မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ် (အလယ်) နဲ့အတူ (ဘယ်မှညာ) သမီး အာလ်ဘီနာ၊ ဇနီး ဆဗက်လာနာ၊ သမီး အင်ဂျလီကာနဲ့ ခင်ပွန်း အနာတိုလီ။ (ကွင်းထဲမှပုံ) ထောင်ကနေ လွတ်လာပြီးနောက် ညီအစ်ကို အန်ဒရေတို့ ဇနီးမောင်နှံ ပြန်လည်ဆုံဆည်းကြ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်
ရုရှား

ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်မှာ ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ်ဟာ သုံးနှစ်ကျော် ထောင်ကျပြီးနောက် ထောင်ကနေ လွတ်လာပါပြီ။

၂၀၁၉၊ အောက်တိုဘာ ၁၆ ရက်မှာ ကာ့စ်ခ်ပြည်နယ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေပြီး စစ်ကြောမေးမြန်းမှုတွေ လုပ်ပြီးနောက် တခြားညီအစ်ကိုတွေနဲ့အတူ အန်ဒရေ အဖမ်းခံခဲ့ရတယ်။ အချုပ်ထောင်မှာ လ ၂၀ နီးပါးနေခဲ့ရပြီး ၂၀၂၁၊ ဇွန် ၃ ရက်မှာ ထောင်ကျသွားတယ်

အန်ဒရေဟာ ယုံကြည်ချက်ကြောင့် ထောင်ကျနေချိန်မှာတောင် ဇနီးဖြစ်သူ ဆဗက်လာနာနဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အင်ဂျလီကာနဲ့ အာလ်ဘီနာတို့ကို ယုံကြည်ခြင်းခိုင်မြဲအောင် အတတ်နိုင်ဆုံး ကူညီပေးခဲ့တယ်။ အန်ဒရေရေးတဲ့ စာတွေထဲမှာ ကျမ်းစာနဲ့ အမြဲအားပေးတယ်။ သမီးဖြစ်သူ အင်ဂျလီကာရဲ့ မင်္ဂလာပွဲအတွက် ဟောပြောချက်ကိုတောင် ထောင်ထဲကနေ စာနဲ့ ရေးပေးခဲ့တယ်။ အင်ဂျလီကာ ဒီလိုပြောတယ်– “သိပ်ကောင်းတဲ့ ဟောပြောချက်ကို အဖေ ရေးပို့ပေးခဲ့တာ။ တက်ရောက်သူ အားလုံးတောင် စိတ်ထိမိသွားတယ်။ . . . မင်္ဂလာပွဲကို အဖေကိုယ်တိုင် တက်နေတယ်လို့ ခံစားရတယ်။”

အန်ဒရေဆီ ထောင်ဝင်စာ သွားတွေ့ဖို့ဆိုရင် ခရီးတစ်ကြောင်းကို ဘတ်စကားနဲ့ ၈ နာရီလောက် သွားရတယ်။ ခရီးသွားရတာ ပင်ပန်းပေမဲ့လည်း ဆဗက်လာနာနဲ့ သမီးနှစ်ယောက်အတွက် ဒေသခံ ညီအစ်ကို/မတွေက နေစရာ၊ စားစရာ ပေးကြတယ်၊ ထောင်ကိုသွားဖို့ ကြိုပို့ပေးကြတယ်။ တချို့ဆိုရင် သားအမိသုံးယောက် အန်ဒရေဆီ ထောင်ဝင်စာ တွေ့ခွင့်ရဖို့ တန်းစီပေးကြတယ်။ တစ်ညလုံး တန်းစီရတဲ့အခါတွေများတယ်လို့ ဆဗက်လာနာ ပြောပြတယ်။

ညီအစ်ကို အန်ဒရေ ထောင်ကလွတ်လာချိန်မှာ ကြိုဆိုနေကြတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ

အန်ဒရေဟာ ထောင်ထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရလို့ ကျန်းမာရေး ထိခိုက်သွားပေမဲ့ ယုံကြည်ခြင်းကတော့ ခိုင်မာနေဆဲပါ။ အန်ဒရေရဲ့ အမူအကျင့်ကောင်း၊ ထောင်အာဏာပိုင်တွေကို လေးစားမှုတွေကြောင့် ထောင်ဝင်စာတွေ့ခွင့်ရတဲ့ အကြိမ်ရေ ပိုများများ ရခဲ့တယ်။ ထောင်ကျခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အန်ဒရေ ဒီလို ပြောပြတယ်– “ကျွန်တော် ဘယ်သူ့ကိုမှ စိတ်နာတာ၊ ဒေါသထွက်တာ၊ မုန်းတီးတာမျိုး မရှိဘူး။ ဘုရားအကူအညီနဲ့ သစ္စာရှိနိုင်ခဲ့တာ၊ ဒါကြောင့် ကျွန်တော် ပျော်တယ်။”

ခရစ်ယာန်မေတ္တာ တင်ပြဖို့ အန်ဒရေရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ယေဟောဝါ ကြွယ်ဝစွာ ဆုချမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၁ ယောဟန် ၄:၁၆