မာတိကာဆီ ကျော်သွား

ဖမ်းဆီးချုပ်နှောင်မခံရမီ ညီအစ်ကို ဗလာဒီမာ အလူရှကင်ကို တွေ့ရစဉ်

နိုဝင်ဘာ ၁၃၊ ၂၀၁၉
ရုရှား

ညီအစ်ကို အလူရှကင်ကို လွှတ်ပေးဖို့ ရုရှားကို ယူအဲန် တောင်းဆို

ညီအစ်ကို အလူရှကင်ကို လွှတ်ပေးဖို့ ရုရှားကို ယူအဲန် တောင်းဆို

မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ (ယူအဲန်) လုပ်ငန်းအဖွဲ့ (WGAD) က ညီအစ်ကို ဗလာဒီမာ အလူရှကင်ကို ရုရှားအစိုးရ မတရား ဖမ်းဆီးထိန်းသိမ်းထားတာကို ရှုတ်ချကြောင်း ၁၂ မျက်နှာရှိ စာတမ်း ထုတ်ဝေခဲ့တယ်။ စာတမ်းမှာ ရုရှားက ညီအစ်ကို အလူရှကင်ကို လွှတ်ပေးပြီး သူ့ရဲ့လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် လျော်ကြေးပေးဖို့ ဖော်ပြထားတယ်။

မျက်နှာဖုံးတပ်ထားပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲသားဆယ်ယောက်ခန့်ဟာ ၂၀၁၈၊ ဇူလိုင် ၁၅ ရက်နေ့မှာ ညီအစ်ကို အလူရှကင်ကို အိမ်မှာ ဖမ်းဆီးခဲ့တယ်။ ရဲတွေဟာ အိမ်ကို လေးနာရီကြာ ရှာဖွေပြီးနောက် လက်ကိုင်ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ကျမ်းစာအုပ်တွေ၊ တခြားစာပေတွေကို သိမ်းယူလိုက်ကြတယ်။ စစ်ဆေးမေးမြန်းဖို့ သူ့ကို ရဲစခန်း ခေါ်သွားတယ်။

ညီအစ်ကို ဗလာဒီမာ အလူရှကင်ကို ၂၀၁၉၊ ဇန်နဝါရီလတုန်းက ပင်ဇာမြို့ ပါဗိုမေစကီ ခရိုင်တရားရုံးမှာ တွေ့ရစဉ်

ဒေသခံအာဏာပိုင်တွေက ညီအစ်ကို အလူရှကင်ကို အချုပ်ခန်းမှာ နှစ်ရက်ချုပ်ထားပြီးနောက် ပင်ဇာမြို့ ပါဗိုမေစကီ ခရိုင်တရားရုံးက စုံစမ်းစစ်ဆေးခြင်းမရှိဘဲ နှစ်လကြာဖမ်းချုပ်ထားဖို့ အကျဉ်းထောင်ကို လွှဲပြောင်းလိုက်တယ်။ တရားရုံးက ညီအစ်ကို အလူရှကင်ကို ချုပ်နှောင်သက်တမ်း နှစ်ကြိမ် ထပ်တိုးခဲ့တယ်။ အကျဉ်းထောင်မှာ ခြောက်လနီးပါး နေရပြီးနောက် နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းပေးလိုက်တာ အခုအချိန်အထိပါပဲ။

ညီအစ်ကို အလူရှကင်ဟာ မိမိမှာ အပြစ်မရှိကြောင်း တရားရုံးကို သိစေချင်တဲ့အတွက် WGAD ထံ အယူခံဝင်လိုက်တယ်။ ယူအဲန် လူ့အခွင့်အရေး ကောင်စီအတွက် လုပ်ဆောင်ပေးနေတဲ့ WGAD အဖွဲ့က လူ့အခွင့်အရေး ပညာရှင်တွေဟာ ရဲတွေရဲ့ မတရား ဖမ်းဆီးခံရပြီး နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ပေးခံရသူ၊ အမှုမဆိုင်ရဘဲ ထောင်ကျသူ၊ အမှုရင်ဆိုင်ပြီးနောက် ထောင်ကျသူ တစ်ဦးစီရဲ့ အမှုတွေကို ကိုင်တွယ်ပေးကြပါတယ်။

