မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ စတူပနီကို့နဲ့ ဇနီး အော်လ်ဂါ

မေ ၁၈၊ ၂၀၂၁
ရုရှား

ညီအစ်ကို အန်ဒရေ စတူပနီကို့ ယေဟောဝါကို ယုံကြည်အားကိုးပြီး အမှု ဆက်ရင်ဆိုင်နေ

ညီအစ်ကို အန်ဒရေ စတူပနီကို့ ယေဟောဝါကို ယုံကြည်အားကိုးပြီး အမှု ဆက်ရင်ဆိုင်နေ

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ တရားစီရင်ရေး နယ်မြေ ၈ အယူခံတရားရုံးက ညီအစ်ကို အန်ဒရေ စတူပနီကို့ရဲ့ ဒုတိယအယူခံကို ပယ်ချလိုက်ပါတယ်။ သူ ဆက်ထောင်ကျနေပါတယ်။

၂၀၂၁၊ စက်တင်ဘာ ၇ ရက်မှာ ကရာနိုယာ့စ်ဒေသ တရားရုံးက အန်ဒရေရဲ့ အယူခံကို ပယ်ချလိုက်ပြီး မူလထောင်ဒဏ်ကို အတည်ပြုလိုက်ပါတယ်။

၂၀၂၁၊ ဇွန် ၃ ရက်မှာ ကရာနိုယာ့စ် ဇလက်နိုဒရော်ဇက်နီ ခရိုင်တရားရုံးက အန်ဒရေကို ထောင်ဒဏ် ခြောက်နှစ် စီရင်ချက်ချလိုက်ပါတယ်။ တရားခွင်ကနေ ထောင်ကို တန်းခေါ်သွားကြတယ်။

ကိုယ်ရေးအကျဉ်း

အန်ဒရေ စတူပနီကို့

  • မွေးဖွားတဲ့နှစ်။ ၁၉၇၃ (နာရိစ်ခ်မြို့၊ ကရာနိုယာ့စ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ရေနံနဲ့ ဓာတ်ငွေ့ တူးဖော်တဲ့ အင်ဂျင်နီယာပါ။ ၁၉၉၃ ခုနှစ်မှာ အော်လ်ဂါနဲ့ လက်ထပ်တယ်။ ပန်းချီဆွဲတာ၊ အပြင်ထွက်လည်ရတာ ဝါသနာပါတယ်။

    ကလေးဘဝကတည်းက ဘုရားသခင်အကြောင်း စိတ်ဝင်စားတယ်။ ချေချင်းညာဒေသမှာ နေထိုင်စဉ် ပထမ ချေချင်းညာစစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သူပါ။ အဖြစ်ဆိုးတွေ ဘာကြောင့် ဖြစ်ရသလဲ၊ ဘုရားရဲ့ ကာကွယ်စောင့်ရှောက်မှု ဘယ်လို ရနိုင်မလဲဆိုတာ သိချင်တယ်။ လင်မယားနှစ်ယောက် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာတယ်။ ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံနေကြောင်း၊ ကျမ်းစာအကြံပြုချက်တွေက အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးကြောင်း သိလိုက်ရလို့ အံ့ဩသွားကြတယ်။

အမှုနောက်ကြောင်း

၂၀၁၈၊ ဇူလိုင် ၃ ရက်၊ ကရာနိုယာ့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ညီအစ်ကို စတူပနီကို့ကို ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲတွေ ဖမ်းလိုက်တယ်။ ကရာနိုယာ့စ်ဒေသမှာ ပထမဆုံး အဖမ်းခံ၊ စွဲချက်တင်ခံရတဲ့ ယေဟောဝါသက်သေပါ။ နောက်တစ်ရက်မှာ ကရာနိုယာ့စ် ဇလက်နိုဒရော်ဇက်နီ ခရိုင်တရားရုံးက အန်ဒရေကို အချုပ်ထောင်မှာ ထိန်းသိမ်းထားဖို့ အမိန့်ချတယ်။

ဇနီး အော်လ်ဂါက အန်ဒရေဆီ အားပေးစာတွေ ရေးပို့လေ့ရှိတယ်။ ဒါပေမဲ့ ဇနီးဆီက စာတွေ မရတော့ စိုးရိမ်သွားတယ်။ “လူတစ်ယောက်က လာမေးတယ်– ‘ခင်ဗျားဇနီး ဘာဖြစ်သွားပြီလဲ၊ သိလား’ တဲ့။” ဒါကြောင့် အန်ဒရေ ပိုစိုးရိမ်လာတယ်။ ထောင်အာဏာပိုင်တွေက အော်လ်ဂါရဲ့ စာတွေကို တမင် မပေးဘဲ ထားမှန်း နောက်ပိုင်းမှ သိလိုက်ရတယ်။ “အပြစ်ရှိတယ်လို့ ဝန်ခံမယ်ဆိုရင် ဇနီးနဲ့ ပြန်တွေ့ခွင့်ရမယ်လို့ ပြောကြတယ်။” အန်ဒရေ အလျှော့မပေးပါဘူး။ ယေဟောဝါကို ဆက်ပြီး ယုံကြည်အားကိုးတယ်။ ရှစ်လကြာ ထိန်းသိမ်းခံရပြီးနောက် နေအိမ်အကျယ်ချုပ် လေးလ နေရတယ်။

၂၀၁၉၊ ဇူလိုင် ၂ မှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတယ်။ ဒါပေမဲ့ အင်တာနက် သုံးခွင့်၊ စာပေးစာယူ လုပ်ခွင့် မရှိဘူး။ ဆက်သွယ်ခွင့်တွေ ကန့်သတ်ခံရတယ်။

အမှုရင်ဆိုင်နေရဆဲ ဖြစ်ပေမဲ့ အန်ဒရေကတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့ အခွင့်ထူးကို ဆက်ထိန်းသိမ်းသွားဖို့ပဲ အာရုံစိုက်တယ်။ “ယေဟောဝါအကြောင်း သိရလို့၊ ကျွန်တော့်ဘေးမှာ ဘုရား ရှိနေမှန်း သိရလို့ ဂုဏ်ယူပါတယ်” လို့ ပြောတယ်။

ယေဟောဝါ ကူညီပေးမှာကို အကြွင်းမဲ့ ယုံကြည်အားကိုးတဲ့ အန်ဒရေရဲ့ ပုံသက်သေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—ဆာလံ ၂၈:၇