မာတိကာဆီ ကျော်သွား

ညီအစ်မ လာရီဆာ အာတာမိုနိုဗာ

၂၀၂၁၊ ဖေဖော်ဝါရီ ၁၅
ရုရှား

ညီအစ်မ လာရီဆာ အာတာမိုနိုဗာ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ချမှတ်ခံရ

ညီအစ်မ လာရီဆာ အာတာမိုနိုဗာ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ချမှတ်ခံရ

စီရင်ချက်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင် တရားရုံးက ညီအစ်မ လာရီဆာ အာတာမိုနိုဗာရဲ့ အမှုကို စီရင်ချက် ချတယ်။ ထောင်ဒဏ် ခြောက်နှစ်ထိ ကျခံနိုင်ပေမဲ့ တရားရုံးက ရူဘယ် ၁၀၀၀၀ (ယူအက်စ် ဒေါ်လာ ၁၃၅) ဒဏ်ငွေ ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

လာရီဆာ အာတာမိုနိုဗာ

  • မွေးဖွားတဲ့နှစ်– ၁၉၇၀ (ဘိုင်ရိုဘစ်ဇန်၊ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ– သုံးနှစ်သမီးအရွယ်မှာ အဖေ အသတ်ခံရတယ်။ စားဖိုမှူး၊ ဂရပ်ဖစ် ဒီဇိုင်နာ၊ စက်ချုပ်သမားအဖြစ် လာရီဆာ အလုပ်လုပ်တယ်။ ၁၉၉၀ မှာ အိမ်ထောင်ကျတယ်။ ယေ့ဗ်ယီနီလို့ ခေါ်တဲ့ သားတစ်ယောက် ရှိတယ်။ သားမှာ ရှားပါးရောဂါတစ်မျိုး ခံစားနေရတယ်။ လာရီဆာမှာလည်း ကိုယ်ခံအား မူမမှန် ရောဂါ ရှိလို့ အဆစ်အမြစ်တွေ နာကျင်နေတယ်။ ကျန်းမာရေး မကောင်းပေမဲ့ တက်တက်ကြွကြွ နေတယ်။ စက်ဘီး၊ စကိတ်၊ ရေခဲပြင်လျှောစီးတာ၊ ပုံဆွဲတာ ဝါသနာ ပါတယ်

    မတရားမှု၊ ဝမ်းနည်းမှု၊ ဆိုးသွမ်းမှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကြောင့် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာဖြစ်တယ်။ ကျမ်းစာထဲက စိတ်ကျေနပ်ဖွယ် အဖြေတွေ ရပြီးနောက် ၁၉၉၅ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ စက်တင်ဘာ ၂၅ မှာ ညီအစ်မ လာရီဆာ အာတာမိုနိုဗာကို ရုရှားအာဏာပိုင်တွေ ရာဇဝတ်မှုနဲ့ တရားစွဲတယ်။ သားကိုလည်း ရာဇဝတ်မှုနဲ့ပဲ သီးသန့် တရားစွဲတယ်။ “အစွန်းရောက်” အဖွဲ့အစည်း လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ တရားစွဲခံရတဲ့ သက်သေခံ ၂၂ ယောက်ထဲမှာ လာရီဆာတို့ သားအမိလည်း ပါတယ်။

ဘာသာရေး ယုံကြည်ချက်ကြောင့် ထောင်ခြောက်နှစ် ချမှတ်ခံရမှာကို လာရီဆာရဲ့ အမေနဲ့ ပထွေး အံ့ဩကြတယ်။ လာရီဆာရဲ့ အဖေကို သတ်သွားသူနဲ့ ထောင်ဒဏ် အတူတူပဲ။

ဘိုင်ရိုဘစ်ဇန်ဒေသမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ မစခင်လေးမှာ လာရီဆာတို့ သားအမိ ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ခဲ့တယ်။ “ယေဟောဝါရဲ့ လုပ်ငန်းမှာ အလုပ်များနေတာ၊ ကိုယ်တိုင်နဲ့ မိသားစုရဲ့ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ထားတာက မကြောက်ဖို့ ကူညီပေးတယ်။ ခရစ်ယာန် လုပ်ဆောင်မှုတွေကြောင့် လွတ်လပ်မှု ဆုံးရှုံးနိုင်တယ်လို့ ကျွန်မတို့ ထင်လာအောင် နှိပ်စက်ညှဉ်းပန်းသူတွေကို စာတန် သုံးနေတယ်။ ဒါပေမဲ့ မိမိ အလိုတော်အတိုင်းသာ အမြဲ လုပ်ရင် တကယ် လွတ်လပ်မယ်လို့ ယေဟောဝါ အာမခံတယ်” ဆိုပြီး လာရီဆာ ပြောတယ်။

ဘိုင်ရိုဘစ်ဇန်ဒေသက တရားစွဲခံရတဲ့ ညီအစ်ကို ညီအစ်မ ၂၂ ယောက်ဟာ မိမိတို့ရဲ့ သစ္စာရှိမှုကို ယေဟောဝါ နှစ်သက်ကြောင်း၊ စာတန့် ကဲ့ရဲ့မှုကို ချေပနေတာ ဖြစ်ကြောင်း ယုံကြည်စိတ်ချနေကြတယ်။—ပညာ. ၂၇:၁၁