မာတိကာဆီ ကျော်သွား

အကျယ်ချုပ်ကနေ လွှတ်ပေးကြောင်း စီရင်ချက်ချပြီးနောက် တရားရုံးအပြင်ဘက်မှာ အန်ဒရေနဲ့ ဇနီး ဆဗက်လာနာကို တွေ့ရစဉ်

ဩဂုတ် ၂၂၊ ၂၀၁၉
ရုရှား

ညီအစ်ကို အန်ဒရေ ဆူဗာကို့ဗ်ကို အကျယ်ချုပ်ကနေ လွှတ်ပေးကြောင်း အယူခံတရားရုံး အမိန့်ချ

ညီအစ်ကို အန်ဒရေ ဆူဗာကို့ဗ်ကို အကျယ်ချုပ်ကနေ လွှတ်ပေးကြောင်း အယူခံတရားရုံး အမိန့်ချ

ကီရို့ဗ်မြို့ အယူခံတရားရုံးက အသက် ၂၆ နှစ်အရွယ် ညီအစ်ကို အန်ဒရေ ဆူဗာကို့ဗ်ကို အိမ်အကျယ်ချုပ်ကနေ လွတ်ပေးဖို့ ၂၀၁၉၊ ဩဂုတ် ၁၃ ရက်နေ့မှာ အမိန့်ချလိုက်တယ်။ ညီအစ်ကို ဆူဗာကို့ဗ်ဟာ လွတ်လပ်မှု အတော်အတန် ရရှိပြီဖြစ်ပေမဲ့ စွဲဆိုခံထားရတဲ့ ရာဇဝတ်ပြစ်မှုကတော့ ကျန်ရှိနေသေးတယ်။

အရင်သတင်းမှာ ဖော်ပြခဲ့သလို ၂၀၁၈၊ အောက်တိုဘာ ၉ ရက်နေ့တုန်းက ရဲတွေ၊ မျက်နှာဖုံးတပ် အထူးတပ်ဖွဲ့ဝင်တွေ ကီရို့ဗ်မြို့က အိမ် ၁၉ လုံးကို ဝင်ရောက်စီးနင်းရှာဖွေချိန်မှာ ညီအစ်ကို ဆူဗာကို့ဗ်နဲ့အတူ ပထွေးဖြစ်သူနဲ့ နောက်ညီအစ်ကို သုံးယောက်တို့ အဖမ်းခံခဲ့ရတယ်။

သူ့အိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေမှုပြုလုပ်ချိန်ကို ပြန်စဉ်းစားရင်း ညီအစ်ကို ဆူဗာကို့ဗ် ဒီလိုပြောတယ်– “ကျွန်တော်တို့ရဲ့ အဖိုးတန်ပစ္စည်း အတော်များများကို သိမ်းယူလိုက်ကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဇနီးမောင်နှံ စိုးရိမ်သောက မဖြစ်ကြဘူး။ ရုပ်ပစ္စည်းတွေကို သိပ်တွယ်တာတာမျိုးမရှိဘဲ ရိုးရှင်းတဲ့ဘဝနဲ့နေဖို့ ကျွန်တော်တို့ ကြိုးစားနေကြလို့ပါ။ ‘ကိုယ့်ဘဏ္ဍာရှိတဲ့ နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်’ ဆိုတဲ့ မဿဲ ၆:၂၁ ပါစကားက စိတ်ငြိမ်သက်မှုရှိအောင် ကူညီပေးတယ်။”

အိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် ညီအစ်ကို ဆူဗာကို့ဗ်၊ ပထွေးဖြစ်သူနဲ့ နောက်ညီအစ်ကို သုံးယောက်ဟာ ဘုရားနိုင်ငံတော်သီချင်း သီဆိုမှု၊ ဘာသာရေးစာပေတွေ လေ့လာမှု၊ ရုရှားဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ပိုင်ဆိုင်မှုတို့ကြောင့် ရာဇဝတ်ပြစ်မှုအဖြစ် အမှုဖွင့်တရားစွဲဆို ခံကြရတယ်။ သူတို့ကို လွတ်ပေးမလား၊ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ထားမလားဆိုတာ တရားရုံးက စီရင်ချက် မချမချင်း အကျဉ်းထောင်တစ်ခုမှာ သူတို့အားလုံး ယာယီနေခဲ့ကြရတယ်။

အတွေ့အကြုံကို ညီအစ်ကို ဆူဗာကို့ဗ် ပြန်ပြောပြတယ်– “ယာယီအကျဉ်းခန်းမှာ နှစ်ညနေခဲ့ရတယ်။ အစပိုင်းမှာ ကျွန်တော် တစ်ချိန်လုံး ဆုတောင်းနေခဲ့တယ်။ ကျွန်တော့်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်မယ်၊ ကျွန်တော့်ကို ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ ဘုရားနိုင်ငံတော် သီချင်းတွေကို ပြန်စဉ်းစားပြီး သီဆိုခဲ့တယ်။ သီချင်း အပုဒ် ၅၀ ကျော်လောက်ကို စာသားနဲ့ မှတ်မိနေတယ်။”

တရားရုံးက ညီအစ်ကို ဆူဗာကို့ဗ်နဲ့ တခြားသူတွေကို စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက် ချလိုက်တယ်။ ညီအစ်ကို ဆူဗာကို့ဗ်ဟာ ထောင်ကျနေတဲ့ ပထမအပတ်အတွင်းမှာ တခြားသူတွေကို ကူညီဖို့ အာရုံစိုက်တယ်။ သူ ဒီလိုပြန်ပြောပြတယ်– “ကျွန်တော့်ရဲ့ ဆုတောင်းချက်ထဲမှာ ညီအစ်ကိုတွေကို နာမည်နဲ့ ဆုတောင်းပေးဖို့၊ ကျွန်တော် မှတ်မိတဲ့ လိပ်စာတွေဆီ အားပေးစာရေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုလုပ်လို့ ကျွန်တော် ပျော်ရွှင်နေခဲ့တာ။”—တမန်တော် ၂၀:၃၅

လအတော်ကြာတဲ့အခါ ညီအစ်ကို အန်ဇေ အောနေဇချု့ခ်ကလွဲလို့ ကျန်တဲ့ညီအစ်ကို အားလုံးကို အိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းလဲပေးလိုက်တယ်။ ညီအစ်ကို ဆူဗာကို့ဗ်ကတော့ အကျယ်ချုပ်ကနေ လွတ်ပေးခံရသူတွေထဲက ပထမဦးဆုံးသူပါ။

“နောက်ကြောင်းကို ပြန်ကြည့်လိုက်ရင် ထောင်ထဲမှာနေလိုက်ရတဲ့ အတွေ့အကြုံရသွားတာကို ကျွန်တော် ဝမ်းသာတယ်။ . . . အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ၊ ထောင်ပြန်ကျမလားဆိုတာ မသိနိုင်ဘူး။ ထောင်ကျခဲ့မယ်ဆိုရင်တောင် ယေဟောဝါနဲ့ အဖွဲ့အစည်းရဲ့ ထောက်မမှုကို ရမယ်ဆိုတာ အခု ယုံကြည်စိတ်ချနေပါပြီ။ ထောင်ကျမှာကို စိုးရိမ်ကြောက်ရွံ့တဲ့စိတ် ကျွန်တော့်မှာ မရှိဘူး” လို့ ညီအစ်ကို ဆူဗာကို့ဗ် ပြောတယ်။