ညီအစ်ကို အလူရှကင်ဟာ အစွန်းရောက်လုပ်ရပ်မှာ ပါဝင်ပတ်သက်တယ်လို့ ဖော်ပြထားတဲ့ ရုရှားအစိုးရရဲ့ စွပ်စွဲချက်ကို သုံးသပ်ပြီးနောက် WGAD ဒီလို ကောက်ချက်ချတယ်– “မစ္စတာ အလူရှကင် ပါဝင်ပတ်သက်တဲ့ လုပ်ဆောင်မှုအားလုံးက ငြိမ်သက်အေးချမ်းတဲ့ ဘာသာရေးဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ခြင်းပါပဲ။ မစ္စတာ အလူရှကင်ဟာ [ရုရှားနိုင်ငံကိုယ်၌ သဘောတူထားတဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ] ပဋိညာဉ်စာတမ်း၊ အပိုဒ် ၁၈ မှာ ဖော်ပြထားတဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကျင့်သုံးတာကလွဲလို့ တခြားဘာမှမလုပ်ခဲ့ကြောင်း လုပ်ငန်းအဖွဲ့က ရှင်းရှင်းလင်းလင်း တွေ့မြင်ပါတယ်။” ဒါကြောင့် “မစ္စတာ အလူရှကင်ကို စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်း မပြုသင့်ဘူး၊ အမှုမရင်ဆိုင်သင့်ဘူးလို့ လုပ်ငန်းအဖွဲ့က အလေးပေးဖော်ပြလိုပါတယ်” လို့ သဘောထား ထုတ်ပြန်ထားပါတယ်။ ဒီအပြင် “မစ္စတာ အလူရှကင်ကို တရားစွဲဆိုထားခြင်းကို အချိန်မဆွဲဘဲ အဆုံးသတ်ပေးဖို့၊ အသင့်လျော်ဆုံးနည်းက မစ္စတာ အလူရှကင်ကို ချက်ချင်းလွှတ်ပေးဖို့” WGAD က ရုရှားအစိုးရကို တောင်းဆိုထားပါတယ်။

ရှရှားနိုင်ငံမှာ ညီအစ်ကို အလူရှကင်ရဲ့အမှုမျိုး တစ်ခုတည်း မဟုတ်ကြောင်းကိုလည်း WGAD က အသိအမှတ်ပြုထားတယ်။ “နိုင်ငံတကာ ဥပဒေမှာ ကာကွယ်ပေးထားတဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကျင့်သုံးရုံနဲ့ ဖမ်းဆီး ချုပ်နှောင်ခံရပြီး ရာဇဝတ်မှုအဖြစ် တရားစွဲဆိုခံရတဲ့ ယေဟောဝါသက်သေတွေ ရုရှားဖယ်ဒရေးရှင်းမှာ ပိုပိုများလာနေပါတယ်။ သူက အဲဒီထဲက တစ်ယောက်ပါ။ ဒါကြောင့် ရုရှားနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ညှဉ်းပန်းနှိပ်စက်မှု ပိုပိုများလာတာကို ရှုတ်ချတဲ့အနေနဲ့ ညီအစ်ကို အလူရှကင်ရဲ့ အမှုတစ်ခုတည်းကိုသာမက ရုရှားနိုင်ငံမှာ “မစ္စတာ အလူရှကင်လိုမျိုး ဆင်တူတဲ့အခြေအနေ” ရင်ဆိုင်နေရတဲ့ ယေဟောဝါသက်သေ အားလုံးအတွက်ပါ WGAD က သဘောထား ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့တယ်။

WGAD ရဲ့ သဘောထားကို ရုရှားအစိုးရဘက်က အရေးယူ လုပ်ဆောင်ခြင်း မရှိသေးပါဘူး။ အဲဒီအစား ပင်ဇာမြို့က ရုရှားအာဏာပိုင်တွေဟာ ညီအစ်ကို အလူရှကင်ရဲ့အမှုကို ၂၀၁၉၊ ဩဂုတ်လမှာ ကြားနာခဲ့ကြတယ်။ ၂၀၁၉၊ နိုဝင်ဘာ ၁၅၊ ၁၉၊ ၂၂ ရက်တို့မှာ အမှုဆက်ကြားနာဖို့ စီစဉ်ထားကြတယ်။

ညီအစ်ကို အလူရှကင်ရဲ့အမှုကို အပြီးသတ်ကြားနာချိန်မှာ WGAD ရဲ့ သဘောထားကို ရုရှားတရားရုံးက သုံးသပ်ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဆာလံဆရာလိုပဲ “ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။ . . . ကူညီမစရှင်အဖြစ် ငါ့ဘေးမှာ ယေဟောဝါရှိတယ်။ . . . ယေဟောဝါဆီမှာ ခိုလှုံတာ ပိုကောင်းတယ်” ဆိုတာကို အပြည့်အဝ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၁၈:၆-၉