မာတိကာဆီ ကျော်သွား

ညီအစ်မ အော်လဂါ အီဗန်နိုဗာ ထောင်ကထွက်လာပြီးနောက် ထောင်ဒဏ် ရှစ်နှစ်ကျခံနေတဲ့ ခင်ပွန်းဖြစ်သူ ယေ့ဗ်ဂျနီ ပေးပို့လိုက်တဲ့ ပန်းစည်းကို ကိုင်ထား

၂၀၂၄ ခုနှစ်၊ ဇွန် ၁၃ ရက်
ရုရှား

ညီအစ်မ အော်လဂါ အီဗန်နိုဗာ ရုရှားထောင်ကနေ လွတ်လာ

ညီအစ်မ အော်လဂါ အီဗန်နိုဗာ ရုရှားထောင်ကနေ လွတ်လာ

၂၀၂၄ ခုနှစ်၊ ဇွန် ၁၁ ရက်မှာ ရုရှားနိုင်ငံ၊ ဇာရိုကမ်ရှ်မြို့ အကျဉ်းထောင်ကနေ ညီအစ်မ အော်လဂါ အီဗန်နိုဗာ လွတ်လာပါပြီ။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တုန်းက ညီအစ်မ အော်လဂါကို အပြစ်ရှိတယ်လို့ စီရင်ပြီး ထောင်ဒဏ် သုံးနှစ်နဲ့ခြောက်လ ချမှတ်ခဲ့တာပါ။ ထောင်မကျခင် နေအိမ်အကျယ်ချုပ်နဲ့ တစ်နှစ်နဲ့လေးလကျော် နေခဲ့ရလို့ အခု ထောင်ဒဏ်စေ့သွားပါပြီ။ ခင်ပွန်းဖြစ်သူ ယေ့ဗ်ဂျနီကိုလည်း အပြစ်ရှိတယ်လို့ စီရင်ပြီး အခုလောလောဆယ် ထောင်ဒဏ်ရှစ်နှစ် ကျခံနေပါတယ်။

အော်လဂါ အီဗန်နိုဗာ ထောင်ကနေ လွတ်လာပြီးနောက် မိတ်ဆွေနဲ့ မိသားစုတွေ ကြိုဆိုနေကြ

ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေက အော်လဂါကို တစ်ရက်ကို ၁၂ နာရီ၊ တစ်ပတ်မှာ ၆ ရက် အလုပ်ကြမ်း လုပ်ခိုင်းကြတယ်။ ရုရှားတစ်ခွင်က တခြားထောင်တွေဆီလည်း ပြောင်းရွှေ့ခံရတယ်။ ဒါကြောင့် အော်လဂါကို ထောင်ဝင်စာလာတွေ့ပြီး ကူညီပေးနေတဲ့ မိခင်၊ မုဆိုးမဖြစ်သူ စဗယ်လာနာ အတွက် အတော်ခက်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီ ခံစားရပုံကို စဗယ်လာနာ ဒီလိုပြောပြတယ်– “သမီးကို နောက်မြို့တစ်မြို့ဆီ ပြောင်းရွှေ့လိုက်တိုင်း ဒေသခံ ညီအစ်ကို/မတွေက သမီးကို မေတ္တာနဲ့ ကူညီပေးကြတယ်။ အစားအစာနဲ့ လိုအပ်ရာတွေပေးဖို့ နာရီနဲ့ချီ တန်းစီရပေမဲ့လည်း ဖြစ်နိုင်တဲ့အခါတိုင်း ညီအစ်ကို/မတွေက သမီးဆီ သွားလည်ပတ်ကြတယ်။ ကျွန်မက သမီးကိုတွေ့ဖို့ သွားတဲ့အခါမှာလည်း ကျွန်မ တည်းခိုဖို့ နေရာပေးတဲ့အပြင် ကျွန်မ လိုအပ်တာမှန်သမျှပါ ညီအစ်ကို/မတွေ အမြဲကူညီပေးကြတယ်။ ဒီလိုမေတ္တာမျိုး ဘယ်မှာတွေ့နိုင်မလဲ။”

အော်လဂါနဲ့ ခင်ပွန်း ယေ့ဗ်ဂျနီ ထောင်မကျခင်က

ထောင်ကျနေချိန်မှာ အော်လဂါကို မေတ္တာနဲ့စောင့်ရှောက်ပေးခဲ့တဲ့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အော်လဂါ ထောင်ကနေလွတ်လာလို့လည်း ကျွန်တော်တို့ ဝမ်းသာတယ်။ အော်လဂါရဲ့ခင်ပွန်း အပါအဝင် လောလောဆယ် ထောင်ကျနေသူ အားလုံးအတွက်လည်း ဆက်ဆုတောင်းပေးနေပါတယ်။ ယေဟောဝါက သူတို့ကိုလည်း ခိုင်မြဲတဲ့မေတ္တာ ဆက်ပြမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—ကမ္ဘာဦး ၃၉:၂၁