၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်
ရုရှား
ညီအစ်ကို ရုစတန် စိုင်ကူလိဗ် ရုရှားအကျဉ်းထောင်က လွတ်လာပြီးနောက် တာ့ခ်မင်နစ္စတန်နိုင်ငံကို ပြည်နှင်ဒဏ်ပေးခံရ
ညီအစ်ကို ရုစတန် စိုင်ကူလိဗ်ဟာ ရုရှားအကျဉ်းထောင်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်မှာ လွတ်လာတယ်။ လနဲ့ချီ စောင့်ဆိုင်းခဲ့ရပြီးနောက် ၂၀၂၃၊ စက်တင်ဘာ ၁၇ ရက်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံကို ပြည်နှင်ဒဏ်ပေး ခံရတယ်။ ရုရှားအစိုးရက သူ့ကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်လို့ပါ။ ညီအစ်ကိုရဲ့ဇနီး ယူလီယာက မကြာခင် သူနဲ့ ပြန်ပေါင်းစည်းဖို့ မျှော်လင့်နေပါတယ်။
ညီအစ်ကို ရုစတန်ဟာ ၇ လကြာ အိမ်အကျယ်ချုပ်ကျခဲ့ပြီး အကျဉ်းထောင်မှာ ၂၃ လနီးပါး နေခဲ့ရတယ်။ အဲဒီအချိန်တစ်လျှောက်လုံးမှာ အပြုသဘောထားဆက်ရှိခဲ့ပြီး ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မြဲခဲ့တယ်။ အကျဉ်းထောင်ထဲကနေ ရုစတန် ရေးတဲ့ စာထဲမှာ ကျမ်းစာပုံနမူနာတွေကြောင့် ခံနိုင်ရည်ရှိခဲ့ကြောင်း ဒီလိုရေးထားတယ်– “အထူးသဖြင့် နာဗုတ်နဲ့ မေဖိဗောရှက်ရဲ့ ပုံနမူနာကြောင့် ကျွန်တော် အားရှိတာ။ သူတို့ဟာ မတရားစွပ်စွဲခံခဲ့ရပေမဲ့ သစ္စာရှိခဲ့ကြတယ်၊ ယုံကြည်ခြင်း ခိုင်မြဲခဲ့ကြတယ်။ အဲဒါက ကိုယ့်ရဲ့အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့၊ ကိုယ့်ရဲ့မျှော်လင့်ချက်ကို အာရုံစိုက်ဖို့ အကူအညီဖြစ်ခဲ့တယ်။”
ယူလီယာဟာ ရုစတန် ထောင်ကျနေချိန်မှာ ခင်ပွန်းဆီ သုံးလတစ်ခါပဲ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ဒါပေမဲ့ သူတို့ဟာ နေ့တိုင်း ဖုန်းဆက်စကားပြောတယ်၊ ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ ထဲက နေ့စဉ်ကျမ်းချက်နဲ့ မှတ်ချက်တွေ အတူသုံးသပ်ပြီး အပြန်အလှန် အားပေးခဲ့ကြတယ်။
အကျဉ်းထောင်ကို မပို့ခင်လေးမှာ ရုစတန် ဒီလိုပြောခဲ့တယ်– “အရာရာဟာ ယေဟောဝါရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်၊ ဘုရားက ကျွန်တော်တို့ကို အသင့်တော်ဆုံးအချိန်မှာ အသင့်တော်ဆုံးနည်းလမ်းနဲ့ ကူညီစောင့်ရှောက်ပေးဖို့ အသင့်ရှိတယ်ဆိုတာကို ကျွန်တော် သိထားတယ်။ ဒါကြောင့် ကျွန်တော့်ဘက်က ဘုရားကို ဆက်ပြီး အပြည့်အဝ ကိုးစားဖို့ပဲ လိုတာ။”
ရုစတန်နဲ့ ယူလီယာဟာ ယေဟောဝါကို သူတို့ရဲ့ ခိုလှုံရာ၊ ရဲတိုက်အဖြစ် ဆက်ကိုးစားနေတဲ့အတွက် ဘုရားကလည်း သူတို့ကို ဆက်စောင့်ရှောက်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၉၁:၂။