မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဇေ အောနေဇချု့ခ်ကို စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ချုပ်နှောင်သက်တမ်း ထပ်တိုးတဲ့ နောက်ဆုံးအကြိမ် စီရင်ချက် ချတုန်းက တရားခွင်မှာ တွေ့ရစဉ်

ဩဂုတ် ၉၊ ၂၀၁၉
ရုရှား

ညီအစ်ကို အန်ဇေ အောနေဇချု့ခ် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားရတာ တစ်နှစ်နီးပါး ရှိပြီ

ညီအစ်ကို အန်ဇေ အောနေဇချု့ခ် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားရတာ တစ်နှစ်နီးပါး ရှိပြီ

ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ညီအစ်ကို၊ ပိုလန်နိုင်ငံသား အန်ဇေ အောနေဇချု့ခ်ကို ရုရှား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၂၀၁၈၊ အောက်တိုဘာ ၉ ရက်နေ့ကတည်းက ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ထားလိုက်တယ်။ မကြာသေးခင်က ချုပ်ရက်သက်တမ်းကို ငါးကြိမ်မြောက် ထပ်တိုးလိုက်ပါတယ်။ ထောင်ထဲနေရတာ တစ်နှစ်ပြည့်ဖို့ ရက်အနည်းအလို အောက်တိုဘာ ၂ ရက်နေ့မှာ ချုပ်ရက်သက်တမ်း ပြည့်ပါမယ်။

အဖမ်းမခံရခင်တုန်းက အန်ဇေကို ဇနီးအန်နာနဲ့အတူ တွေ့ရစဉ်။ အန်နာဟာ အန်ဇေအဖမ်းခံရတဲ့ လွန်ခဲ့တဲ့ဆယ်လလုံးလုံး တစ်ခါမှ ထောင်ဝင်စာ တွေ့ခွင့် မရခဲ့

အန်ဇေ ထောင်ထဲနေရတဲ့ အချိန်တစ်လျှောက်လုံး တစ်ကိုယ်တည်း တိုက်ပိတ်ထားခံရတယ်။ မနက် ၆ နာရီကနေ ညနေ ၉ နာရီအထိ လဲလျောင်းခွင့် မရှိဘူး။ တစ်ပတ်ကို တစ်ကြိမ် ရေနွေးနဲ့ ၁၅ မိနစ် ရေချိုးခွင့် ပေးထားတယ်။ အန်ဇေရဲ့ဇနီး အန်နာလည်း ထောင်ကျနေတဲ့ ဆယ်လလုံးလုံး အန်ဇေဆီ ထောင်ဝင်စာ တွေ့ခွင့် မရခဲ့ဘူး။ စာနဲ့ပဲ အဆက်အသွယ် လုပ်နိုင်ခဲ့တယ်။ အန်ဇေနဲ့ တွေ့ခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပေမဲ့ ခွင့်ပြုချက် မရခဲ့ဘူး။

အရင်ထုတ်ပြန်ခဲ့တဲ့ သတင်းအတိုင်း အန်ဇေဟာ ကီရို့ဗ်မြို့က သူ့အိမ်နဲ့ တခြား ၁၈ ယောက်ရဲ့ နေအိမ်ကို ရဲတွေနဲ့ မျက်နှာဖုံးတပ်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန်မှာ အဖမ်းခံခဲ့ရတယ်။ ဘုရားနိုင်ငံတော်သီချင်း သီဆိုမှု၊ ဘာသာရေးစာပေတွေ လေ့လာမှုကြောင့် အန်ဇေကို ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်တယ်။

အန်ဇေနဲ့အတူ ကီရို့ဗ်မြို့က ညီအစ်ကိုလေးယောက် (၄၄ နှစ်အရွယ် မာ့ခ်စင်း ခါတူးရင်၊ အသက် ၆၆ နှစ်အရွယ် ဗလာဒီမာ ခိုရိုဘေနီကို့ဗ်၊ အသက် ၂၆ နှစ်အရွယ် အန်ဒရေ ဆူဗာကို့ဗ်၊ အသက် ၄၁ နှစ်အရွယ် အီဂင်ညီ ဆူဗာကို့ဗ်) ဟာ ပြီးခဲ့တဲ့နှစ်မှာ အဖမ်းခံရပြီး စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ခံထားရတယ်။ အဲဒီနောက်ပိုင်း သူတို့ကို နေအိမ်အကျယ်ချုပ်နဲ့ ထားတယ်။ အန်ဇေနဲ့ အဲဒီညီအစ်ကိုလေးယောက်ဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးရဲ့ စီရင်ချက်ကို စောင့်ဆိုင်းနေပါတယ်။

ဒီနှစ်မှာ ရုရှားအာဏာပိုင်တွေက ကီရို့ဗ်မြို့က နောက်ထပ် ညီအစ်ကို ခုနစ်ယောက်ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်တယ်။ အသက် ၇၀ အရွယ် ယီဂျနီ အူဒင်တဆဗ်လည်း ပါတယ်။ အခု ကီရို့ဗ်မြို့က ယေဟောဝါသက်သေ ၁၂ ယောက်ဟာ ယုံကြည်ခြင်းအတိုင်း ကျင့်သုံးမှုကြောင့် ရာဇဝတ်မှုနဲ့ တရားစွဲဆို ခံနေရတယ်။

အန်ဇေ၊ အန်နာနဲ့ ရုရှားက ကျွန်တော်တို့ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ပတ်သက်ပြီး ဒီကျမ်းစာ သတိပေးချက်ကို ကျွန်တော်တို့ မမေ့ကြဘူး– “အကျဉ်းကျနေတဲ့သူတွေကို ကိုယ်လည်း သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး သတိရကြပါ။ သူတို့နဲ့အတူ ဒုက္ခခံစားနေရသလိုမျိုး ညှဉ်းဆဲခံရသူတွေကို သတိရကြပါ။”—ဟီဘရူး ၁၃:၃၊ အောက်ခြေမှတ်ချက်။