိုဘာ ၁ ရက်မှာ အာရ်ခန်ဂလစ် ခရိုင်တရားရုံးက ညီအစ်ကို ယေ့ခူရဲ့ အယူခံကို ပယ်ချတယ်။ အောက်တရားရုံးရဲ့ စီရင်ချက် ပြောင်းလဲမှု မရှိပါဘူး။

၂၀၂၁၊ ဇူလိုင် ၁၉ မှာ အာရ်ခန်ဂလစ်၊ ဆော်လောန်ဘာစကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဗ်ဂနီ ယေ့ခူကို အပြစ်ရှိကြောင်း စီရင်ချက် ချပြီး စုစုပေါင်း ရူဘယ် ၈၈၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၁၂,၀၈၂) ဒဏ်ငွေ တပ်လိုက်ပါတယ်။ သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ကိုယ်ရေးအကျဉ်း

ညီအစ်ကို ယေ့ဗ်ဂနီ ယေ့ခူ

  • မွေးဖွားတဲ့နှစ်။ ၁၉၈၀ (စောန်နိုဗစ်၊ ကာရဲလိယာ သမ္မတနိုင်ငံ)

  • ဘဝအတ္ထုပ္ပတ္တိ။ ကျမ်းစာကြိုဟောချက် ပြည့်စုံတာကို ဆယ်ကျော်သက်အရွယ်မှာ သိပ်သဘောကျမိတယ်။ ၂၀၀၆ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ အာရ်ခန်ဂလစ်ကို ပြောင်းရွှေ့နေထိုင်ပြီး စီးပွားရေး သင်တန်းကျောင်း တက်တယ်။ ၂၀၀၇ မှာ အီရီနာနဲ့ လက်ထပ်တယ်။ ခရီးထွက်တာ၊ အပြင်ထွက်လည်ရတာ ဝါသနာပါတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဖေဖော်ဝါရီ ၁၈ မနက်ပိုင်းမှာ ရုရှား အာဏာပိုင်တွေက ညီအစ်ကို ယေ့ဗ်ဂနီ ယေ့ခူရဲ့ အိမ်ကို ဝင်ရောက်စီးနင်းပြီး “အစွန်းရောက်” လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းခေါ်သွားကြတယ်။ နှစ်ရက် ဖမ်းချုပ်ထားကြတယ်။ ဘယ်မှာ ဖမ်းချုပ်ထားတယ်ဆိုတာ မိသားစုနဲ့ မိတ်ဆွေတွေကို အသိမပေးကြဘူး။

ပြန်လွတ်လာပြီးနောက် ညပိုင်း အိမ်ပြင်ထွက်ခွင့် မရှိဘူး။ အိမ်မှာ ဘာစုဆုံပေါင်းသင်းမှုမှ ခွင့်မပြုဘူး။ အမှုမှာ ပါဝင်ပတ်သက်သူတွေကို ဖုန်း၊ အီးမေးလ်၊ အင်တာနက် သုံးပြီး ဆက်သွယ်ခွင့် မရှိဘူး။ ခုနစ်လကြာပြီးနောက် ကန့်သတ်ချက်တချို့ ဖြေလျှော့ပေးတယ်။ ညနေပိုင်း အိမ်ပြင်ထွက်ခွင့် ပေးတယ်။

၂၀၁၉၊ နိုဝင်ဘာ ၂၅ မှာ ညီအစ်ကို ယေ့ဗ်ဂနီကို “အစွန်းရောက်” လုပ်ငန်း စီစဉ်ဖွဲ့စည်းမှုနဲ့ တရားစွဲကြတယ်။ နောက်ပိုင်းမှာ စွဲချက်တွေ ထပ်တိုးလာတယ်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်။ အစွန်းရောက်မှုတွေနဲ့ပတ်သက်တဲ့ စွဲချက်တွေကြောင့် ယေ့ဗ်ဂနီ အလုပ်ပြုတ်သွားတယ်။ ဘဏ်အကောင့်တွေ အပိတ်ခံရတယ်။ ကားနှစ်စီးကိုလည်း သိမ်းသွားကြတယ်။

ဒီလိုအခက်အခဲတွေ ကြုံပေမဲ့ ယေ့ဗ်ဂနီရော အီရီနာပါ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်အားကိုးတယ်။ “ယေဟောဝါက ကျွန်မရဲ့ ဆုတောင်းချက်တွေကို အတိအကျ အဖြေပေးရုံမက ကျွန်မတို့လင်မယားကို စောင့်ရှောက်ပေးနေမှန်း သိမြင်ရတဲ့အခါ ကျေးဇူးတင်မဆုံး ဖြစ်မိတယ်” လို့ အီရီနာ ပြောတယ်။

အမှုကြားနာစစ်ဆေးချိန်မှာ ကိုယ့်ယုံကြည်ချက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်း ရှင်းပြနိုင်အောင် ယေ့ဗ်ဂနီကို ကူညီပေးပါလို့ အီရီနာ ဆုတောင်းတယ်။ ယေ့ဗ်ဂနီလည်း အဲဒီအတိုင်းပါပဲ။ “စစ်ဆေးရေး ကော်မတီရှေ့ သွားတဲ့အခါတိုင်း၊ အမှုကြားနာစစ်ဆေးချိန်တိုင်း ကျွန်တော့်ကို ဉာဏ်ပညာ ပေးပါဆိုပြီး ယေဟောဝါဆီ ဆုတောင်းတယ်။” ယေဟောဝါ နားထောင်ပေးတယ်လို့ သူ ပြောတယ်။ “ပြောသင့်တာပဲ ပြောတယ်။ မလိုတာတွေ မပြောဖြစ်ဘူး။ ယေဟောဝါက ကျွန်တော့်ကို မစွန့်ပစ်ဘူး၊ ဆုတောင်းချက်တွေကို ဖြေကြားပေးနေမှန်း သိသာတယ်။ ဘုရား ကူညီပေးနေတယ်ဆိုတာ ပိုသိမြင်လာတယ်” လို့ ယေ့ဗ်ဂနီ ပြောတယ်။

စီရင်ချက်ကို စောင့်နေချိန်မှာ “နူးညံ့တဲ့ သဘော၊ အလွန် လေးစားတဲ့ သဘောနဲ့” ဖြေရှင်းတတ်အောင် ယေ့ဗ်ဂနီကို ယေဟောဝါ ရဲစွမ်းသတ္တိ ပေးသနားမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—၁ ပေတရု ၃:၁၅