မာတိကာဆီ ကျော်သွား

ညီအစ်ကို အနာတိုလီနဲ့ ဇနီး အာလယိုနာ

ဧပြီ ၇၊ ၂၀၂၁
ရုရှား

ညီအစ်ကို အနာတိုလီ ဗီလစ်ကေဗစ် စီရင်ချက်ကို စောင့်နေရင်း ဆက်သစ္စာရှိ

ညီအစ်ကို အနာတိုလီ ဗီလစ်ကေဗစ် စီရင်ချက်ကို စောင့်နေရင်း ဆက်သစ္စာရှိ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ ဒီဇင်ဘာ ၁၆ မှာ ဘာ့ရှ်ကော်တိုစတန် သမ္မတနိုင်ငံ အထက်တရားရုံးက ညီအစ်ကို အနာတိုလီ ဗီလစ်ကေဗစ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ မူလစီရင်ချက် မပြောင်းလဲပါဘူး။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ စက်တင်ဘာ ၂၇ မှာ အူဖာမြို့၊ လီနင်စကီ ခရိုင်တရားရုံးက အနာတိုလီကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် စီရင်ချက် ချလိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

အနာတိုလီ ဗီလစ်ကေဗစ်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၆ (ခါဘာရော့စ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဆောက်လုပ်ရေး အချောကိုင် လက်သမားအလုပ် လုပ်တယ်။ ၂၀၀၈ မှာ အာလယိုနာနဲ့ လက်ထပ်တယ်။ ရွက်ဖျင်တဲ ခရီးစဉ် ထွက်တာ၊ ခြေကျင်ခရီးဝေး ထွက်တာ ဝါသနာပါကြတယ်

    မိဘတွေ သင်ပေးတဲ့အတွက် ငယ်ငယ်ကတည်းက ဖန်ဆင်းရှင်ကို ချစ်တယ်။ တစ်နေ့ကျရင် လူနဲ့ တိရစ္ဆာန်တွေ သင့်သင့်မြတ်မြတ် နေထိုင်ကြမယ်ဆိုတဲ့ ကျမ်းစာကတိကို သိပ်သဘောကျတယ်။ ၁၉၉၇၊ အသက် ၁၁ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၈၊ ဩဂုတ် ၈ မှာ အနာတိုလီ ဗီလစ်ကေဗစ်ကို အကြမ်းဖက် သံသယရှိသူစာရင်း သွင်းလိုက်ကြတယ်။ ၂၀၁၇၊ ဧပြီလမှာ ယေဟောဝါသက်သေတွေကို ရုရှား ဖယ်ဒရေးရှင်း တရားရုံးချုပ် ပိတ်ပင်ပြီးနောက်ပိုင်း အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ထောင်ချခံရသူတွေထဲမှာ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်နဲ့ အနာတိုလီတို့ဟာ ဦးဆုံး သက်သေခံတွေပါ။

စုံထောက်တွေက အနာတိုလီနဲ့ အာလယိုနာတို့ တိုက်ခန်းမှာ လျှို့ဝှက်ကင်မရာတွေ လာတပ်ထားပြီး မိတ်ဆွေတွေနဲ့ ကျမ်းစာ ဆွေးနွေးတာကို “ရာဇဝတ်မှု” ကျူးလွန်တယ်လို့ အထောက်အထား ပြကြတယ်။ အစွန်းရောက် အဖွဲ့အစည်း စီစဉ်ဖွဲ့စည်းမှုနဲ့ စွဲချက် တင်ထားကြတယ်။

အနာတိုလီကို ဖမ်းခေါ်သွားချိန်မှာ အရာရှိ တစ်ယောက်က အာလယိုနာကို “ယောက်ျားအသစ် ရှာပေတော့” လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောသွားတယ်။ စစ်ဆေးမေးမြန်းချိန်မှာ “ကျွန်တော့်ကို အကြီးအကျယ် ဖိအားပေးကြတယ်။ အပြစ်ဝန်မခံရင် ကျွန်တော့်ဇနီးနဲ့ အိမ်မှာ အစည်းအဝေး လာတက်တဲ့ ညီအစ်ကို/မတွေကို ဒုက္ခပေးမယ်တဲ့။ ကျွန်တော့်ဇနီးကိုပါ ထောင်ချပစ်မယ်လို့ ထပ်ခါထပ်ခါ ပြောတယ်။ ဒါနဲ့ စိတ်ငြိမ်သက်မှု ပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်” လို့ အနာတိုလီ ပြောပြတယ်။

အနာတိုလီဟာ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ နှစ်လကျော် ထိန်းသိမ်းခံရတယ်။ ကိုးလနီးပါး နေအိမ်အကျယ်ချုပ် ကျတဲ့အပြင် ခရီးသွားလာခွင့် မရှိတာ တစ်နှစ်ခွဲ ရှိပါပြီ။ ထောင်ကျနေချိန်မှာ အနာတိုလီဟာ နှိပ်စက်ညှဉ်းဆဲမှုကို ခံရပ်ခဲ့ကြတဲ့ ကျမ်းစာထဲက စံနမူနာရှင်တွေအကြောင်း ချရေးတယ်။ “ယေဟောဝါက သူတို့ကို ဆင်းရဲဒုက္ခတွေကနေ မကာကွယ်ပေးခဲ့ပေမဲ့ ပစ်မထားပါဘူး။ ကျွန်တော့်ကိုလည်း ယေဟောဝါ ပစ်ထားမှာ မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချပြီး အားတက်လာတယ်။ အရေးကြီးဆုံးက ဘုရားကို ဆက်သစ္စာရှိနေဖို့ပဲ” လို့ပြောတယ်။ ဇနီးရဲ့ စာတွေကလည်း သူ့ကို အားရှိစေတယ်။ “အာလယိုနာက ကျွန်တော်တို့ ချစ်ခင်ရင်းနှီးရသူတွေရဲ့ ဓာတ်ပုံတွေပါ ထည့်ပေးတယ်။ ညနေဆို အဲဒီဓာတ်ပုံတွေ ထုတ်ကြည့်ရင်း အမှတ်တရအကြောင်းလေးတွေကို ပြန်စဉ်းစားတယ်။ ဘေးနားမှာ သူတို့ ရှိနေသမျိုး ခံစားရတယ်” လို့ အနာတိုလီ ပြောပြတယ်။

အနာတိုလီနဲ့ အာလယိုနာတို့ရဲ့ သစ္စာစောင့်သိမှု ပုံနမူနာက ကျွန်တော်တို့ကို အားရှိစေတယ်။ ရုရှားက ညီအစ်ကို/မတွေ ဒီလောက် နှိပ်စက်ခံနေရတာတောင် ယေဟောဝါနဲ့ ရင်းရင်းနှီးနှီး ရှိနေကြတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ သူတို့အတွက် ကျွန်တော်တို့အားလုံးရဲ့ ဆုတောင်းချက်ကို နားထောင်ပေးတဲ့ ယေဟောဝါကိုလည်း ကျေးဇူးတင်ပါတယ်။—၂ ကောရိန္သု ၁:၁၁